Idiopathic thrombocytopenic purpura (သွေးဥမွှားနည်းခြင်း)
19-Nov-2016
သွေးခဲစေသော ပစ္စည်းများတွင် အရေးပါသော သွေးဥမွှားအရေအတွက် ပုံမှန်ထက် များစွာလျော့နည်းနေသော ရောဂါဖြစ်သည်။ ကလေးရော လူကြီးတွင်ပါ ဖြစ်ပွားပြီး ကလေးများတွင် အများအားဖြင့် ကုသခံယူရန် မလိုအပ်ဘဲ ပြန်ကောင်းသွားတတ်သည်။ လူကြီးများတွင်မူ နာတာရှည်ရောဂါအဖြစ် ကျန်ရှိနေတတ်သည်။
လက္ခဏာများ
အချို့သူများတွင် ရောဂါလက္ခဏာကို မတွေ့ရတတ်ပေ။
လက္ခဏာများအနေဖြင့်မူ
• တခုခုနှင့် ထိခိုက်မိပါက အလွယ်တကူ သွေးချည်ဥခြင်း
• အရေပြားတွင်း သွေးယိုစီးခြင်းကြောင့် အရေပြားပေါ်တွင် အနီစက်များပေါ်ခြင်း ( ခြေထောက်များတွင် အဖြစ်များသည်)
• အနာဖြစ်ပါက သွေးတိတ်နှေးခြင်း
• မကြာခဏ နှာခေါင်းသွေးယိုတတ်ခြင်း
• သွားဖုံးကို ထိခိုက်မိပါက အလွယ်တကူ သွားဖုံးသွေးယိုတတ်ခြင်း
• ဆီးနှင့် ဝမ်းတွင် သွေးပါတတ်ခြင်း
• ရာသီသွေးများခြင်း
• မောပန်းလွယ်ခြင်း တို့ကို ကြုံတွေ့ရတတ်သည်။
ဖြစ်ပွားရသော အကြောင်းရင်းများ
ဖြစ်ပွားရသော အကြောင်းရင်းကို သေချာစွာ မသိရသေးပေ။ သွေးဥမွှားအရေအတွက် ပုံမှန်ထက်နည်းခြင်းကြောင့် သွေးထွက်ခြင်း၊ သွေးချည်ဥခြင်းတို့ အလွယ်တကူဖြစ်ပေါ်စေသည်။ သွေးဥမွှားနည်းသောရောဂါရှိသည့် ကလေးများတွင် ပါးချိတ်ရောင်ခြင်း၊ ဖျားနာခြင်းတို့ကဲ့သို့သော ဗိုင်းရပ်စ်ပိုးဝင်ခြင်းကြောင့် ရောဂါလက္ခဏာများ ပေါ်ပေါက်လာတတ်သည်။
အဖြစ်များသူများ
အသက်အရွယ်မရွေးဖြစ်တတ်ပြီး အမျိုးသမီးများ၊ ပါးချိတ်ရောင်သူများ၊ ဝက်သက်နှင့် အသက်ရှူလမ်းကြောင်း ဆိုင်ရာဗိုင်းရပ်စ်ပိုးဝင်သူများတွင် အဖြစ်များသည်။
နောက်ဆက်တွဲပြဿနာများ
နောက်ဆက်တွဲ ပြဿနာများအနေဖြင့် ကိုယ်တွင်းအင်္ဂါများတွင် သွေးယိုခြင်း၊ ဦးနှောက်အတွင်း သွေးယိုခြင်းတို့ကြောင့် အသက်ဆုံးရှံူးနိုင်ပါသည်။ကိုယ်ဝန်ဆောင်မိခင်များတွင်မူ သွေးတွင်း ခုခံအား Antibodies များ မွေးဖွားချိန်တွင် အချင်းမှတဆင့် ဖြတ်ကာ ကလေးထံသို့ရောက်ရှိပြီး ကလေးတွင်ပါ သွေးဥမွှားအရေအတွက်နည်းစေသည်။မိခင်တွင် သွေးဥမွှားအရေအတွက် အလွန်နည်းပါးပါက ကလေးမွေးဖွားချိန်တွင် သွေးအလွန်အကျွံထွက်ခြင်းကို ဖြစ်ပေါ်စေသည်။
စစ်ဆေးမှုများ
ဆရာဝန်နှင့် ပြသကာ ရောဂါရာဇဝင်မေးမြန်းခြင်း၊ လိုအပ်သော စမ်းသပ်မှုများ ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်နို်င်သည်။
ထို့ပြင်
- သွေးနီဥ၊ သွေးဖြူဥနှင့် သွေးဥမွှား အရေအတွက်ကို စစ်ဆေးခြင်း ( Complete blood count and blood smear )
- ရိုးတွင်းချဉ်ဆီထုတ်ယူ စစ်ဆေးခြင်း တို့ကို ပြုလုပ်နိုင်သည်။
ကုသခြင်း
ကလေးများတွင် အများအားဖြင့် ကုသမှုခံယူရန် မလိုအပ်ဘဲ ပြန်လည်ကောင်းသွားတတ်သည်။ ITP ဖြစ်နေသော ကလေးများ၏ ၈၀%မှာ ၆ လအတွင်း လုံးဝ ပျောက်ကင်းသွားတတ်သည်။ နာတာရှည် ITP ဖြစ်သောကလေးများတွင်ပင် နှစ်ပေါင်းများစွာ ကြာပါက ပျောက်ကင်းနိုင်သေးသည်။လူကြီးများတွင်ဖြစ်ပွားလျှင်မူ ရောဂါလက္ခဏာမပြင်းထန်ပါက သွေးဥမွှားပမာဏကို ပုံမှန်စောင့်ကြည့် စစ်ဆေးရန်သာလိုအပ်သည်။
လက္ခဏာများပြင်းထန်ပါက လိုအပ်သော ဆေးကုသမှုများသောက်သုံးခြင်း၊ သွေးဥမွှား၏ လုပ်ငန်းဆောင်တာများကို အနှောင့်အယှက်ဖြစ်စေသော ဆေးများကို ရပ်တန့်ခြင်းတို့ကို ပြုလုပ်ရမည်။သောက်ဆေးများဖြင့် ကုသ၍မရနိုင်သည်အထိ အလွန်ပြင်းထန်ပါက ဘေလုံး (Spleen)ကို ခွဲစိတ်ဖယ်ရှားနိုင်သည်။ ဘေလုံးဖယ်ရှားထားခြင်းကြောင့် ရောဂါပိုးများ အလွယ်တကူ ဝင်ရောက်နို်င်ပါသည်။ သွေးဥမွှားနည်းပါးခြင်းကြောင့် သွေးအလွန်အကျွံထွက်ခြင်းသည် အသက်အန္တရာယ်ကို ထိခိုက်စေနို်င်သောကြောင့် နီးစပ်ရာ ဆေးရုံဆေးခန်းသို့ အမြန်ဆုံးသွားရောက် ကူသမှု ခံယူရန် လိုအပ်သည်။
Ref: Mayo Clinic
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
