သဘာဝအတိုင်း သားဆက်ခြားနည်း
28-Feb-2017
သဘာဝအတိုင်း သားဆက်ခြားနည်း
ဒီနည်းလမ်းကို အသုံးပြုဖို့အတွက် အမျိုးသမီးရဲ့ရာသီစက်ဝန်းဟာ လစဉ် ၂၈ရက် တစ်ခါ ပုံမှန်ဖြစ်ရပါမယ်။ ၂၆ရက်အောက်စောပြီး ရာသီလာတာ၊ ၃၂ရက်ကျော်လွန်ပြီးမှ ရာသီလာတဲ့ အမျိုးသမီးတွေမှာဆိုရင်တော့ ထိရောက်မှုနည်းပါမယ်။ လတ်တလော ကလေးမီးဖွားထားတဲ့ အမျိုးသမီးများ၊ နို့တိုက်မိခင်များ၊ လတ်တလော ကိုယ်ဝန်ပျက်ကျထားတဲ့ အမျိုးသမီးများဟာ ဒီနည်းလမ်းကို မသုံးသင့်ပါ။
ရာသီစလာတဲ့ပထမဆုံးရက်ဟာ ရာသီစက်ဝန်းရဲ့ ရက်နံပါတ် ၁ ပါ။ ၂၈ရက် တစ်ခါ ပုံမှန်ရာသီလာတဲ့ အမျိုးသမီးများအတွက် အမျိုးသားနဲ့တူတူ နေလို့ရမယ့်ရက်တွေကတော့ ရာသီစလာတဲ့ရက်ကနေ ရေလျှင် ရရက်မြောက်နေ့အထိပါ။ ၈ရက်မြောက်နေ့ကနေ ၂ဝရက်မြောက်နေ့အတွင်းမှာတော့ အတူနေလို့ မရပါ။ နေဖြစ်မယ်ဆိုလျှင် အကာအကွယ် (ကွန်ဒုံး) အသုံးပြုရပါမယ်။ ရာသီပထမဆုံးစလာတဲ့ရက်မှာ ကိုယ်ဝန်ရနိုင်ချေ အနည်းဆုံးပါ။ လုံးဝမရဟု မပြောပါ။ နောက်ပိုင်းရက်ကို ရောက်လာတာနဲ့အမျှ ကိုယ်ဝန်ရနိုင်ချေ တိုးလာပါတယ်။ ဒီနည်းလမ်းဟာ မှန်မှန်ကန်ကန် အသုံးပြုရင် ကိုယ်ဝန်ရနိုင်တာကို ၇၅% ကာကွယ်နိုင်ပါတယ်။
နောက်နည်းလမ်းတစ်ခုကတော့ မိန်းမအင်္ဂါပြင်ပမှာ သုတ်လွှတ်တာပါ။ အတူတူနေချိန် သုတ်လွှတ်ခါနီးမှာ လိင်တံကို မိန်းမအင်္ဂါမှ ထုတ်ပြီး အပြင်မှာ သုတ်လွှတ်ရပါမယ်။ အမျိုးသားဟာ သုတ်လွှတ်ပြီးတိုင်းမှာလည်း ဆီးသွားရပါမယ်။ အမျိုးသားတို့ရဲ့ ဆီးလမ်းကြောင်းဟာ သုတ်သွားရာလမ်းကြောင်းနဲ့ အတူတူပါ။ သုတ်လွှတ်ပြီးတိုင်း ဆီးသွားခြင်းဟာ လမ်းကြောင်းမှာ သုတ်ကောင်တွေ စုမနေအောင် ပြုလုပ်တာပါ။ မှန်မှန်ကန်ကန် အသုံးပြုလျှင် ဒီနည်းလမ်းဟာလည်း ကိုယ်ဝန်ရတာကို ၇၃%ပဲ ကာကွယ်နိုင်ပါတယ်။
သဘာဝအတိုင်း သားဆက်ခြားနည်းဟာ ကုန်ကျစရိတ် မရှိသလောက်ပါ။ သောက်ဆေး၊ ထိုးဆေးမပါတဲ့အတွက် ဆေးရဲ့ဘေးထွက်ဆိုးကျိုးကိုလည်း မခံရပါ။ သို့သော် အခြားသားဆက်ခြားနည်းများနှင့်ယှဉ်လျှင် ကိုယ်ဝန်ရသွားနိုင်နှုန်းဟာ များပါတယ်။ ဒါကြောင့် အတူတူနေချိန်မှာ သုံးနေတဲ့နည်းလမ်း မမှန်ဟုထင်လျှင်၊ ကိုယ်ဝန်ရနိုင်ချေရှိတယ်ဟု ယူဆလျှင်၊
ရက်တွက်မှားသွားလျှင် အရေးပေါ်သန္ဓေတားဆေးကို အမြန်ဆုံးသောက်ရန် လိုပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit :
Dr.Jink
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
