Emphysema (အဆုတ်တွင်းလေအိတ်များ ပျက်စီးခြင်း)
27-Oct-2016
အဆုတ်တွင်းရှိလေအိတ်များ ပျက်စီးသောရောဂါ (Emphysema) သည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ဆိုးဝါးသော ရောဂါတစ်မျိုးဖြစ်သည်။ အဆုတ်တွင်းရှိလေအိတ်နံရံများ ပျက်စီး ပေါက်ထွက်ခြင်းကြောင့် အဆုတ်တွင်း မျက်နှာပြင်သေးသွားကာ၊ သွေးတွင်းသို့ ပို့သော အောက်ဆီဂျင်ပမာဏလည်း နည်းသွားသည်။ ဆေးကုသပါက ပိုမိုမဆိုးရွားအောင်သာ ထိန်းနိုင်ပြီး မူလအတိုင်းပြန်ကောင်းအောင် မလုပ်နိုင်ပေ။
လက္ခဏာများ
• အသက်ရှူရာတွင် မောခြင်း
• အပင်ပန်းမခံနိုင်ခြင်း
• နေ့စဉ်လုပ်ငန်းများကိုပင် မလုပ်နိုင်တော့ခြင်း
• နောက်ပိုင်းတွင် နားနေလျှက်ပင်မောခြင်း တို့ကို တဖြည်းဖြည်းချင်း ကြုံတွေ့ရမည်။
ဖြစ်ပွားရသော အကြောင်းရင်းများ
• အဓိက ဖြစ်ပွားစေသော အကြောင်းရင်းမှာ လေထုမှညစ်ညမ်းသော အငွေ့များကို အချိန်ကြာမြင့်စွာ ရှူရှိုက်နေရခြင်းကြောင့်ဖြစ်သည်။
• ဆေးလိပ်သောက်ခြင်း၊ လေထုညစ်ညမ်းခြင်းနှင့် ဓာတုဆေးနံ့များကို များစွာကို ထိတွေ့ကိုင်တွယ် နေရခြင်းတို့ကြောင့်ဖြစ်သည်။
• မျိုးရိုးဗီဇဆို်င်ရာ ပရိုတင်း တစ်မျိုးဖြစ်သော alpha-1-antitrypsin အားနည်းခြင်းကြောင့်လည်း ဖြစ်ပွားနိုင်သည်။
ဖြစ်နိုင်ချေများသူများ
• ဆေးလိပ်သောက်သူများ၊ ဆေးလိပ်ငွေ့ကို နေ့စဉ်ရှူရှိုက်နေရသူများ
• အသက် ၄၀နှင့် ၆၀ ကြားရှိသူများနှင့်
• အိမ်ပတ်ဝန်းကျင်တွင် မီးခိုးငွေ့များကို နေ့စဉ်ရှူရှိုက်နေရသူများတွင် အဖြစ်များသည်။
ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ
အကြောင်းရင်းရှာဖွေ၍ မရဘဲ ရက်ရှည်လများ မောပန်းနေပါက သတိပြုကာ စစ်ဆေးမှုများ ခံယူသင့်သည်။
• လှေကားမတက်နိုင်အောင် မောပန်းခြင်း
• နှုတ်ခမ်းနှင့်လက်သည်းများ ပြာလာခြင်း
• မှိန်းနေခြင်း တို့ဖြစ်ပွားပါက အလွန်စိုးရိမ်ရသော လက္ခဏာများဖြစ်သောကြောင့် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံး သွားရောက်ပြသသင့်သည်။
နောက်ဆက်တွဲ ပြဿနာများ
• အဆုတ်တွင်းလေအိတ်များပေါက်ကာ ရင်ခေါင်းအတွင်းသို့ လေဝင်ခြင်း ( Pneumothorax)
• နှလုံးကို ထိခိုက်စေခြင်း
• အဆုတ်တွင် အပေါက်ကြီးများဖြစ်ခြင်း ( Large bullae ) တို့ကို ကြုံတွေ့ရနိုင်သည်။
စစ်ဆေးမှုများ
လက္ခဏာများအရ အဆုတ်တွင်းလေအိတ်များ ပျက်စီးခြင်း ဖြစ်နိုင်ပါက
• ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း
• ကွန်ပြူတာ ဓာတ်မှန်ရိုက်ခြင်း
• သွေးစစ်ခြင်း
• အဆုတ်ကောင်းမကောင်း စစ်ဆေးခြင်း တို့ကို ပြုလုပ်နိုင်သည်။
ကုသခြင်း
အဆုတ်တွင်း လေအိတ်များပျက်စီးသော ရောဂါကို မူလအတိုင်းပြန်လည်ကောင်းမွန်အောင် မကုသနိုင်ပေ။ ရောဂါပိုမို ဆိုးရွားမသွားစေရန်သာ ကုသနိုင်ပေသည်။
ရောဂါ၏ ပြင်းထန်မှုပေါ်မူတည်၍
• လည်ပြွန်ကျယ်စေသော ဆေးများပေးခြင်း
• စတီးရွိုက်ရှူဆေးများကို သုံးခြင်း
• ပိုးသတ်ဆေးများ သုံးခြင်းဖြင့် ကုသနိုင်သည်။
ထို့ပြင် အသက်ရှူလေ့ကျင့်ခန်းများလုပ်ခြင်း၊ အာဟာရပြည့်စွာ စားသုံးခြင်း၊ လိုအပ်ပါက အောက်ဆီဂျင်ရှူစေခြင်းတို့ကို ပြုလုပ်နိုင်သည်။
ခွဲစိတ်မှုများ အနေဖြင့် ပျက်စီးသွားသော အဆုတ်အစိတ်အပိုင်းများကို ဖယ်ရှားခြင်း၊ အဆုတ်အစားထိုးခြင်းတို့ကို ပြုလုပ်နိုင်သည်။
ကာကွယ်ခြင်း
ဆေးလိပ်သောက်ခြင်းနှင့် ဆေးလိပ်ငွေ့ရှူမိခြင်းတို့ကို ရှောင်ရှားရန် လိုအပ်သည်။ ဓာတုအငွေ့များ၊ အနံ့ပြင်းသော အရာများနှင့် ထိတွေ့လုပ်ကိုင်ရသူများတွင် နှာခေါင်းစည်းတပ်ရန် လိုအပ်သည်။
Ref: Mayo Clinic
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
