Print

Alcohol intolerance (အရက်ဒဏ် မခံနိုင်ကြသူများ)

  13-Aug-2018
Preview Image

အကျဉ်းရှင်းလင်းချက်

အရက်ဒဏ်မခံနိုင်ခြင်းဆိုသည်မှာ အရက်သောက်ပြီးပြီးချင်းတွင် ဆိုရွားသောခံစားမှုများ၊ နေထိုင်၍ မကောင်းသလိုဖြစ်ပေါ်လာခြင်း ဖြစ်သည်။ အရက်ဒဏ်မခံနိုင်သူများတွင် အဓိကဖြစ်ပေါ်သည့် လက္ခဏာများမှာ နှာစေးခြင်း နှင့် အရေပြားနီရဲခြင်း ဖြစ်သည်။ အရက်ဒဏ်မခံနိုင်ခြင်းသည် ခန္ဓာကိုယ်မှ အရက်ကို ကောင်းမွန်စွာ မချေဖျက်နိုင်သော မျိုးရိုးဗီဇကြောင့်ဖြစ်သည်။ ထို့ကြောင့် အရက်ဒဏ် မခံနိုင်ခြင်းကို ကာကွယ်ရန်မှာ အရက်မသောက်ရန်ဖြစ်သည်။ အရက်ဒဏ်မခံနိုင်ခြင်း ဆိုသည်မှာ အရက်နှင့် မတည့်ခြင်းကိုဆိုလိုခြင်းမဟုတ်ပါ။ ဖြစ်နိုင်ချေရှိသည်မှာ အရက်နှင့်အတူ ဖော်စပ်ထားသည့် ပါဝင်ပစ္စည်းများ၊ နှင့် ဓါတ်မတည့်သောကြောင့် ဖြစ်နိုင်သည်။ ထို့အပြင် အရက်နှင့် အခြားဆေးဝါးများတွဲဖက်သောက်သုံးမိလျှင်လည်း ဓါတ်မတည့်ခြင်းများဖြစ်ပေါ်နိုင်သည်။ အချို့ အလွန်ရှားပါးသောအခြေအနေများတွင် အလွန်ပြင်းထန် ဆိုးရွားသော ကျန်းမာရေး ကြောင့် အရက်နှင့် ဓါတ်မတည့်ခြင်းဖြစ်ပေါ်လာခြင်းဖြစ်သည်။


လက္ခဏာများ

- မျက်နှာနီရဲခြင်း

- အရေပြားပေါ်တွင် အနီစက်များ၊ ယားကွက်များ ပေါ်ခြင်း

- ပန်းနာရင်ကြပ်ရောဂါရှိသူတွင် ပိုဆိုးလာခြင်း

- နှာရည်များကျလာခြင်း

-သွေးပေါင်ကျခြင်း

- ပျို့အန်ခြင်း

- ဝမ်းလျှောခြင်း


ဖြစ်ပွားရသော အကြောင်းရင်းများ

အရက်ဒဏ်မခံနိုင်ရခြင်း ဖြစ်ပွားရခြင်းမှာ ခန္ဓာကိုယ်မှ အရက်တွင်ပါလာသော အဆိပ်အတောက်များကို ကောင်းမွန်စွာချေဖျက်ပစ်နိုင်သော အင်ဇိုင်းမ်များ လုံလောက်စွာမရှိသောကြောင့် ဖြစ်သည်။ ထို့သို့ အရက်ဒဏ်မခံနိုင်ခြင်းကို အာရှတိုက်သားများတွင် အများဆုံးတွေ့ရသည်။

အရက် (ဥပမာ - ဘီယာ သို့မဟုတ် ဝိုင်) ထဲတွင် အရက်နှင့် ဓါတ်မတည့်ခြင်းကို ဖြစ်စေနိုင်သော အများဆုံးတွေ့ရသောပါဝင်ပစ္စည်းများ မှာ--

- ဆာလ်ဖိုက်စ် နှင့် အခြားတာရှည်ခံပစ္စည်းများ

- ဓာတုပစ္စည်းများ

- အချဉ်ဖောက်ခြင်း သို့မဟုတ် အရက်ချက်ခြင်းမှ ထွက်ပေါ်လာသော ပစ္စည်းများ ဖြစ်သည်။ 


Hodgkin lymphoma ဟူသော ရောဂါရှိသူများတွင် အရက်သောက်ပြီးပြီးချင်း အလွန်အမင်းနာကျင်ခြင်း ဖြစ်ပေါ်တတ်သည်။ 


ဖြစ်နိုင်ချေများသူများ

- အာရှတိုက်သားဖြစ်နေသူများ

- ပန်းနာရင်ကြပ်ရှိသူများ

- ဂျုံ နှင့် ဓါတ်မတည့်ခြင်း ရှိသူများ

- Hodgkins lymphoma ရောဂါရှိသူများ


နောက်ဆက်တွဲ ပြဿနာများ

(၁) ခေါင်းတစ်ခြမ်းကိုက်ခြင်း - အချိုု့သော အရက်များတွင် histamine ဟူသော ဓါတ်ပစ္စည်းပါဝင်သောကြောင့် ခေါင်းကိုက်ဝေဒနာ ခံစားရနိုင်ပါသည်။ ကိုယ်ခန္ဓာ၏တုံပြန်စနစ်မှလည်း ဓါတ်မတည့်မှုကြောင့် histamine ထွက်လာနိုင်သည်။

(၂) အလွန်ဆိုးရွားသော ဓါတ်မတည့်ခြင်း - တစ်ခါတစ်ရံတွင် ဓါတ်မတည့်ခြင်းအလွန်ဆိုးရွားသောကြောင့် အသက်အန ္တရာယ်ရှိနိုင်ပါသည်။ အရေးပေါ်ကုသမှုခံယူရန်လည်း လိုအပ်ပါသည်။

   

ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

အနည်းငယ် အရက်ဒဏ်မခံနိုင်သူဖြစ်လျှင် ဆရာဝန်နှင့်သွားရောက်ပြသရန်မလိုအပ်ပါ။ အရက် နှင့် တကွ အရက်ပါသော ဖျော်ရည်များကို ရှောင်ရှားရန်သာလိုအပ်ပါလိမ့်မည်။  

သို့သော်အရက်သောက်ပြီးပြီးချင်း အလွန်အမင်းနာကျင်ခြင်း ဖြစ်ပေါ်လာပါက ဆရာဝန်နှင့်သွားရောက်ပြသပါ။ ထို့အပြင် သင်သောက်သုံးနေသောဆေးဝါးနှင့် အရက် နှင့် ဓါတ်မတည့်ခြင်းရှိနေသည်ဟုယူဆပါက ဆရာဝန်နှင့် သွားရောက်ပြသပါ။


စစ်ဆေးမှုများ

(၁) မိမိခံစားနေရသော လက္ခဏာများကိုပြောပြပါ။ မည့်သို့သော အရက် သို့မဟုတ် ဖျော်ရည် ကြောင့်ဖြစ်သည်ကို မှတ်သားပါ။ မိမိဆွေမျိုးသားချင်းထဲတွင်လည်း ထိုကဲ့သို့ အစားအသောက်ဖြစ်စေ၊ အခြားအရာများကြောင့်ဖြစ်စေ ဓါတ်မတည့်သည့် သူများရှိမရှိကို မေးမြန်းထားပါ။

(၂) စမ်းသပ်စစ်ဆေးခြင်း - အခြားရောဂါများ ရှိမရှိကို သေချာစွာ စစ်ဆေးမှုခံယူရပါမည်။

(၃) အရေပြားစစ်ဆေးခြင်း -  အရေပြားကို အချွန်ဖြင့် အနည်းငယ်ခြစ်၍ မိမိနှင့်မတည့်သည်ဟုယူဆသော ပစ္စည်းအနည်းငယ်ကို ခြစ်ထားသောနေရာတွင်တင်ပါ။ မိမိစမ်းသပ်လိုက်သောပစ္စည်းဖြင့် ဓါတ်မတည့်ပါက အရေပြားတွင် အနီကွက်ဖြစ်ခြင်း၊ အဖုဖြစ်ခြင်းများဖြစ်ပေါ်လာနိုင်သည်။ 

(၄) သွေးစစ်ဆေးခြင်း - ကိုယ်ခန္ဓာထဲတွင် ဓါတ်မတည့်ခြင်းကိုတုံပြန်သည့်စနစ်ကို တိုင်းတာနိုင်ပါသည်။ ဓါတ်ခွဲခန်းသို့ မိမိ၏သွေးကို ပို့၍ အစားအစာတစ်ခုခုဖြင့် ဓါတ်မတည့်ခြင်း ရှိမရှိကို စမ်းသပ်နိုင်သည်။ သို့သော် ထိုသွေးစစ်ချက် အဖြေများသည် အမြဲ မမှန်ကန်နိုင်ပါ။


ကုသခြင်း

အရက်ကြောင့်ဖြစ်လာသော ခံစားရသည့်လက္ခဏာများကို ရှောင်ရှားရန်မှာ - အရက်ကို မသောက်ရန်သာဖြစ်သည်။ အနည်းငယ်သော ယားခြင်း နီမြန်းခြင်းများ အတွက် antihistamine ဆေးများကို ဆေးဆိုင်များကို အလွယ်တကူဝယ်ယူရရှိနိုင်ပါသည်။ သို့သော် antihistamine သည်  ပြင်းထန်းသော ဓါတ်မတည့်ခြင်းများကို ကာကွယ်နိုင်မည်မဟုတ်ပါ။ အစားအသောက်တစ်ခုခုနှင့် ဓါတ်မတည့်ခြင်းရှိပါက ဓါတ်မတည့်ခြင်းကို ဖော်ပြထားသည့် လက်ကောက် သို့မဟုတ် ဆွဲကြိုးဝတ်ဆင်ထားပါ။ 


ကာကွယ်ခြင်း

ထိုသို့ အရက်သောက်လျှင် ဆိုးကျိုးများဖြစ်တတ်သူဆိုပါက အရက်သောက်ခြင်းကို ရှောင်ရှားခြင်းဖြင့်သာကာကွယ်နိုင်ပါသည်။ 

အရက်ထဲရှိ ပါဝင်ပစ္စည်းများဖြင့် မတည့်သောသူဆိုပါက အရက်မသောက်မှီ ပါဝင်ပစ္စည်းများကိုလေ့လာပြီးမှ သောက်သုံးသင့်ပါသည်။ အချို့ ပုလင်းများတွင်တော့ ပါဝင်သောပစ္စည်းကို အကုန်ရေးသားထားခြင်းမရှိသည်ကိုတော့ သတိပြုရပါမည်။


Ref: Mayo clinic

Dr. Victoria




Related Articles


Advertisment 18