Print

Pancreatitis (မုန့်ချိုအိတ်ရောင်ရမ်းခြင်း )

  16-Aug-2018
Preview Image

မုန့်ချိုအိတ်သည် ဝမ်းဗိုက်အထက်ပိုင်း အစာအိမ်၏ နောက်ဖက်တွင်ရှိသော ရှည်ရှည်ပြားပြား အင်္ဂါတစ်ခုဖြစ်သည်။ အစာချေ အင်ဇိုင်းများနှင့် သွေးတွင်းသကြားဓာတ်ကိုထိန်းပေးသော ဟော်မုန်း (Insulin) တို့ကို ထုတ်လုပ်ပေးသည်။

လက္ခဏာများ

မုန့်ချိုအိတ် လက်တလောရောင်ရမ်းခြင်း လက္ခဏာများအနေဖြင့်

• ဝမ်းဗိုက်အထက်ပိုင်းနာကျင်ခြင်း

• ထိုမှတဆင့် ကျောဘက်သို့ ပျံ့နှံ့၍ နာခြင်း

• ဗိုက်နာ/ အောင့်ခြင်းမှာ အစာစားပြီးချိန်များတွင် ပို၍ဆိုးခြင်း

• ပျို့ခြင်း၊ အန်ခြင်း

• ဗိုက်ကို ထိမိပါက နာကျင်ခြင်း တို့ကို တွေ့ရသည်။


နာတာရှည် မုန့်ချိုအိတ်ရောင်ရမ်းခြင်းတွင်

• ဝမ်းဗိုက်အထက်ပိုင်း နာကျင်ခြင်း

• ပိန်သွားခြင်း

• အဖြူရောင်၊ အနံ့ဆိုးသော ဝမ်းများသွားခြင်း၊ ရေလောင်းချပါက ကပ်တင်ကျန်နေတတ်ခြင်း၊ အဆီဝေ့တတ်ခြင်း တို့ကို ရောဂွလက္ခဏာများအဖြစ် တွေ့ရတတ်သည်။


ဖြစ်ပွားရသော အကြောင်းရင်းများ

မုန့်ချိုအိတ်အတွင်းမှထုတ်လုပ်ပေးသော အစာချေအင်ဇိုင်းများ ထကြွသောင်းကျန်းကာ မုန့်ချိုအိတ်ကို ပြန်လည်တိုက်ခိုက်သောကြောင့် မုန့်ချိုအိတ်ရောင်ရမ်းရခြင်းဖြစ်သည်။ လက်တလော ရောင်ရမ်းခြင်း (Acute) မကြာခဏဖြစ်ပွားနေပါက နာတာရှည်ရောင်ရမ်းခြင်း (chronic) သို့ ပြောင်းလဲသွားနိုင်သည်။

မုန့်ချိုအိတ်ရောင်ရမ်းခြင်းကို ဖြစ်စေသော အကြောင်းရင်းများမှာ

• အရက်သောက်ခြင်း

• သည်းခြေကျောက်တည်ခြင်း

• မှန်ဘီလူး အသုံးပြုကာ သည်းခြေကျောက်ကို ကုသမှုခံယူထားခြင်း (ERCP)

• ဝမ်းဗိုက်အတွင်း ခွဲစိတ်ထားခြင်း

• အချို့ဆေးများကို စွဲသောက်နေရခြင်း

• ဆေးလိပ်သောက်ခြင်း

• Cystic fibrosis ရောဂါရှိခြင်း

• မုန့်ချိုအိတ်ရောင်ရမ်းတတ်သော မျိုးရိုးရှိခြင်း

• သွေးတွင်း ကယ်လ်ဆီယမ်ဓာတ်များခြင်း ( Parathyroid အလွန်အကျွံ အလုပ်လုပ်ခြင်း)

• သွေးတွင်းအဆီဓာတ်များနေခြင်း

• ဝမ်းဗိုက်ကို ထိခိုက်မိခြင်းနှင့် 

• မုန့်ချိုအိတ် ကင်ဆာတို့ ဖြစ်ကြသည်။


နောက်ဆက်တွဲ ပြဿနာများ

မုန့်ချိုအိတ်ရောင်ရမ်းခြင်း၏ နောက်ဆက်တွဲ ပြဿနာများ အနေဖြင့်

• မုန့်ချိုအိတ်တွင် ရေအိတ်တည်ခြင်း

• ပိုးဝင်ခြင်း

• သွေးတွင်း အောက်ဆီဂျင်ဓာတ်လျော့နည်းခြင်း

• ဆီးချိုရောဂါဖြစ်ခြင်း

• ကျောက်ကပ်ပျက်စီးခြင်း

• အာဟာရ ချို့တဲ့ခြင်း

• မုန့်ချိုအိတ်ကင်ဆာဖြစ်ခြင်းတို့ကို တွေ့ရတတ်သည်။


စစ်ဆေးမှုများ

စစ်ဆေးမှုများအနေဖြင့် 

• သွေးတွင်းရှိ မုန့်ချိုအိတ်မှထုတ်သော အင်ဇိုင်းများကို စစ်ဆေးခြင်း

• ဝမ်းကို စစ်ဆေးခြင်း

• ကွန်ပြူတာဓာတ်မှန်ရိုက်ခြင်း

• ဝမ်းဗိုက်ကို တီဗွီဓာတ်မှန်ရိုက်ခြင်း

• မုန့်ချိုအိတ်ပြွန်အတွင်း ရောင်ရမ်းခြင်း၊ ပိတ်ဆို့နေခြင်းတို့ကို သိနိုင်ရန် မှန်ပြောင်းဖြင့် စစ်ဆေးခြင်း

• သည်းခြေအိတ်၊ မုန့်ချိုအိတ်နှင့် မုန့်ချိုအိတ်ပြွန်တို့၏ အနေအထားကို သိနိုင်ရန် သံလိုက်ဓာတ်မှန်ရိုက်ခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။


ကုသခြင်း

မုန့်ချိုအိတ်ရောင်ရမ်းခြင်းကို သက်သာစေရန် 

• ရက်အနည်းငယ်ခန့် အစာမစားဘဲနေစေခြင်း (သက်သာသောအခါမှ ရေ၊ အရည် ၊ အဖတ်၊ ပုံမှန်အတိုင်း ပြန်လည် ကျွေးနိုင်ပါသည်)

• နာကျင်ခြင်းကို သက်သာစေသော ဆေးများပေးခြင်း

• အရည်ဓာတ်မခမ်းခြောက်စေရန် သွေးပြန်ကြောမှတဆင့် အရည်များသွင်းပေးခြင်းတို့ကို ပြုလုပ်နိုင်သည်။

ဖြစ်ပွားရသော အကြောင်းရင်းများကို ကုသနိုင်ရန်

• သည်းခြေပြွန်ပိတ်နေပါက ပိတ်စေသော အရာများကို ဖယ်ရှားခြင်း၊ ပြွန်ကိုချဲ့ခြင်း

• သည်းခြေအိတ်ကို ဖယ်ရှားခြင်း

• မုန့်ချိုအိတ်အတွင်းရှိ အရည်များနှင့် ဆဲလ်အသေများကို ဖယ်ရှားပစ်ခြင်း

• အရက်စွဲနေပါက ဖြတ်တောက်ခြင်း တို့ကို ပြုလုပ်နိုင်သည်။

မုန့်ချိုအိတ် နာတာရှည်ရောင်ရမ်းနေပါက အထက်ပါ နည်းလမ်းများအပြင်

• နာကျင်မှုကို သက်သာစေသော ဆေးများပေးခြင်း

• အစာချေအင်ဇိုင်းများကို ထပ်ဖြည့်ပေးခြင်း

• အဆီနည်းသောအစာများကို ရှောင်ခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။


အိမ်တွင်းကုထုံးများ

• အရက်ဖြတ်ပါ၊ ဆေးလိပ်ဖြတ်ပါ

• အဆီနည်းသော အစာများကို ရှောင်ပါ၊ အသီးအရွက်၊ သစ်သီးဝလံ၊ အစေ့အဆန်များနှင့် အသားတို့ကို များများစားပါ

• အရည်များများသောက်ပါ


Lei (Healthcare.com.mm)

Ref: Mayo Clinic



Related Articles


Advertisment 18