Print

ကော်ဖီနှင့်ကျန်းမာရေး

  28-Feb-2017
Preview Image

ကော်ဖီသောက်ရင် လူတွေဟာ စိတ်ရောကိုယ်ပါ လန်းဆန်းတက်ကြွလာလေ့ ရှိပါတယ်။ ဒါဟာ သူမှာရှိတဲ့ ကဖင်း (Caffeine) ဓာတ်ကြောင့် ဖြစ်ပါတယ်။ ကော်ဖီ ကိုသောက်လိုက်ရင် ကဖင်းဓာတ်ဟာ ခန္ဓာကိုယ် အူနံရံကနေ တခဏချင်း စုပ်ယူပြီး သွေးထဲကို ရောက်သွားပါတယ်။ ပြီးတော့ ဦးနှောက်မှာရှိတဲ့ သွေးကြောတွေ ကတစ်ဆင့် Blood Barrier ကိုဖြတ်ပြီး ဦးနှောက်မှာရှိတဲ့ ဆဲလ်တွေဆီကို ရောက်ပါတယ်။

 

ဦးနှောက်ထဲမှာ Adenosine ဆိုတဲ့ ဟော်မုန်းတစ်မျိုးရှိပါတယ်။ သူဟာလူတွေကို အနားယူဖို့ လှုံ့ဆော်ပေးတဲ့ ဟော်မုန်းဖြစ်ပါတယ်။ တစ်နေကုန်အလုပ်တွေလုပ်ပြီးရင် ညနေစောင်းတာနဲ့ လူကိုအနားယူဖို့ ဒီဟော်မုန်းတွေ ထွက်လာပါတယ်။ ဒီဟော်မုန်းတွေ များလာရင် လူဟာအိပ်ငိုက်လာမယ်၊ အိပ်ချင်လာပါမယ်။ ကော်ဖီသောက်လိုက်ရင် ပါဝင်တဲ့ ကဖင်းတွေဟာ Adenosine တွေကို နှောင့်ယှက်ဖျက်ဆီး ပစ်ပါတယ်။ ဒါကြောင့် အိပ်ငိုက်ခြင်းဆိုတာ မဖြစ်တော့ပါဘူး။

 

ဒါ့အပြင် သူ့မှာပါတဲ့ Glutamate နဲ့ Aspartate လို့ခေါ်တဲ့ Amino Acid နှစ်မျိုး ဟာလဲ အာရုံကြောတွေကို လှုံ့ဆော်ပေးပါတယ်။ ဒါအပြင် Caffeine ဓာတ်ဟာ ခန္ဓာကိုယ်ထဲမှာရှိတဲ့ Fat တွေကနေ Energy ရအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ ဒါကြောင့် အစာမစားပဲနဲ့ ကော်ဖီသောက်ရင် Energy ရလို့နေနိုင်တာ ဖြစ်ပါတယ်။ ဝတဲ့သူတွေဟာလည်း ကော်ဖီသောက်ရင် အဆီကျသွားတာဖြစ်ပါတယ်။ ဒီအချက်တွေ ကြောင့် လူဟာရွှင်လန်းတက်ကြွလာတာ ဖြစ်ပါတယ်။

 

ကျောင်းသူအများစုကတော့ စာမေးပွဲရှိတဲ့ရက်တွေမှာ တစ်ညလုံးစာကျက်နိုင် ဖို့ ကော်ဖီတို့ လက်ဖက်ရည်တို့ လက်ဖက်သုပ်တို့စားပြီး စာကျက်ကြပါတယ်။ တစ်ခါတလေ ညလုံးပေါက်ကျက်ပြီး နောက်တစ်နေ့မှာ စာမေးပွဲသွားဖြေကြပါတယ်။ ခန္ဓာကိုယ်ရဲ့ ကျန်းမာရေးရှုထောင့်က ကြည့်ရင် တစ်နေ့လုံး ပင်ပင်ပန်းပန်း ကျက်မှတ် လေ့လာထားရတဲ့အတွက် ညဘက်မှာ အနားယူဖို့ဆိုပြီး ခုနက ပြောခဲ့တဲ့ Adenosine တွေဟာ ဦးနှောက်ကနေထွက်လာပြီး သူ့ရဲ့အာနိသင်ကြောင့် အိပ်ငိုက်လာတယ်၊ အိပ်ချင်လာတယ်ဆိုတာ ဖြစ်လာတာပါ။

 

ဒါပေမဲ့ ကော်ဖီ၊ လက်ဖက်ရည်၊ လက်ဖက်သုပ်စတာတွေ တစ်ညလုံးစားလိုက် လုပ်ရင် ခုနက Adenosine တွေကို ပျက်စီးပစ်တဲ့အတွက် အိပ်ချင်မှုကတော့ ရှိမှာမဟုတ် ပါဘူး။ ဦးနှောက်ဟာ နားရမဲ့အချိန်မှာစာတွေ ထပ်မှတ်ရတဲ့အလုပ်ကို လုပ်ရလို့ ဝန်ထုပ်ဝန်ပိုး (Overload) ဖြစ်လာပါတယ်။

 

ဒါကြောင့် ညဖက်အိပ်ရေးဝဝ မအိပ်သူ တစ်ယောက်ဟာ နောက်တစ်နေ့မှာ ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ဟာ သာမန်အခြေအနေမှာထက် ပိုလျော့နည်းနေမှာ ဖြစ် ပါတယ်။ နဂိုကျက်ပြီးသားစာတွေ မေ့တာတို့ ဖြေတဲ့အခါမှ အလွဲလွဲအချော်ချော် ဖြစ် တာတို့ဖြစ်ဖို့ အလားလာ အလွန်များပါတယ်။ ဒါ့ကြောင့် ကော်ဖီသောက်ရင် နေ့လယ်ပိုင်းနဲ့ ညဦးပိုင်းမှာပဲ သောက်သင့်ပြီး သိပ်ညဉ့်နက်ရင်တော့ မသောက်သင့်ပါ။

 

ဥပမာ ၁၀ နာရီ နောက်ပိုင်းဆို မသောက်သင့်တော့ပါ။ ညဘက်ကို အနည်း ဆုံးခြောက်နာရီလောက် အိပ်စက်ပြီးမှာ စာမေးပွဲဖြေတာ ပိုကောင်းပါတယ်။ ဥပမာ ည ၁၂ နာရီအိပ်ရာဝင်ပြီး မနက်ခြောက်နာရီ ပြန်ထပြီး စာကျက်မယ်ဆိုရင် အသင့်တော်ဆုံးဖြစ်ပါ တယ်။ မနက်စောစော ထမယ်ဆိုရင် ည ၁၀ နာရီမှာ အိပ်ရာဝင်ဖို့ လိုပါတယ်။

 

ကော်ဖီဟာ ကျန်းမာရေး အတွက်တော့ မရှိမဖြစ် လိုအပ်ချက်ထဲမှာ မပါပါဘူး။ ဒါပေမဲ့ နိစ္စဓူဝ သောက်သုံးလေ့ရှိတော့ တစ်နေ့ဘယ်လောက်သောက်သင့်တယ်ဆိုတာ ကမ္ဘာ့နိုင်ငံအသီးသီးမှာရှိတဲ့ ပညာရှင်များလေ့လာတဲ့အခါမှာ သူ့မှာပါဝင်တဲ့ ကဖင်းဓာတ်ပေါ်မူတည်ပြီး သတ်မှတ်ပါတယ်။ ကဖင်းဓာတ်ဟာ တစ်နေ့ကို 300 mg အထိစိတ်ချလက်ချ သောက်နိုင်တယ်လို့ ဆိုလိုပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာခင်မောင်လွင် (FAME)
သဘာဝအစားအစာနှင့် ကျန်းမာရေး စာအုပ်မှကောက်နှုတ်ထားပါသည်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18