အုန်းသီးနှင့် နှလုံးရောဂါ
27-May-2017
အုန်းသီးစားလျှင် နှလုံးရောဂါနှင့် သွေးတိုးရောဂါများဖြစ်နိုင်သည်၊ ရင်ကြပ်တတ်သည်။ ချောင်းဆိုးစေသည်။ အုန်းသီးဆီကိုလည်း မစားသုံးသင့်၊ အုန်းဆီစားလျှင် လေဖြတ်တတ်သည် စသည့်အယူအဆများ ရှိတတ်ကြသည်။ အုန်းသီးကို ကျန်းမာရေးနှင့် ပတ်သက်၍ လူအများ ရှောင်လေ့ရှိကြသည်။ အထူးသဖြင့် အသက်အရွယ်ကြီးသူများ စားသုံးခြင်းမပြုကြပေ။ အုန်းသီးတွင် ပြည့်ဝဆီများ ပါသည်ဟူသော အချက်က အုန်းသီးအတွက် သတင်းဆိုးသွားစေခြင်း ဖြစ်နိုင်သည်။
အုန်းသီး၏ အသား၊ အုန်းသီးဆီ၊ အုန်းအရည်တို့တွင် ပြည့်ဝဆီများ ပါဝင်သည်။ ပြည့်ဝဆီ (Lauric acid) သည် နှလုံးရောဂါဖြစ်ပွားမှု အန္တရာယ်ကိုပင် လျော့နည်းစေသည်။ သွေး၌ စုစုပေါင်း ကိုလက်စထရော (Total cholesterol) ပါဝင်မှုကို လျော့နည်းစေသည်။ အိပ်ချ်ဒီအယ်လ် HDL ဟုခေါ်သော ကောင်းသည့် ကိုလက်စထရောပါဝင်မှုကို မြင့်တက်စေနိုင်သည်။ ထို့ကြောင့် အုန်းသီးစားသဖြင့် နှလုံးရောဂါ၊ သွေးတိုးရောဂါနှင့် လေဖြတ်ခြင်းတို့အတွက် အန္တရာယ် ရှိမည်မဟုတ်ဘဲ အကျိုးပင်ဖြစ်ထွန်းစေမည် ဖြစ်သည်။
အုန်းသီးဆီသည် အရေပြားခြောက်သွေ့မှုကို ကာကွယ်နိုင်ရုံသာမက ရောဂါပိုးမွှားများကိုလည်း သေစေနိုင်သည်။ အုန်းသီးဆီကို သံလွင်ဆီနှင့် ထောပတ်တို့ကဲ့သို့ အစားအစာများချက်ပြုတ်ရာတွင် အသုံးပြုနိုင်ပြီး အုန်းသီးဆီကို အပူပေးသဖြင့် ဓာတ်တိုးပစ္စည်းများ ထွက်ပေါ်လာနိုင်ခြင်း မရှိသဖြင့် ဆိုးကျိုးမဖြစ်စေနိုင်ပါ။ အုန်းသီးနုနု၏ အုန်းရည်သည် ပိုတက်ဆီယမ်၊ ဆိုဒီယမ်နှင့် ဂလူးကို့စ်တို့ပါဝင်သဖြင့် အားကစားလုပ်ပြီးနောက် သောက်သုံးပါက အင်အားပြန်လည်ပြည့်စေသည်။ အုန်းသီး၏ ပြည့်ဝဆီများမှာ စွမ်းအင်အဖြစ်သာ သုံးစွဲလောင်ကျွမ်းသွားသဖြင့် ဝမ်းဗိုက်နှင့် ခန္ဓာကိုယ် အခြားနေရာများ၌ အဆီအဖြစ် စုခဲခြင်းမရှိပါ။ အချုပ်အားဖြင့် အုန်းသီးသည် စားသုံးသင့်သော အစားအစာတစ်ခုဖြစ်သည်။
Credit:
ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)