ဘိုင်အိုတင်
25-Jul-2017အစားအစာအမျိုးမျိုးတွင် ပါဝင်နေခြင်း၊ အစာလမ်းကြောင်းမှ ထိရောက်စွာစုပ်ယူနိုင်ခြင်း၊ အူအတွင်း၌ ဗက်တီးရီးယားပိုးများအစွမ်းဖြင့် ထုတ်လုပ်နိုင်ခြင်းတို့ကြောင့် ချို့တဲ့မှုဖြစ်ပွားလေ့မရှိသည့် ရေတွင်ပျော်ဝင်သော ဘီအုပ်စုဝင် နောက်ထပ် ဗီတာမင်တစ်မျိုးမှာ ဘိုင်အိုတင် (Biotin) ဖြစ်ပါသည်။
ဘိုင်အိုတင်ရနိုင်သည့် အစားအစာများ
ဘိုင်အိုတင်ကို တိရစ္ဆာန်များ၏အသည်း၊ ကျောက်ကပ်၊ ကြက်ဥအနှစ်နှင့် ခရမ်းချဉ်သီးတို့မှ အများအပြားရရှိနိုင်ပါသည်။
ခန္ဓာကိုယ်ထဲသို့ စုပ်ယူခြင်း သိုလှောင်ခြင်းနှင့် စွန့်ထုတ်ခြင်း
အစားအစာများမှ ဘိုင်အိုတင်ကို အူအတွင်းရာနှုန်းပြည့်နီး ထိရောက်စွာစုပ်ယူနိုင်ပါသည်။
ခန္ဓာကိုယ် ဇီဝကမ္မလုပ်ငန်းများအတွက် အသုံးဝင်ပုံ
ဘိုင်အိုတင်၏ အသုံးဝင်ပုံသည် ဖောလစ်အက်ဆစ်၊ ဗီတာမင်ဘီ ၁၂ တို့၏ အသုံးဝင်ပုံနှင့် ဆက်နွှယ်နေပါသည်။ DNA (Deoxyriboneucleci acid) နှင့် RNA (Riboneucleic acid) နျူကလီယစ်အက်ဆစ် (Neucleic acid) များတွင် ပါဝင်သည့် Purine ဓာတ်ပေါင်းထုတ်လုပ်ရာတွင် ဘိုင်အိုတင် ပါဝင်ပါသည်။
ဘိုင်အိုတင်ချို့တဲ့ရသည့် အကြောင်းအရင်းများ
သာမန်အခြေအနေတွင် ဘိုင်အိုတင်ချို့တဲ့မှုဖြစ်ရန် ခဲယဉ်းပါသည်။ ပါးစပ်မှ မစားနိုင်သဖြင့် သွေးကြောထဲသို့ အာဟာရဓာတ်များ ကာလကြာရှည်စွာ သွင်းပေးနေရသည့် (Long – term total parental nutrition) အခြေအနေ၊ ပဋိဇီဝဆေးများကို ကြာရှည်စွာသောက်သုံးနေရသဖြင့် အူအတွင်း၌ ဗက်တီးရီးယား များ မရှိတော့သည့်အခြေအနေမျိုး၊ အတက်ရောဂါဆေးများကို ရက်ရှည်လများ မှီဝဲနေရသူများ၊ ကျောက်ကပ်ဆေးနေရသူများတွင် ဘိုင်အိုင်တင်ချို့တဲ့မှု ဖြစ်နိုင်ပါသည်။ ဥအကာတွင်ပါဝင်သည့် ပရိုတင်းတစ်မျိုးသည် ဘိုင်အိုတင်၏လုပ်ငန်းကို နှောင့်ယှက်နိုင်ပါသည်။ လူတစ်ယောက်သည် တစ်နေ့လျှင် ကြက်ဥအကာ (၆) လုံး၊ ရက်သတ္တပတ် ၃ ပတ်မှ ၄ ပတ်ဆက်တိုက် စားသုံးပါက ဘိုင်အိုတင်ချို့တဲ့မှု လက္ခဏာများ ဖြစ်လာနိုင်ပါသည်။
ဘိုင်အိုတင် ချို့တဲ့ခြင်း၏လက္ခဏာများ
ဘိုင်အိုတင်ချို့တဲ့ခြင်းကြောင့် စိတ်မမှန်ခြင်း (Mental Changes)၊ ကြွက်သားများ နာခြင်း၊ ပျို့အန်ခြင်း၊ အစားအသောက်ပျက်ခြင်းတို့ ဖြစ်တတ်ပါသည်။ ဘိုင်အိုတင်ပေးလိုက်ပါက (၅) ရက်အတွင်းပျောက်ကင်း နိုင်ပါတယ်။
Credit:
ပါမောက္ခခင်မောင်ဝင်း (အသည်း)