အဆုတ်အတွက် သတိပြုစရာ လက္ခဏာ ၅ ချက်
02-Jun-2018အဆုတ်ကျန်းမာရေးဟာ လူတိုင်းအတွက် အရေးကြီးပါတယ်။ အဆုတ်ကျန်းမာရေးကောင်းမှသာ body အတွက်လိုအပ်သော အောက်စီဂျင်ဓါတ်ကို သွေးမှတဆင့် ပြည့်ပြည့်ဝဝရရှိမှာပဲဖြစ်ပါတယ် ။ချောင်းဆိုးခြင်းအပြင် တစ်ခြားလက္ခဏာများဟာ အဆုတ်အတွက် အရေးကြီးတာကြောင့် သိထားသင့်ပါတယ်။ အောက်ပါလက္ခဏာ ၇ ချက်ဟာ အဆုတ်ကျန်းမာရေးပြဿနာကို ရည်ညွှန်းနိုင်တဲ့အတွက် သတိပြုထားသင့်တဲ့ အချက်တွေပဲဖြစ်ပါတယ်။
၁။ မောပန်းနေခြင်း
အဆုတ်တွင်း ဘက်တီးရီးယား သို့မဟုတ် ဗိုင်းရပ်စ်ရောဂါပိုးဝင်ခြင်းဟာ အဆုတ်ရဲ့ လုပ်ငန်းဆောင်တာကို များစွာထိခိုက်စေပါတယ်။ တုတ်ကွေး၊ ဖျားနာရောဂါဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာကို ဒုက္ခပေးတဲ့ရောဂါတွေပါ။ စိတ်ဖိစီးမှုများခြင်း၊ ကိုယ်ခံအားနည်းခြင်းတို့က တုတ်ကွေးဖျားနာကို ပိုဖြစ်စေနိုင်ပါတယ်။ အဆုတ်ရဲ့ အောက်စီဂျင်နှင့် ကာဗွန်ဒိုင်အောက်ဆိုဒ် လဲလှယ်တဲ့လုပ်ငန်းကို ထိခိုက်စေတဲ့အတွက် မောပန်းလွယ်လာမှာ ဖြစ်ပါတယ်။ မောပန်းလွယ်ခြင်း၊ ဖျားနာခြင်း၊ ချောင်းဆိုးခြင်းရှိလာပြီဆိုလျှင် အသက်ရှူလမ်းကြောင်းပိုးဝင်ရောဂါဖြစ်တဲ့အတွက် လိုအပ်သော ပဋိဇီဝဆေးဝါးများကို ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်သုံးသင့်ပါတယ်။
၂။ အသက်ရှူမဝခြင်း
သင့်ရဲ့ ပုံမှန်နေ့စဉ်လုပ်ငန်းဆောင်တာ ပြုလုပ်နေစဉ်တောင် အသက်ရှူမဝဖြစ်နေလျှင်၊ ပင်ပန်းစွာ အသက်ရှူနေရသည့်အပြင် ချောင်းဆိုးခြင်းပါ ခံစားရလျှင် သင့်မှာ အဆုတ်ရောဂါတစ်ခုခုရှိနေတာ ဖြစ်နိုင်ပါတယ်။ အသက်ရှူမဝခြင်းခံစားရပြီး တစ်နေ့တာလုပ်ငန်းဆောင်တာများ ကောင်းစွာမလုပ်ဆောင်နိုင်ပါက ဆရာဝန်နှင့် စမ်းသပ်စစ်ဆေးမှု ပြုလုပ်သင့်ပါတယ်။
၃။ အသက်ရှူထုတ်သံ တရွှီရွှီကြားရခြင်း
အသက်ရှူသံတွေမှာ တရွှီရွှီမြည်သံကြားနေရပါက လေပြွှန် သို့မဟုတ် အဆုတ်တွင်းလေအိတ်များ ပိတ်ဆို့ခြင်း၊ ရောင်ရမ်းခြင်းဖြစ်နိုင်ပါတယ်။ နာတာရှည်အဆုတ်ရောင်ရောဂါကဲ့သို့သော အဆုတ်ရောဂါများက တရွှီရွှီမြည်စေမှာဖြစ်ပါတယ်။ ဒါ့အပြင်ပန်းနာရင်ကြပ်ရောဂါဟာလည်း တရွှီရွှီမြည်သံကြားရသည့်အပြင် ချောင်းဆိုးခြင်း၊ မောပန်းခြင်းများခံစားရနိုင်ပါတယ်။
၄။ ချောင်းဆိုးသွေးပါခြင်း
ချောင်းဆိုးသွေးပါခြင်းဟာ အန္တရာယ်ရှိတဲ့ လက္ခဏာပဲဖြစ်ပါတယ်။ သွေးအရောင်မှာ အနီရဲရဲ၊ အညိုရောင် သို့မဟုတ် သံချေးရောင် အစရှိသည့်အရောင်များဖြစ်နိုင်ပါတယ်။ ချောင်းဆိုးသွေးပါခြင်းဟာ တီဘီရောဂါ၊ နာတာရှည်လေပြွန်ရောင်ရောဂါ၊ အဆုတ်ပွရောဂါနှင့် အရေးအကြီးဆုံး အဆုတ်ကင်ဆာရောဂါများ ဖြစ်နိုင်ပါတယ်။ ဒီလက္ခဏာဟာ အရေးကြီးတာကြောင့် ဆရာဝန်နှင့် မဖြစ်မနေသွားပြရမယ့် လက္ခဏာတစ်ရပ်လည်း ဖြစ်ပါတယ်။
၅။ ရုတ်ရက် ခြေထောက်မှနာကျင်ခြင်း၊ ရောင်ရမ်းခြင်း
စစချင်း ဒီလက္ခဏာဟာ အဆုတ်နှင့် ဘာမှမသက်ဆိုင်ဘူးလို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမယ့် ဒါဟာ သွေးပြန်ကြောအတွင်း သွေးခဲခြင်း၊ ခြေထောက်တွင်း သွေးပြန်ကြောသွေးခဲခြင်း လက္ခဏာဖြစ်နိုင်ပါတယ်။ နာတာရှည်အိပ်ယာတွင်း လဲသူများ၊ လှုပ်ရှားမှုအားနည်းသူများ အစရှိသူများမှာ ခြေထောက်တွင်း သွေးခဲမှုဖြစ်လာလျှင် ခြေသလုံးရုတ်တရက်နာကျင်ခြင်း၊ ရောင်ရမ်းလာခြင်း၊ လမ်းလျှောက်စဉ်ခြေသလုံးကြွက်သားမှ အောင့်ခြင်းဖြစ်လာတတ်ပါတယ်။ ဒီသွေးခဲဟာ လှုပ်ရှားမှုပြုလုပ်စဉ် ပြုတ်ထွက်သွားနိုင်ပြီး သွေးပြန်ကြောမှ တဆင့် အဆုတ်အတွင်း ဝင်ရောက်ပိတ်ဆို့နိုင်ပါတယ်။ အဆုတ်တွင်းသွေးခဲပိတ်ခြင်းရောဂါဟာ အသက်အန္တရာယ်ရှိတဲ့ ရောဂါဖြစ်ပါတယ်။ တခြားလက္ခဏာများအနေနဲ့ ရုတ်တရက်မောပန်းခြင်း၊ အသက်ရှူမဝခြင်း၊ ရင်ဘတ်အောင့်ခြင်း ခံစားရတတ်ပါတယ်။
အဆုတ်ကျန်းမာရေး ဂရုစိုက်စို့
အရေးအကြီးဆုံးနှင့် ကိုယ်ကိုကိုယ်လုပ်ဆောင်နိုင်တဲ့အချက်က ဆေးလိပ်ကို ရှောင်ကြဉ်ဖို့ပါ။ အဆုတ်ဟာ သင့် body ကို အောက်စီဂျင်ပေးတဲ့အပြင် မကောင်းသောအဆိပ်အတောက်များကိုလည်း ဖယ်ရှားပေးတဲ့ အရေးကြီးတဲ့ အင်္ဂါပါ။ ဆေးလိပ်အပြင် ထိခိုက်စေသော ဖုန်မှုန့်များ၊ မီးခိုးငွေ့များကိုလည်း ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။
Credit: ဒေါက်တာကောင်း
Ref-https://www.rd.com/health/wellness/signs-of-lung-disease/