သင် ဘာကြောင့် ဝက်ခြံပေါက်ရသလဲ
02-Jul-2018ဝက်ခြံဆိုတာ လူပျို၊ အပျိုမရွေး အသက်အရွယ်မရွေး ပေါက်ကြပါတယ်။ ယေဘုယျအားဖြင့် မျက်နှာ၊ လည်ပင်း၊ ကျော်ပြင်၊ ရင်ဘတ်၊ ပုခုံး စတဲ့နေရာတွေမှာ အပေါက်များပါတယ်။ ဝက်ခြံပေါက်သူရဲ့ ၈၀ ရာခိုင်နှုန်းဟာ အသက် ၁၁ နှစ်နဲ့ ၃၀ကြား ဖြစ်ပါတယ်။ အမျိုးသားတွေက မျက်နှာတစ်ပြင်လုံးဖြစ်ကြပေမယ့် အမျိုးသမီးတွေကတော့ မျက်နှာအောက်ပိုင်း (ပါးပြင်၊ မေးရိုး၊ မေးစေ့) စတဲ့နေရာတွေမှာ အဖြစ်များပါတယ်။ ဝက်ခြံထွက်တာ ပုံမှန်ဆိုပေမယ့် လက်တွေ့မှာတော့ ပေါက်တဲ့နေရာပေါ်မူတည်ပြီး အခြေခံအကြောင်းရာတွေ မတူညီကြပါ။ ထွက်တဲ့နေရာက မျက်နှာမှာကို အမျိုးမျိုးဖြစ်နိုင်ပါတယ်။
၁။ နှဖူးမှာပေါက်တဲ့ ဝက်ခြံ
နှဖူးမှာ ဝက်ခြံပေါက်တာ ဆီးအိမ်နဲ့ အစာခြေစနစ်မကောင်းတာကို ညွှန်ပြနေပါတယ်။ ဆီးသွားနည်းသူ၊ ဝမ်းချုပ်လွယ်သူတွေမှာ အဖြစ်များတယ်။ ဒီလိုလူနာတွေမှာ ရေများများသောက်ဖို့၊ အရည်ရွှမ်းအသီးအရွက်နေ့စဉ်စားဖို့ လိုအပ်ပါတယ်။ မနက်တိုင်း ဝမ်းမှန်အောင်ကြိုးစားရမယ်။ ဆီးတစ်နေ့ သုံးကြိမ်သွားရမယ်။ ဝမ်းမှန်မှန်သွားရပါမယ်။ အစားအသောက်ထဲမှာ အဆီများတဲ့ဝက်သား၊ အမဲသားလျှော့စားပါ။ ကော်ဖီ၊ အသားကင် မစားသင့်ပါ။ အနေအထိုင်၊ အစားအသောက်ပြင်ဆင်လိုက်ရုံနဲ့ သက်သာပျောက်ကင်းမှာ ဖြစ်ပါတယ်။
၂။ မျက်ခုံးမှာပေါက်တဲ့ ဝက်ခြံ
မျက်ခုံးအတွင်းပိုင်းမှာ ဝက်ခြံပေါက်တာ အသည်းကြောင့် ဖြစ်နိုင်ပါတယ်။ အသည်းဆိုတာ လူ့ခန္ဓာကိုယ်မှာ အကြီးဆုံး အစိတ်အပိုင်းဖြစ်ပါတယ်။ မလိုအပ်တဲ့အဆိပ်အတောက်တွေကို စွန့်ပစ်တဲ့လုပ်ငန်းကို တာဝန်ယူပါတယ်။ ဥပမာ အရက်၊ ဘီယာသောက်တဲ့အခါ အသည်းက အလုပ်ပိုပါတယ်။ အသည်းလုပ်ဆောင်မှု အားနည်းလာရင်တော့ မျက်ခုံးအတွင်းပိုင်းမှာ ဝက်ခြံထွက်မယ်။ အသင့်စား အာလူးကြော်၊ ဆိုးဆေးပါတဲ့ အချိုရည်၊ ကော်ဖီ၊ လက်ဖက်ရည် စတာတွေရှောင်ရပါမယ်။ လိုအပ်ရင် အသည်းအားဆေးသောက်ရပါမယ်။
၃။ နားမှာပေါက်တဲ့ ဝက်ခြံ
နားမှာ ဝက်ခြံပေါက်တာ ကျောက်ကပ်ရောဂါကြောင့် ဖြစ်နိုင်ပါတယ်။ အပူ၊ အအေးမမျှတတဲ့အခါ ခန္ဓာကိုယ်အတွင်း အပူလွန်ကဲတဲ့အခါ ဖြစ်တတ်ပါတယ်။ ရေဓါတ်၊ ဆားဓါတ် အားနည်းရင်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဓါတ်ဆားရည်များများသောက်ပါ။ ကော်ဖီ၊ အရက်၊ အချိုရည် လုံးဝဖြတ်ပစ်ပါ။ အပူ၊ အအေးမျှတအောင်နေပါ။ နေပူထဲက ပြန်ရောက်ရောက်ချင်း အဲယားကွန်းခန်းထဲ မဝင်ပါနဲ့။ တချို့ကလည်း ဆေးသောက်ဖို့ မလိုအပ်ပဲ ပြန်ကောင်းလာကြပါတယ်။
၄။ ပါးပြင်မှာ ထွက်တဲ့ ဝက်ခြံ
ပါးပြင်မှာ ဝက်ခြံပေါက်တာ အဆုတ်အားနည်းလို့ ဖြစ်နိုင်ပါတယ်။ ဆေးလိပ်သောက်တာ၊ လေထုညစ်ညမ်းမှု စတာတွေက ပါးဝက်ခြံကို ဖြစ်စေပါတယ်။ လိုအပ်ရင် အသက်ရှူလမ်းကြောင်းနဲ့ ပတ်သက်တဲ့ရောဂါပါ တစ်ခါတည်း စစ်ဆေးရမှာဖြစ်ပါတယ်။ ပန်းနာရင်ကျပ်သမားတွေမှာ ပိုတွေ့ရတယ်။ ဆေးလိပ်သောက်ရင် ဖြတ်ပစ်ရမယ်။ လေ့ကျင့်ခန်းတစ်ခုခု(ရေကူးတာ၊ အေရိုးဗစ်လုပ်တာ) မျိုး လိုပါတယ်။ လေကောင်းလေသန့်ရရင် အဲဒီနေရာမှာထွက်တဲ့ ဝက်ခြံတွေက သူ့ဘာသာပျောက်ကင်းနိုင်ပါတယ်။
၅။ မျက်လုံးတစ်ဝိုက်ဖြစ်တဲ့ ဝက်ခြံ
မျက်လုံးတစ်ဝိုက်မှာ ဝက်ခြံပေါက်တာ ကျောက်ကပ်ကြောင့် ဖြစ်နိုင်ပါတယ်။ ကျောက်ကပ်လုပ်ဆောင်မှု အားနည်းတဲ့အခါ ဖြစ်မယ်။ ရေများများသောက်ပေးဖို့ လိုအပ်ပါတယ်။ ဆီးသွားတာ စိုးရိမ်စရာမလို၊ သွားပါစေ။ မျက်ကွင်းပါညိုရင် မျိုးရိုးကြောင့် ဖြစ်တတ်သလို အာဟာရချို့တဲ့တာကြောင့်လည်း ဖြစ်တတ်တယ်။ စိမ်းတဲ့အရွက်များများ၊ ပဲပုပ်၊ အသည်း ထည့်စားသင့်ပါတယ်။
၆။ နှာခေါင်းမှာ ပေါက်တဲ့ ဝက်ခြံ
နှာခေါင်းနဲ့ အပေါ်နှုတ်ခမ်းမှာ ဝက်ခြံပေါက်တာ အဆီပြန်မှုများလို့ ဖြစ်တယ်။ အဆီဂလင်း Sebum ထုတ်လုပ်မှုများသူဟာ အဆိုပါနေရာမှာ ဝက်ခြံထွက်လာမယ်။ အဆီဓါတ်ထိန်းတဲ့ Moisturizer ပစ္စည်းတစ်မျိုးမျိုး လိုပါတယ်။ လိမ်းဆေးထဲမှာ Cream Type မျိုးမသုံးသင့်ပါ။ မိတ်ကပ်သုံးတဲ့ မိန်းကလေးတွေ သတိထားသင့်တယ်။ အသားဖြူဆေးတွေနဲ့ မတည့်ပါ။ အဆီပြန်တဲ့အသားအရေအတွက် အလွယ်ဆုံးနည်းက ဆော်ဒါမှုန့်နဲ့ သံပုရာအရည်ကို ရောပြီး လိမ်းပေးရတာဖြစ်ပါတယ်။ လိမ်းပြီး ၁၅ မိနစ်ထားပြီး မျက်နှာသစ်ပေးပါ။ ချွေးပေါက်ကျဉ်းစေတဲ့ အာနိသင်ရှိပါတယ်။
၇။ မေးရိုးမှာ ပေါက်တဲ့ ဝက်ခြံ
မေးရိုးနေရာတွေမှာ ဝက်ခြံပေါက်သူဟာ မျက်နှာကို မကြာခဏ ကိုင်တွယ်တတ်လို့ဖြစ်ပါတယ်။ မျက်နှာသစ်တဲ့အခါ အဆိုပါနေရာတွေကို သတိထားပြီး သစ်ပါ။ လက်နဲ့ ကိုင်တွယ်တာမလုပ်ပါနဲ့။ ကိုယ်မသုံးဖူးတဲ့ Cosmetic မျိုးသုံးဖို့ မစဉ်းစားပါနဲ့။ အများစုအမျိုးသမီးတွေမှာ ဖြစ်တာ ဒီအချက်ကြောင့်ပါ။
၈။ မေးစေ့မှာ ပေါက်တဲ့ ဝက်ခြံ
မေးစေ့မှာ ဝက်ခြံပေါက်တာ ဟော်မုန်းဓါတ်မမှန်လို့ ဖြစ်နိုင်ပါတယ်။ စိတ်ဖိစီးမှုများတာ၊ အိပ်ရေးမဝသူတွေမှာ တွေ့ရပါတယ်။ ရာသီပေါ်စမှာလည်း ဝက်ခြံထွက်တတ်ပါတယ်။ မျက်နှာကို မကြာခဏကိုင်တွယ်တတ်သူ၊ မျက်နှာသန့်ရှင်းရေးအားနည်းသူတွေမှာ ဖြစ်တတ်ပါတယ်။ Cleanser တစ်မျိုးမျိုးသုံးဖို့ လိုအပ်ပါတယ်။
၈။ ရင်ဘတ်နဲ့ ကျောမှာ ပေါက်တဲ့ဝက်ခြံ
လည်ပင်းနဲ့ ရင်ဘတ်၊ ကျောမှာ ဝက်ခြံပေါက်နေရင် အရေပြားကြောင့် ဖြစ်တတ်ပါတယ်။ နေလောင်တာ၊ အရေပြားခြောက်သွေ့တာကြောင့် ဖြစ်တတ်ပါတယ်။ အပြင်ထွက်တဲ့အခါ နေလောင်ကာလိမ်းဆေး လိမ်းပေးဖို့လိုအပ်ပါတယ်။ အစိုဓါတ်ထိန်းပစ္စည်းတစ်မျိုးမျိုးသုံးပေးဖို့ လိုအပ်ပါတယ်။ အပြင်ထွက်တဲ့အခါ နေရောင်နဲ့ တိုက်ရိုက်မတွေ့အောင် အကာအကွယ်၊ အဆောင်းအကာ တစ်ခုခုသုံးဖို့ လိုအပ်ပါတယ်။
ဒေါက်တာကောင်း
Credit :ဒေါက်တာအေးမင်းထူး၊Health for all magazine. No.135,April,2018.