Anal fissure (စအိုကွဲနာ)
04-Jul-2018အကျဉ်းရှင်းလင်းချက်
စအိုကွဲနာသည် စအိုလမ်းကြောင်းတစ်လျှောက်ကို ဖုံးအုပ်ထားသော အလွှာပါးကွဲရာမှ ဖြစ်ပေါ်လာပါတယ်။ ဝမ်းချုပ်တဲ့အခါ၊ စမြင်းတုံးကြီးကြီးသွားတဲ့အခါမျိုးမှာ ဖြစ်လာတတ်ပါတယ်။ စအိုကွဲနာဖြစ်တတ်အခါမှာ ဝမ်းသွားလျှင် စအိုဝနာကျင်ခြင်း၊ ဝမ်းသွားလျှင် သွေးစပါခြင်းများသည် စအိုကွဲနာ၏ အတွေ့ရများသော လက္ခဏာများဖြစ်သည်။
စအိုကွဲနာသည် ၁နှစ်အောက်ကလေးများတွင် အတွေ့ရများသည်။သို့သော်အသက်အရွယ်အပိုင်းအခြားမရွေးဖြစ်နိုင်သည်။ စအိုကွဲနာ တော်တော်များများသည် အစားအသောက်အနေအထိုင်ပြောင်းလဲရုံ၊ ဆားကျက်ရည်ထိုင်ရုံလောက်နဲ့တင် သက်သာသွားတတ်ပါတယ်။
လက္ခဏာများ
-ဝမ်းသွားသည့်အခါ စအိုဝတွင် နာကျင်ခြင်း (ဝမ်းသွားပြီးနာရီပေါင်းများစွာကြာသည့်တိုင် စအိုဝမှာနာကျင်နေခြင်း)
-ဝမ်းသွားသည့်အခါသွေးပါခြင်း (စအိုကွဲခြင်းမှထွက်လာသောသွေးသည် ဝမ်းနှင့်မရောဘဲ ဝမ်းပြီးမှ တစ်စက်စက်ကျခြင်း)
-စအိုဝယားယံခြင်း
-စအိုဝတွင်ကွဲကြောင်းအနာကို မြင်ရနိုင်ခြင်း
-စအိုကွဲသောအနာနားတွင် အသားမာစမ်းမိတတ်ခြင်း
ဖြစ်ပွားရသော အကြောင်းရင်းများ
အတွေ့ရများသောအကြောင်းရင်းများ
-စမြင်းတုံးကြီးကြီးသွားခြင်း၊ ဝမ်းမာမာသွားခြင်း
-ဝမ်းချုပ်ခြင်း
-ရက်ရှည် ဝမ်းပျက်ဝမ်းလျှောဖြစ်နေခြင်း
-အူလမ်းကြောင်း အမြှေးပါး ရောင်ရမ်းသောရောဂါများ
-ကလေးမွေးဖွားထားသောသူများ
အတွေ့ရနည်းသောအကြောင်းရင်းများ
-စအိုကင်ဆာ
-ခုခံအားကျဆင်းမှုကူးစက်ရောဂါ
-တီဘီရောဂါ
-ကာလသားရောဂါ
-ရေယုံပေါက်ခြင်း
ဖြစ်နိုင်ချေများသူများ
-၁နှစ်အောက်ကလေးငယ်များ
-အသက်အရွယ်ကြီးသူများ
-ဝမ်းချုပ်သူများ
-ကလေးမွေးထားသူများ
-အူအမြှေးပါးရောင်ရမ်းသောရောဂါရှိသူများ(Inflammatory bowel disease)
-စအိုမှတစ်ဆင့်လိင်ဆက်ဆံသူများ
နောက်ဆက်တွဲ ပြဿနာများ
-အနာမကျက်ခြင်း(စအိုကွဲနာသည် ခြောက်ပတ်အတွင်း မကျက်လျှင် နာတာရှည်အဖြစ်သတ်မှတ်ပြီး နောက်ထပ်ကုသမှုများကိုဆက်လုပ်ရန်လိုပါသည်)
-နောက်တစ်ကြိမ်ထပ်ဖြစ်နိုင်ခြင်း
-စအိုကွဲနာမှ စအိုညှစ်အားကို ထိန်းချုပ်ထားသော ကြွက်သားများထိကွဲသွားနိုင်ပြီး ဝမ်းမထိန်းနိုင်ခြင်း၊ ဆီးမထိန်းနိုင်ခြင်းစသည်တို့ဖြစ်ခြင်း
ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ
ဝမ်းသွားတိုင်းသွေးပါမယ်။ နာကျင်နေတာမျိုးရှိရင်တော့ ဆရာဝန်နှင့် ပြသသင့်ပါတယ်။
စစ်ဆေးမှုများ
-ဆရာဝန်မှ စအိုထဲသို့လက်ထည့်၍စမ်းသပ်ခြင်း
-စအိုလမ်းကြောင်းမှန်ပြောင်းကြည့်ခြင်း
-အူမကြီးမှန်ပြောင်းကြည့်ခြင်း (အသက် ၅၀ကျော်အရွယ်များတွင် အူမကြီးကင်ဆာကြောင့်လည်း ဖြစ်နိုင်သောကြောင့် ဖြစ်သည်)
ကုသခြင်း
ဝမ်းပျော့ပျော့သွားစေရန် အမျှင်ဓာတ်များသောအစားအသောက်များကို များများစားခြင်း၊ အနာမြန်မြန်ကျက်စေရန် ဆားကျက်ရည်ဖြင့် တစ်နေ့ကို (၁၀-၂၀)မိနစ်ခန့်ထိုင်ပေးခြင်းများ ပြုလုပ်လျှင် စအိုကွဲနာသည် ရက်သတ္တပတ်အနည်းငယ်အတွင်းတွင် အလိုအလျောက်ပျောက်ကင်းနိုင်သည်။
ရောဂါလက္ခဏာများသည် မပျောက်ဘဲရှိနေလျှင်
(၁)မခွဲစိတ်ဘဲကုသခြင်း
-Nitroglycerin လိမ်းဆေးဖြင့်ကုသခြင်း( အနာကို သွေးပို့လွှတ်မှုကောင်းစေပြီး အနာကျက်မြန်စေသည်။ ဆိုးကျိုးအနေဖြင့် ခေါင်းကိုက်ခြင်းကိုဖြစ်စေသည်)
-Xylocaine လိမ်းဆေး(ထုံဆေးတစ်မျိုးဖြစ်သည်၊ နာကျင်ခြင်းကို သက်သာစေသည်)
-Botox ထိုးခြင်း(စအိုကျုံ့ကြွက်သားများကို ပြေလျော့စေရန်ဖြစ်သည်)
-သွေးထိန်းဆေးများဖြင့်ကုသခြင်း (စအိုကျုံ့ကြွက်သားများကိုပြေလျော့စေရန်ဖြစ်သည်။ Nitroglycerin မတိုးသည့်အခါ၊ နောက်ဆက်တွဲဆိုးကျိုးများကို မခံနိုင်သည့်အခါမျိုးတွင် သုံးသည်။)
(၂)ခွဲစိတ်ကုသခြင်း
-စအိုကျုံ့ကြွက်သား၏ အစိတ်အပိုင်းအချို့ကိုဖြတ်တောက်ဖယ်ရှားကာကုသခြင်း
-ခွဲစိတ်ကုသခြင်းသည် ဆေးဝါးများဖြင့်ကုသခြင်းထက်ပို၍ ထိရောက်ပါသည်။
-ခွဲစိတ်ပြီးနောက်ပိုင်း ဝမ်းမထိန်းနိုင်ခြင်း ဖြစ်နိုင်ချေအနည်းငယ်တော့ရှိပါတယ်။
ကာကွယ်ခြင်း
-အမျှင်ဓာတ်ပါသော အစားအစာများများစားပါ (ပဲအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်အမျိုးမျိုး၊ ထောပတ်သီး ၊ သစ်တော်သီး၊ မုန်လာဥနီ၊ ပန်းမုန်လာစိမ်း၊ ဘယ်ရီသီးအမျိုးမျိုး)၊ အမျှင်ဓာတ်ပါသောအစားအစာများသည် ဝမ်းပျော့ပျော့သွားစေသည်။
-ရေများများသောက်ပါ။
-ကိုယ်လက်လှုပ်ရှားမှုမှန်မှန်လုပ်ပါ။
-ဝမ်းသွားသည့်ညှစ်၍သွားခြင်းကို ရှောင်ကြဉ်ပါ။
-ကလေးများတွင် သေးခံကို မကြာခဏလဲပေးပါ။သေးခံဝတ်ထားသောနေရာကို ညင်သာစွာဆေးကြောပေးပါ။
-ဝမ်းသွားပြီးသည့်အခါတိုင်း ကြက်သီးနွေးထရုံရေထဲတွင် ၁၀-၂၀မိနစ်ခန့်စိမ်ပေးပါ။
-အုန်းဆီ၊ ရှားစောင်းလက်ပက်ဆီ၊ သံလွင်ဆီ လိမ်းပေးပါ။
Dr.Khin Jyu Jyu Ko
Ref;Mayo clinic
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။