တီဘီရောဂါဆိုသည်မှာ
08-Jul-2018
တီဘီရောဂါသည် အဓိကအားဖြင့် အဆုတ်ကိုထိခိုက်ပျက်စီးစေသောရောဂါဖြစ်ပါသည်။ ကြိုတင်ကာကွယ်ခြင်း၊ ကုသခြင်းတို့ကို ထိရောက်စွာပြုလုပ်ပါကသက်သာပျောက်ကင်းစေနိုင်သော်
လည်း စနစ်တကျ ထိထိရောက်ရောက် ကာကွယ်ကုသမှု မပြုလုပ်ပါက ပြင်းထန်ပြီး ကြောက်စရာကောင်းသောရောဂါဖြစ်ပါသည်။ တီဘီလူနာ ချောင်းဆိုးစဉ် သို့မဟုတ်
နှာချေစဉ်တွင်လွင့်စင်ထွက်လာသော အလွန်သေးငယ်သည့် ချွဲ၊ သလိပ်၊ တံတွေးစက်များ (droplets) မှ တဆင့် လူတစ်ဦးမှ တစ်ဦးသို့ ရောဂါကူးစက် ပျံ့နှံ့ပါသည်။
ဖွံ့ဖြိုးပြီး နိုင်ငံများ၌ တီဘီရောဂါ အဖြစ်နည်းသွားရာမှ
၁၉၈၅ နောက်ပိုင်း၊ HIV ဖြစ်ပွားမှုနှင့် ဆက်စပ်ကာ ပြန်လည်ခေါင်းထောင်လာပါသည်။ HIV
ကူးစက်ခံရသူသည် ခန္ဓာကိုယ်၏ ရောဂါ ခုခံနိုင်စွမ်း (ကိုယ်ခံအား) ကျဆင်းသွားသည့်အတွက်
TB ရောဂါအပါအဝင် အခြား ရောဂါများကို မကာကွယ်နိုင်တော့ပါ။ ထို့ကြောင့် HIV ကူးစက်မှုနှင့်အတူ
တီဘီရောဂါဖြစ်ပွားမှုနှုန်း ပြန်လည် များပြားလာခြင်း ဖြစ်ပါသည်။ တီဘီရောဂါပိုးသည်
အမျိုးအစားပေါင်းများစွာရှိပြီး တီဘီရောဂါကုသဆေး အများစုကို ဆေးယဉ် လျက်ရှိပါသည်။ တီဘီရောဂါ လက္ခဏာပြနေသော လူနာသည် ရောဂါကို ကုသရန်နှင့်
ဆေးယဉ်ပါးမှု မဖြစ်စေရန်အတွက် ဆေးအမျိုးအစား အမျိုးမျိုးကို တွဲဖက်သောက်သုံးရပါသည်။
တီဘီရောဂါလက္ခဏာများ
တီဘီရောဂါပိုး ခန္ဓာကိုယ်အတွင်း သို့ဝင်ရောက်လျှင် ဝင်ရောက်ချင်း
ရောဂါလက္ခဏာ ပြလေ့ရှိသကဲ့သို့ ရောဂါလက္ခဏာ ချက်ချင်းမပြဘဲ အချိန်အတန်ကြာမှ
ရောဂါလက္ခဏာ ပြခြင်းမျိုးလည်း ရှိပါသည်။ ထို့ကြောင့် ဆရာဝန်များသည် တီဘီလူနာကို ရောဂါလက္ခဏာ
မပြသေးသော တီဘ ီလူနာ(Latent TB) နှင့် ရောဂါလက္ခဏာပြသော တီဘီလူနာ (Active
TB) ဟူ၍ နှစ်မျိုး ခွဲခြားထားပါသည်။ ရောဂါလက္ခဏာ မပြသေးသော တီဘီလူနာတွင် လူနာသည် တီဘီပိုး
ကူးစက်ခံထားရပါသည်။ သို့သော် ရောဂါလက္ခဏာ မပြသေးဘဲငြိမ်နေပါသည်။
ဤအခြေအနေတွင် အခြားသူတစ်ဦးထံသို့ ရောဂါမကူးစက်နိုင်ပါ။
ခန္ဓာကိုယ်အတွင်းရှိ တီဘီပိုးသည် အချိန်မရွေးထကြွကာ ရောဂါလက္ခဏာ
ပြနိုင်သည့်အတွက် စောလျင်စွာကုသရန်လိုအပ်ပါသည်။ ကမ္ဘာ့လူဦးရေ၏သုံးပုံတစ်ပုံသည်ရောဂါလက္ခဏာ မပြသေးသော တီဘီရောဂါရှိသည်ဟု ကျွမ်းကျင်သူများက
ခန့်မှန်းထားပါသည်။ ရောဂါလက္ခဏာပြသော တီဘီရောဂါရှင်သည်ဝေဒနာကို ခံစားရပြီး အခြားသူများသို့ ကူးစက်စေနိုင်ပါသည်။
တီဘီရောဂါပိုးကူးစက်ခံရပြီး ရက်သတ္တပတ် အနည်းငယ်အတွင်း ရောဂါလက္ခဏာ ပြနိုင်သကဲ့သို့
နှစ်ပေါင်းများစွာ ကြာမှလည်း ရောဂါလက္ခဏာပြခြင်းမျိုးရှိနိုင်ပါသည်။
တီဘီရောဂါလက္ခဏာပြသောအခါ အောက်ပါတို့ကို ခံစားရပါသည်။
(၁) ချောင်းဆိုးခြင်း
(၂) ဝိတ်လျှော့ချရန် မကြိုးစားဘဲ ကိုယ်အလေးချိန်ကျသွားခြင်း
(၃) နုန်းခွေခြင်း
(၄) ဖျားခြင်း
(၅) ညဘက်ချွေးထွက်ခြင်း
(၆) ချမ်းတုန်ခြင်း
(၇) ခံတွင်းပျက်ခြင်း
တီဘီရောဂါပိုးသည် အများအားဖြင့် အဆုတ်ကို ပျက်စီးစေပါသည်။
အဆုတ်တီဘီဖြစ်သောအခါ-
(၁) နှစ်ပတ်ထက်ကျော်ပြီး ချောင်းဆိုးခြင်း
(၂) ချောင်းဆိုးလျှင် သလိပ်နှင့် သွေးစသွေးနများပါခြင်း
(၃) ရင်ဘတ်အောင့်ခြင်း သို့မဟုတ် အသက်ပြင်းပြင်းရှူလျှင်
ရင်ဘတ်အောင့်ခြင်း သို့မဟုတ် ချောင်းဆိုးလျှင် ရင်ဘတ်အောင့်ခြင်းစသည်တို့ကို ခံစားရပါသည်။
တီဘီရောဂါပိုးသည် ကျောက်ကပ်၊ ကျောရိုးနှင့် ဦးနှောက် အပါအဝင် ခန္ဓာကိုယ်၏အခြားသော အစိတ်အပိုင်းများကိုလည်း ပျက်စီးစေနိုင်ပါသည်။
တီဘီပိုး တိုက်ခိုက်ခံရသည့် ခန္ဓာကိုယ်အစိတ်အပိုင်းပေါ် မူတည်ကာ ရောဂါလက္ခဏာကို ကွဲပြားစွာ ခံစားရပါသည်။ ဥပမာ- TB Spine ဟုခေါ်
သည့် ကျောရိုးတီဘီ ဖြစ်လျှင် ခါးနာတတ်ပါသည်။ ကျောက်ကပ်တွင် တီဘီဖြစ်လျှင် ဆီးတွင် သွေးပါနိုင်ပါသည်။
ထို့ကြောင့် ဖျားခြင်း၊ အကြောင်းမယ်မယ်ရရ မရှိဘဲ ကိုယ်အလေးချိန် ကျဆင်း သွားခြင်း၊
ညဘက်တွင် ချွေးထွက်ခြင်းနှင့် နှစ်ပတ်ထက်ကျော်လွန်ကာ ရက်ရှည်ချောင်းဆိုးခြင်း တို့ကို
ကြုံတွေ့ရပါကဆရာဝန်နှင့် ပြသရပါမည်။ အထက်ပါ လက္ခဏာများသည် အများအားဖြင့် တီဘီရောဂါ၏ လက္ခဏာများ ဖြစ်ပါသည်။ တီဘီရောဂါဟုတ်မဟုတ်ကိုသေချာစေရန်အတွက် ဆရာဝန်မှ လိုအပ်သော စမ်းသပ်စစ်ဆေးမှုများပြုလုပ်ကာ ဆုံးဖြတ်ပေးမည် ဖြစ်ပါသည်။
“ တီဘီရောဂါဖြစ်စေသော အကြောင်းများ ”
တီဘီရောဂါပိုးသည် ဘက်တီးရီးယားပိုး အမျိုးအစားဖြစ်ပါသည်။
အလွန်သေးငယ်သော အရည်စက်များ (ချွဲ၊ သလိပ်၊ တံတွေး၊ နှပ်စသည်) မှ တဆင့် တစ်ဦးမှတစ်ဦးသို့ ကူးစက်ပျံ့နှံ့သောကြောင့် ရောဂါ
လက္ခဏာပြသော တီဘီလူနာ ချောင်းဆိုးခြင်း၊ စကားပြောခြင်း၊ နှာချေခြင်း၊ တံတွေးထွေးခြင်း၊
ရယ်မောခြင်း၊ သီချင်းဆိုခြင်းတို့ ပြုလုပ်နေစဉ်တွင် အခြားသူများ သို့ကူးစက်လေ့ရှိပါသည်။
တီဘီရောဂါသည် ကူးစက်နိုင်သောရောဂါဟုဆိုသော်လည်း ခရီးသွားဟန်လွှဲဖြင့် အလွယ်တကူ ကူးစက်လေ့မရှိပါ။
တီဘီရောဂါဝေဒနာရှင်နှင့် အတူတကွ တပူးတွဲတွဲ နေထိုင်ခြင်း၊ အလုပ်လုပ်ခြင်း တို့ဖြင့်
ကူးစက်ခံရနိုင်ပါသည်။ ရောဂါလက္ခဏာပြသော တီဘီလူနာအများစုသည် မှန်ကန်သော ဆေးဝါးများကို
တိတိကျကျ လိုက်နာသောက်သုံးပါကဆေးသောက်ပြီး နှစ်ပတ်ကြာလျှင် အခြားသူများသို့ မကူးစက်နိုင်တော့ပါ။
တီဘီရောဂါသည် သေဆုံးမှု ရာခိုင်နှုန်းမြင့်သော ရောဂါများအနက် တစ်ခုအပါအဝင် ဖြစ်နေပါ သည်။
ထိုသို့ဖြစ်ရခြင်းမှာ အကြောင်းရင်းများစွာရှိသော်လည်း ဆေးယဉ်ခြင်း (ဆေးမတိုးခြင်း) က အဓိကအကြောင်းအချက်ဖြစ်ပါသည်။ လွန်ခဲ့သော နှစ်ပေါင်း ၆၀ ခန့်အချိန် ပထမဆုံး
တီဘီဆေးဝါးများ အသုံးပြုစဉ်ကတည်းက တီဘီရောဂါပိုးအချို့သည် ဆေးဒဏ်ကို ခံနိုင်စွမ်းရှိခဲ့ပါသည်။
ပဋိဇီဝဆေးတစ်မျိုးသည် ခန္ဓာကိုယ်အတွင်းရှိ တီဘီရောဂါပိုးအားလုံးကို မသတ်နိုင်သောအခါ
ဆေးယဉ်နေသောတီဘီပိုးများ ပေါ်ပေါက်လာသည်။
၎င်းဆေးယဉ်နေသော တီဘီပိုးသည် ကြုံတွေ့ဖူးသော ပဋိဇီဝဆေး
အမျိုးအစားကိုသာမက အခြားသော ပဋိဇီဝဆေးများကိုပါ ယဉ်ပါးခြင်းမျိုး ကြုံတွေ့ရလေ့ရှိပါသည်။
“ တီဘီရောဂါကူးစက်ခံရရန် ပိုမို လွယ်ကူစေသော အချက်များ
”လူတိုင်းသည် တီဘီရောဂါပိုး ကူးစက်ခံရနိုင်ပါသည်။ သို့သော်
အောက်ပါအချက်များကြောင့် ကူးစက်ခံရခြေ ပိုမို မြင့်မားလာနိုင်ပါသည်။
(၁) ကိုယ်ခံစွမ်းအားလျော့နည်းခြင်း
HIV/AIDS ရောဂါကြောင့် ကိုယ်ခံစွမ်းအား လျော့နည်းသွားသည့်
အတွက် တီဘီရောဂါဖြစ်စေရန် အခွင့်အရေးတိုးလာပါသည်။ သွေးချိုဆီးချိုရောဂါ၊ကျောက်ကပ်ရောဂါ၊ အချို့သောကင်ဆာ ရောဂါများ၊ ကင်ဆာ ဆေးသွင်းကုသခြင်း၊ ကိုယ်အင်္ဂါအစားထိုး ခွဲစိတ်ကုသမှု ခံယူခြင်း၊
အာဟာရချို့တဲ့ခြင်း၊ အသက်ငယ်လွန်းခြင်း၊ အသက်ကြီးလွန်းခြင်းတို့ကြောင့် ကိုယ်ခံစွမ်းအား
အားပျော့သွားသည့်အချိန်တွင်တီဘီရောဂါ ကူးစက်ခံရရန် အခွင့်အရေးများပါသည်။
(၂) ကျန်းမာရေးစောင့်ရှောက်မှုရရှိရန်ခက်ခဲခြင်း
ငွေကြေးချို့တဲ့ခြင်းကြောင့် ဖြစ်စေ၊ ဝေးလံခေါင်သီသော
နေရာဒေသများတွင်နေထိုင်ရခြင်းကြောင့် ဖြစ်စေ ကျန်းမာရေးစောင့်ရှောက်မှုရရှိရန်
ခက်ခဲသော သူများသည် တီဘီရောဂါ ကူးစက်ခံရရန် အခွင့်အရေး များပါသည်။
(၃) အရက်နှင့်ဆေးလိပ်
အရက်ကို စဉ်ဆက်မပြတ် သောက်သုံးသောသူသည် ကိုယ်ခံအားအားပျော့သွားပြီးတီဘီရောဂါကူးစက်ခံရရန် အခွင့်အရေးပိုလာပါသည်။ ဆေးလိပ်သောက်သောသူသည်
တီဘီရောဂါ ကူးစက်ခံရရန် အခွင့်အရေး အလွန်များပါသည်။
(၄) အလုပ်အကိုင်နှင့် နေရာဒေသ
ကျန်းမာရေးဝန်ထမ်းများသည် တီဘီရောဂါရှင်များနှင့် ထိတွေ့ဆက်ဆံရသည့်အတွက် ရောဂါကူးစက်ခံရဖို့ အခွင့်အရေးများပါသည်။နှာခေါင်းစည်းတပ်ဆင်ခြင်း၊ မကြာခဏ လက်ဆေးခြင်း တို့ဖြင့်
ကူးစက်ခံရမည့် ရာခိုင်နှုန်းကို လျှော့ချနိုင်ပါသည်။ ထောင်တွင်းအကျဉ်းသားများ၊ရွှေ့ပြောင်းနေထိုင်သူများ၊ ပြုစုစောင့်ရှောက်ရေးဂေဟာများ၊
ဒုက္ခသည်စခန်းများ စသည့် လူစုလူဝေးဖြင့် စုပေါင်းနေထိုင်ရသည့် နေရာများတွင် တီဘီရောဂါပိုး
ကူးစက်ခံရရန် အခွင့်အရေး များပါသည်။
“ တီဘီရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများ ”
ကုသမှု မခံယူပါက တီဘီရောဂါသည် သေစေနိုင်သော ရောဂါဖြစ်ပါသည်။ရောဂါလက္ခဏာ ပြနေသော တီဘီလူနာသည် ကုသမှုမခံယူပါက အဆုတ်ကို ပျက်စီးစေနိုင်ပါသည်။ ထို့နောက် တီဘီပိုးများသည် သွေးမှတစ်ဆင့်
အခြားသော ကိုယ်အင်္ဂါအစိတ်အပိုင်းများသို့ ပျံ့နှံ့ရောက်ရှိသွားပါသည်။ တီဘီပိုးသည်
အရိုးသို့ ပျံ့နှံ့ရောက်ရှိသောအခါ ကျောရိုးအတွင်း နာကျင်ခြင်း၊ ကျောရိုးဆစ်များ ပျက်စီးခြင်းတို့ကို
ခံစားရပါသည်။ အချို့သောသူများတွင် နံရိုးများ၌ တီဘီပိုးဖျက်ဆီးခြင်း ခံရတတ်ပါသည်။ တီဘီပိုးသည်
ဦးနှောက်သို့ပျံ့နှံ့ရောက်ရှိသောအခါ ဦးနှောက်မြှေးရောင်ခြင်းကိုခံစားရပါသည်။ ဦးနှောက်အမြှေးရောင်ပြီး အရည်များဖြင့်
စုဖောင်းလာသောအခါ အသက်သေဆုံးစေနိုင်ပါသည်။ ကျောက်ကပ်နှင့် အသည်းသည် ကိုယ်ခန္ဓာမှနေ့စဉ်ထွက်ရှိလာသော အဆိပ်အတောက်များကို ဖယ်ထုတ် သန့်စင်ပေးရပါသည်။
ကျောက်ကပ်နှင့်အသည်းသို့ တီဘီပိုးပျံ့နှံ့ ရောက်ရှိပြီး
ပျက်စီးစေသောအခါခန္ဓာကိုယ်မှ နေ့စဉ်ထွက်ရှိသောအဆိပ်အတောက်များသည် ခန္ဓာကိုယ်အတွင်း၌ စုပုံကာ ရောဂါမျိုးစုံကို ခံစားရစေပါသည်။ တီဘီရောဂါပိုးသည်
နှလုံးကို ဝန်းရံထားသည့် တစ်ရှူးများထံသို့ ပျံ့နှံ့ရောက်ရှိနိုင်ပါသည်။ နှလုံးပတ်ဝန်းကျင်ရှိ
တစ်ရှူးများသည် တီဘီရောဂါပိုးကြောင့်ရောင်ရမ်း
လာသည့်အခါ နှလုံးပတ်ဝန်းကျင်တွင် အရည်ဓာတ်များစုပုံလာပါသည်။ ၎င်းစုပုံလာသော အရည်ဓာတ်များသည်နှလုံးအားမညှစ်နိုင်အောင် ဖိထားသကဲ့သို့ ဖြစ်နေသည့်အတွက် အချိန်ကြာလာသောအခါ နှလုံးရပ်ပြီး သေဆုံးနိုင်ပါသည်။
“ စမ်းသပ်စစ်ဆေးမှုများ ”
တီဘီရောဂါရှိကြောင်း သေချာစေရန်အတွက် စမ်းသပ်စစ်ဆေးရာတွင်
အောက်ပါစမ်းသပ် စစ်ဆေးမှုများ ပါဝင်ပါသည်။
(၁) Tuberculin Test
(၂) သလိပ်စစ်ခြင်း
(၃) ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း
(၄) သွေးစစ်ခြင်း
" တီဘီရောဂါအား ကုသခြင်း "
ဘက်တီရီးယားပိုး အုပ်စုဝင်ဖြစ်သော တီဘီရောဂါပိုးကို ကုသရာတွင်
အခြားသော ဘက်တီးရီးယားပိုးများကို ကုသခြင်းထက် အချိန်ပိုကြာပါသည်။သောက်ဆေးဖြင့် ကုသရ ပါသည်။ ပဋိဇီဝသောက်ဆေးများကို အနည်းဆုံး၆ လမှ ၉ လအထိ သောက်ရ လေ့ရှိပါသည်။ တီဘီ ရောဂါရှင်၏ အသက်အရွယ်၊
ကျန်းမာရေးအခြေအနေ၊ မတိုးတော့သော ဆေးဝါးများ၊ တီဘီရောဂါအမျိုး
အစားနှင့် တီဘီ ရောဂါဖြစ်သည့် ခန္ဓာကိုယ်အစိတ်အပိုင်းတို့အပေါ်မူတည်ကာသောက်ရမည့်ဆေးပမာဏ၊ သောက်ရမည့်ကာလအပိုင်းအခြားတို့ကွဲပြားခြားနားသွားပါသည်။ ရောဂါလက္ခဏာ မပြသေးသော တီဘီလူနာများသည်
တီဘီဆေးအမျိုးအစားတစ်မျိုးတည်းကို သောက်သုံးရုံဖြင့် လုံလောက်နိုင်ပါသည်။ ရောဂါလက္ခဏာပြသည့် တီဘီလူနာများတွင်မူ တစ်ခါ သောက်လျှင်
တီဘီဆေး တစ်မျိုးထက်ပိုကာ သောက်ရလေ့ရှိပြီး ဆေးယဉ်တီဘီ လူနာများတွင်မူ အမျိုးအစား ပိုမိုသောက်ရလေ့ရှိပါသည်။
အသုံးအများဆုံးသော တီဘီဆေးများမှာ-
(၁) Isoniazid
(၂) Rifampicin
(၃) Ethambutol
(၄) Pyrazinamide တို့ ဖြစ်ကြပါသည်။
တီဘီဆေးများတွင် အခြားသော ဆေးများနည်းတူ ဘေးထွက်ဆိုးကျိုး
ရှိပါသည်။ ယေဘုယျအားဖြင့် ဘေးထွက်ဆိုးကျိုးကို မပြတတ်သော်လည်းဘေးထွက်ဆိုးကျိုးခံစားရပြီဆိုပါက ပြင်းထန်နိုင်ပါသည်။
တီဘီဆေး သောက်သုံးနေစဉ်အတွင်း-
(၁) ပျို့အန်ခြင်း
(၂) ခံတွင်းပျက်ခြင်း
(၃) အသားဝါခြင်း
(၄) ဆီးနီ/ဝါခြင်း
(၅) အကြောင်းအရင်း မသိဘဲ သုံးရက်ထက်ပိုကာ ဖျားခြင်း စသည်တို့ကို
ခံစားရပါက ဆရာဝန်နှင့် အမြန်ဆုံး တွေ့ဆုံသင့်ပါသည်။
တီဘီဆေးသောက်သုံးပြီး ရက်သတ္တပတ် နှစ်ပတ်ကျော် ကြာလာသောအခါ
သူတစ်ပါးသို့ တီဘီရောဂါ မကူးစက်နိုင်တော့ပါ။ ထို့ပြင် ရောဂါလက္ခဏာများ သက်သာသွားပြီး
နေရထိုင်ရသည်မှာ သက်တောင့်သက်သာ ဖြစ်လာပါသည်။ ဤအချိန်သည် အလွန်အရေးကြီးပါသည်။ အဘယ်ကြောင့်ဆိုသော်
တီဘီလူနာသည် နေထိုင်ကောင်းလာပြီး တီဘီဆေးကိုဆက်မသောက်လိုတော့
သည့် စိတ်ဆန္ဒ ဖြစ်ပေါ်လာတတ်သောကြောင့် ဖြစ်ပါသည်။
တီဘီဆေးအမျိုးအစား အားလုံးကို သတ်မှတ်ထားသည့်ကာလ ပြည့်မီအောင်
တိတိကျကျ သောက်ဖို့ အလွန်အရေးကြီးပါသည်။ တီဘီဆေးသောက်ခြင်းကို ရပ်ချိန်မတိုင်မီရပ်ခြင်းနှင့်
တီဘီဆေးကိုအချိန်မှန်မှန် မသောက်မိခြင်းများကြောင့် တီဘီပိုးကို ဆေးယဉ်တီဘီပိုးအဖြစ်သို့
ရောက်ရှိစေပါသည်။ ဆေးယဉ်တီဘီဖြစ်ပြီဆိုပါက ဆေးမတိုးတော့ဘဲ ပိုမိုအန္တရာယ်ရှိပြီး ပိုမိုကုသရခက်ခဲသော
တီဘီပိုးအဖြစ်သို့ ရောက်ရှိသွားပြီ ဖြစ်ပါသည်။တီဘီဆေးသောက်ဖို့ မမေ့စေရန်အတွက် အစီအစဉ်များချမှတ်ဆောင်ရွက်လျက်ရှိရာ
လူနာကို နေ့စဉ် တိုက်ရိုက်တွေ့ထိဆေးတိုက်သောစနစ် (DOTS) ကို ကျင့်သုံးရလေ့ရှိပါသည်။
“ တီဘီရောဂါအား ကြိုတင်ကာကွယ်ခြင်း ”
တီဘီရောဂါလက္ခဏာ မပြသေးသော်လည်း စမ်းသပ်စစ်ဆေးချက်များအရ
တီဘီပိုးကူးစက်ခံရသည်ဟု တွေ့ရှိရပါက ရောဂါလက္ခဏာပြသည့် အဆင့်သို့ မရောက်စေအောင် ဆေးဝါးများ
ကြိုတင်သောက်သုံးထားဖို့ လိုအပ်ပါသည်။ ရောဂါလက္ခဏာပြမှ အခြားသူများသို့ ရောဂါကူးစက်နိုင်မည်ဖြစ်သောကြောင့် ရောဂါလက္ခဏာမပြအောင် ဆေးဝါးများ သောက်သုံးခြင်းဖြင့်
တီဘီလူနာ၏ ပတ်ဝန်းကျင်မှ သူများကို တီဘီရောဂါ မကူးစက်အောင် ကာကွယ်ထားနိုင်မည် ဖြစ်ပါသည်။
အကယ်၍ တီဘီရောဂါလက္ခဏာပြသော တီဘီလူနာ ဖြစ်ပါက အခြားသူများသို့ မကူးစက်နိုင်သည်အထိ ဆေးဝါးများသောက်သုံးနေစဉ်အတွင်း အောက်ပါအချက်များကို ပြုလုပ်ခြင်းဖြင့်
တီဘီလူနာပတ်ဝန်းကျင်မှ သူများကိုကူးစက်မှု လျော့နည်းအောင်
ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။
(၁) အိမ်မှာနေပါ။
လူထူထပ်သည့် နေရာများဖြစ်သော အလုပ်၊ ကျောင်း စသည်တို့ကို
မသွားဘဲ တစ်သီးတစ်သန့် နေထိုင်ခြင်းဖြင့် အခြားသူကို ကူးစက်မှု လျှော့ချနိုင်ပါသည်။
(၂) လေဝင်လေထွက်ကောင်းပါစေ။
အလုံပိတ်အခန်းအတွင်း နေထိုင်ခြင်းဖြင့် အခန်းထဲတွင် တီဘီရောဂါပိုးများ
ပိုမိုသိပ်သည်းစွာ ပျံ့နှံ့နေနိုင်ပါသည်။ ထို့ကြောင့်အခန်းအား လေဝင်လေထွက် ကောင်းအောင် တံခါးချပ်များ ဖွင့်ဟထားသင့်ပါသည်။
တံခါးဖွင့်ပြီး ပန်ကာဖွင့်ထားပါက ပိုမိုထိရောက်မှု ရှိပါသည်။
(၃) ပါးစပ်ကို ကာကွယ်ထားပါ။
တီဘီလူနာ ရယ်မောသောအခါ၊ နှာချေသောအခါ၊ ချောင်းဆိုးသောအခါ
တစ်ရှူး သို့မဟုတ် လက်ကိုင်ပဝါဖြင့် ပါးစပ်ကို ဖုံးအုပ်ထားရပါမည်။ ထို့နောက် လုံအောင်ပိတ်ကာ
စွန့်ပစ်ရပါမည်။
(၄) နှာခေါင်းစည်းစည်းပါ။
ခွဲစိတ်ခန်းများတွင် အသုံးပြုသည့် နှာခေါင်းစည်းကဲ့သို့
နှာခေါင်းနှင့် ပါးစပ်ကို လုံအောင် ကာကွယ်နိုင်သည့် နှာခေါင်းစည်းများ စည်းထားသင့်ပါသည်။
တစ်ခါသုံး နှာခေါင်းစည်းများကို ဈေးပေါပေါဖြင့် ဝယ်ယူရရှိနိုင်ပါသည်။ အထက်ပါအချက်များကို
ဆောင်ရွက်ရမည့်အပြင် တီဘီလူနာသည် ဆေးကို သတ်မှတ်ရက် ရောက်သည်အထိ အပြည့်သောက်ရပါမည်။
ဆေးကို လိပ်ပတ်လည်အောင် သောက်ခြင်းသည် တီဘီလူနာနှင့်တကွ ဘေးပတ်ဝန်းကျင်ရှိလူများအားလုံးကို ကောင်းကျိုးဖြစ်စေပါသည်။ ကလေးသူငယ်များတွင်ပြင်းထန်သော တီဘီရောဂါ မဖြစ်ပွားစေရန်အတွက် တီဘီရောဂါ
ကာကွယ်ဆေး ထိုးထားသင့်ပါသည်။ သတိပြုရန်မှာ BCG ကာကွယ်ဆေးသည် ကလေးသူငယ် များတွင်သာ အာနိသင်ထိရောက်မှုရှိပြီး
လူကြီးများတွင် အာနိသင်အပြည့်အ၀ မရရှိသောကြောင့် လူကြီးများတွင် ကာကွယ်ဆေးအနေနှင့်
အသုံးမပြုသင့်ပါ။ပိုမိုအစွမ်းထက်သော တီဘီရောဂါကာကွယ်ဆေးများ ရရှိရန်အတွက် သိပ္ပံပညာရှင်များက သုတေသနပြုလုပ်လျှက်ရှိပါသည်။ပရိသတ်များ ကြောက်မက်ဖွယ်ကောင်းသော တီဘီရောဂါအန္တရာယ်မှ
ကင်းဝေးနိုင်ကြပါစေ။
Ref:
ဒေါက်တာကောင်းမြတ်သာ