Print

Anxiety disorders (ကြောက်စိတ်လွန်ကဲဝေဒနာများ)

  08-Jul-2018
Preview Image

အကျဉ်းရှင်းလင်းချက်
ကြောက်စိတ်လွန်ကဲခြင်းဆိုသည်မှာ လူတစ်ဦး၏ဘဝတွင် ပုံမှန်အားဖြင့် ခံစားရသည့် ဖြစ်စဉ်တစ်ခုဖြစ်သည်။ သို့သော် စိတ်လှုပ်ရှားဝေဒနာ ရှိသူများသည် ကြုံတွေ့ရသည့် နေ့စဉ်ဘဝတွင် ပြင်းထန်သော၊ ပုံမှန်ထက်လွန်ကဲသော ကြောက်စိတ်များ အစဉ်အမြဲ ရှိနေသည်။ ထိုစိတ်လှုပ်ရှားဝေဒနာ သည်များသည် မိမိ၏ ကြောက်စိတ်ကို ထိန်းမရသည့် အတွက် တကယ်ရှိနေသည့် အန္တရာယ်ထက်မိမိ၏ ကြောက်စိတ်က လွှမ်းမိုးနေသောကြောင့် နေ့စဉ်လုပ်ငန်းဆောင်တာများကို ထိခိုက်သွားသည် အထိ ဖြစ်နိုင်ပါသည်။ ထို့ကြောင့်မိမိ၏ ကြောက်စိတ်ကို ဖယ်ရှားနိုင်ရန် ကာကွယ်နိုင်ရန်အတွက် ထိုသို့သော နေရာများ သို့မဟုတ် အခြေအနေကို ရှောင်ရှားခြင်းမျိုး ပြုလုပ်လာနိုင်သည်။ ထိုဝေဒနာသည် ငယ်ရွယ်စဉ် ကလေးဘဝမှ စ၍ ဆယ်ကျော်သက်အရွယ်တွင်သာမက လူကြီးဖြစ်လာသည်အထိ ရှိတတ်သည်။

ကြောက်စိတ်လွန်ကဲဝေဒနာ အမျိုးအစား အများအပြားရှိသည်။ အချို့မှာ ယေဘူယျ ကြောက်စိတ်လွန်ရောဂါ၊ လူကြောက်သည့် ကြောက်စိတ်လွန်ရောဂါ၊ ခွဲခွာခြင်း ကြောက်စိတ်လွန်ရောဂါ စသည့်ဖြင့် အမျိုးမျိုးရှိသည်။ လူတစ်ဦးထဲတွင် ကြောက်စိတ်လွန်ရောဂါ တစ်မျိုးထက်ပို၍ရှိနိုင်သည်။ မည်သည့်အမျိုးအစားဖြစ်စေ ဝေဒနာခံစားလာရလျှင် ကုသမှုခံယူနိုင်ပါသည်။

လက္ခဏာများ
    ဖြစ်လေ့ဖြစ်ထရှိသော လက္ခဏာများမှာ -
- ဂနာမငြိမ်ဖြစ်ခြင်း၊
- အန္တရာယ် တစ်ခုခု ရှိတော့မည်ဟု အစဉ်မပြတ်ခံစားနေရခြင်း၊
- နှလုံးခုန်မြန်ခြင်း၊
- အသက်ရှူမြန်ခြင်း
- ချွေးထွက်လွန်ခြင်း
- ခြေတုန်လက်တုန်ဖြစ်ခြင်း
- အမြဲပင်ပန်းနေသည် ဟုခံစားရခြင်း။
- ယခု လက်ရှိစိုးရိမ်စိတ်သာ လွှမ်းမိုးနေပြီး အခြားမိမိလုပ်ရမည့် အလုပ်အပေါ်အာရုံမစိုက်နိုင်ခြင်း
- အိပ်မပျော်ခြင်း
- အစာမကြေဖြစ်ခြင်း၊ ရင်ပူခြင်း။
- မိမိ ကြောက်စိတ်ကို မည်သို့မျှထိန်းချုပ်၍မရနိုင်ခြင်း
- မိမိကို ခြောက်လှန့်နေသည့် အရာများမှ ရှောင်ရှားလိုခြင်း


ဖြစ်ပွားရသော အကြောင်းရင်းများ
    မည့်သို့ကြောင့် ထိုကဲ့သို့ ကြောက်စိတ်လွန်ကဲသည့် ရောဂါဖြစ်ရခြင်းကို ကောင်းစွာနားမလည်သေးပါ။ ယခင်တည်းက စိုးရိမ်စိတ်များသူများ တွင် ဆိုးရွားသော အခြေအနေတစ်ခုခုကို ကြုံတွေ့လိုက်ရလျှင် ထိုသို့ ကြောက်စိတ်လွန်ကဲ သည့် ရောဂါဖြစ်နိုင်ချေ ပိုများလာပေလိမ့်မည်။ တစ်ခါတစ်ရံတွင် မျိုးရိုးလိုက်ခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ လူအချို့အတွက်မူ ထိုသို့ စိုးရိမ်ကြောင့်ကြစိတ်များခြင်းသည် နဂို အခံ ရောဂါ တစ်မျိုးမျိုးရှိခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ အချို့အခြေအနေတွင် ထိုသို့ စိုးရိမ်စိတ်များနေခြင်းသည်ပင် ရောဂါ တစ်မျိုးမျိုးရှိခြင်းကို ဖော်ပြနေသည်။

၎င်းနှင့် ဆက်စပ်နိုင်သော ရောဂါ အခြေအနေများမှာ
- နှလုံးရောဂါ
-သွေးတိုးရောဂါ
- လည်ပင်းကြီးရောဂါ
- အသက်ရှူလမ်းကြောင်းနှင့် ဆိုင်သော ရောဂါများ - ဥပမာ ပန်းနာရင်ကြပ်ရောဂါ
- မူးယစ်ဆေးဝါး တရားမဝင်သုံးစွဲခြင်း၊ သို့မဟုတ် ဆေးဖြတ်ထားခြင်း
- အရက်ဖြတ်ထားခြင်း၊ စိတ်ငြိမ်ဆေးများ သုံးစွဲနေခြင်း၊ သို့မဟုတ် အခြားဆေးဝါးများ သုံးစွဲနေခြင်း
- နာတာရှည် နာကျင်နေသော ရောဂါများ
- အရေးပေါ်ဟော်မုန်းကို ထုတ်ပေးသည့် ကင်ဆာရောဂါများ
    တစ်ခါတစ်ရံ စိုးရိမ်ကြောင့်ကြခြင်းသည် ဆေးဝါးအချို့၏ ဘေးထွက်ဆိုးကျိုးများကြောင့် လည်းဖြစ်နိုင်သည်။
    သင့်တွင် ယခုဖော်ပြပါအချက်အလက်များနှင့် တိုက်ဆိုင်မှုမရှိလျှင် ဖြစ်နေသော ကြောက်စိတ်လွန်ကဲခြင်းရောဂါသည် နဂိုရှိပြီးသားရောဂါ အခြေအနေတစ်ခုခုကြောင့်ဖြစ်နိုင်သည်။
- သင်နှင့် သွေးသားတော်စပ်သူ ဆွေမျိုးရင်းချာများ (မိဘ သို့မဟုတ် မောင်နှမ) ထဲတွင် ကြောက်စိတ်လွန်ရောဂါ ဖြစ်သူရှိခြင်း
- မိမိငယ်စဉ် ကလေးဘဝထဲက အလွန်အမင်းကြောက်တတ်ခြင်း
- အခြေအနေတစ်ခုကို မိမိ စိုးရိမ်ကြောက်လန့် သောကြောင့် ရှောင်ထွက်ပြေးခြင်း
 
ဖြစ်နိုင်ချေများသူများ
    အောက်ပါ အချက်အလက်များရှိသူများတွင် ကြောက်စိတ်လွန်ကဲခြင်းရောဂါ ဖြစ်နိုင်ချေများနိုင်သည်။
(၁) ထိခိုက်မှု တစ်ခုခု ကြုံတွေ့ခဲ့ခြင်း - အကြမ်းဖက်မှုတစ်စုံတစ်ရာ သို့မဟုတ် စိတ်ကြေကွဲဖွယ် အဖြစ်အပျက်တစ်ခုခု ကြုံတွေ့ခဲ့ရလျှင်  ကလေးငယ်များတွင် ဘဝ၏တစ်ချိန်ချိန်တွင် ကြောက်စိတ်လွန်ရောဂါ ဖြစ်လာနိုင်ဖွယ်ရာရှိသည်။ ကလေးငယ်များတွင်သာမက လူကြီးများတွင်လည်း စိတ်ကြေကွဲဖွယ်ရာတစ်ခုခု ကြုံလာလျှင် ထိုကဲ့သို့ပင် ကြောက်စိတ်လွန်ရောဂါ ဖြစ်လာနိုင်သည်။
(၂) နာတာရှည် နာမကျန်းဖြစ်ခြင်း - ရောဂါတစ်ခုခု ရှိခြင်း သို့မဟုတ် ပြင်းထန်သော ရောဂါတစ်ခုခု ခံစားနေရလျှင် မိမိ၏ ဆေးကုသမှု၊ မိမိ၏ အနာဂတ်နှင့်ပတ်သက်၍ စိတ်ဖိစီးမှု တစ်ခုခုတော့ ရှိနေမည်ဖြစ်သည်။
(၃) စိတ်ဖိစီးမှုများ စုပုံလာခြင်း - ဘဝအပြောင်းအလဲဖြစ်စေမည့် အဖြစ်အပျက်တစ်ခု သို့မဟုတ် စိတ်ဖိစီးမှုများသော ဘဝအခြေအနေတွင် ရှင်သန်နေသူများတွင် အလွန်အမင်းစိတ်ဖိစီးမှုဖြစ်ပေါ်လာနိုင်သည်။ ဥပမာ - မိသားစုထဲတွင်သေဆုံးသူ တစ်ဦးဦးရှိခြင်း၊ အလုပ်တွင် စိတ်ဖိစီးမှုများခြင်း သို့မဟုတ် မိမိ၏ စီးပွားရေးပြဿနာများ၊ စားဝတ်နေရေးပြဿနာများ ရှိခြင်း။
(၄) ကိုယ်ရည်ကိုယ်သွေး - အများနှင့်မတူသော ကိုယ်ရည်ကိုယ်သွေးရှိသူများတွင် ကြောက်စိတ်လွန်ရောဂါ ဖြစ်နိုင်ချေပိုများသည်။
(၅) အခြားစိတ်ပိုင်းဆိုင်ရာ ဝေဒနာရှိသူများ - စိတ်ကျဝေဒနာခံစားနေသူများတွင် ကြောက်စိတ်လွန်ရောဂါနှင့် တွဲဖက်နိုင်သည်။
(၆) မိမိ မျိုးရိုးထဲတွင် ကြောက်စိတ်လွန်ရောဂါ ဖြစ်သူများရှိခြင်း။ အဘယ်ကြောင့်ဆိုသော် ထိုရောဂါသည် မျိုးရိုးလိုက်တတ်သောကြောင့်ဖြစ်သည်။
(၇) မူးယစ်ဆေးဝါးသုံးစွဲခြင်း။ အရက်သောက်ခြင်း၊ သို့မဟုတ် ဆေးဖြတ်နေသူများ အရက်ဖြတ်နေသူများတွင် ကြောက်စိတ်လွန်ရောဂါဖြစ်ခြင်း သို့မဟုတ် ရှိလျှင်လည်း ပိုမိုဆိုးရွားလာနိုင်သည်။

နောက်ဆက်တွဲ ပြဿနာများ
- စိတ်ဓါတ်ကျခြင်း သို့မဟုတ် အခြားစိတ်ရောဂါဝေဒနာခံစားနေရသူများ
-မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများသုံးစွဲနေသူများ
- အိပ်မပျော်ခြင်း
- အစာအိမ် နှင့် ပတ်သက်သောရောဂါများ
- ခေါင်းကိုက်ခြင်း နှင့် နာတာရှည်နာကျင်ခြင်း
- တစ်ယောက်တည်း သီးသန့်နေခြင်း
- ကျောင်း နှင့် အလုပ်တွင် ပြဿနာပေါင်းစုံတက်ခြင်း
- လူနေမှု ဘဝအဆင့်အတန်းနိမ့်ကျခြင်း
- မိမိကိုယ်ကိုသတ်သေလိုခြင်း
  
ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

    - ထိုစိုးရိမ်ကြောင့်ကြမှုကြောင့် အလုပ်၊ မိမိ၏ လူအများနှင့် ဆက်ဆံမှုများ၊ မိမိ၏ စိုးရိမ်မှုသည် ဘဝ၏ အစိတ်အပိုင်းတစ်ခု ဖြစ်နေလျှင်သော်လည်းကောင်း၊
- မိမိ၏ကြောက်စိတ်၊ စိုးရိမ်စိတ်ကို မည်ကဲ့သို့မျှ ထိန်းချုပ်၍ မရခြင်း။
- ကြောက်စိတ်လွန်ခြင်းနှင့်အတူ စိတ်ကျရောဂါ၊ အရက်သို့မဟုတ် မူးယစ်ဆေးဝါးများ သုံးစွဲနေခြင်း၊ အခြားစိတ်ဝေဒနာနှင့် ပတ်သက်သည့် ရောဂါများ တွဲဖက်ရှိနေခြင်း၊
- မိမိ ခံစားနေရသော ကြောက်စိတ်လွန်ရောဂါသည် အခြားစိတ်ရောဂါများကြောင့်ဟု မိမိကိုယ်ကို ထင်နေခြင်း၊
- မိမိကိုယ်ကိုသတ်သေလိုသော စိတ်ကူးများ သို့မဟုတ် အမူအကျင့်များရှိခြင်း၊ ထိုသို့အမူအကျင့်များရှိလျှင် ချက်ချင်း ဆေးကုသမှုခံယူပါ။
            ထိုစိုးရိမ်ထိတ်လန့်မှုများသည် အလိုလို ပျောက်ကွယ်သွားမည်မဟုတ်ပါ။ သို့သော် အကူအညီမယူလျှင် ပိုဆိုးလာနိုင်ပါသည်။ မိမိကိုယ်ကို လိုအပ်သည်ဟုထင်လျှင် ချက်ချင်း အကူအညီရယူပါ။

စစ်ဆေးမှုများ
မိမိ၏စိုးရိမ်ကြောင့်ကြမှုနှင့်ပတ်သတ်ပြီး မိသားစုဆရာဝန်နှင့် စတင်တိုင်ပင်သင့်ပါသည်။ သို့သော် အလွန်ဆိုးရွားသော စိုးရိမ်စိတ်များသည့်ရောဂါတွင်စိတ်ကျန်းမာရေးဆရာဝန်နှင့်တိုင်ပင်သင့်ပါသည်။  ကြောက်စိတ်လွန်ရောဂါ နှင့် အခြားရောဂါကို ခွဲခြားရှာဖွေရာတွင် လိုအပ်သော စစ်ဆေးမှုများမှာ-
(က) မိမိ၏ စိတ်အခြေအနေကို ဆန်းစစ်ခြင်း - မိမိ၏ ခံစားချက်များ၊ တွေးခေါ်ပုံများနှင့် အပြုအမူများကို စစ်ဆေးပြီး နောက်ဆက်တွဲ ဆိုးကျိုးများရှိမရှိ ကို သုံးသပ်မည်ဖြစ်သည်။ ကြောက်စိတ်လွန်ရောဂါသည် အခြားစိတ်ရောဂါဝေဒနာများဖြစ်သည့် စိတ်ဓါတ်ကျခြင်း၊ သို့မဟုတ် မူးယစ်ဆေးဝါးသုံးစွဲခြင်း နှင့်လည်း တွဲဖက်ဖြစ်တတ်သည်။

ကုသခြင်း
    အဓိက ကုသနည်း ၂ မျိုးမှာ စိတ်ဓါတ်အားကုသခြင်း နှင့် ဆေးဝါးဖြင့်ကုသခြင်းတို့ဖြစ်ပါသည်။ ထိုနည်း ၂ မျိုးကို ပေါင်းစပ်ကုသခြင်းဖြင့် အကျိုးများစွာရှိပါသည်။ သို့သော် ထိုကုသနည်းများမှ အကျိုးရရှိရန် အချိန်တစ်ခုစောင့်ဆိုင်းရမည်ဖြစ်ပါသည်။

စိတ်ကျန်းမာရေးကုသခြင်း

    စကားပြောခြင်းဖြင့် ကုသခြင်းဟုလည်းခေါ်သည်။ ထိုကုသမှုတွင် မိမိ၏ စိတ်ကျန်းမာရေးစောင့်ရှောက်သူနှင့် ခံစားချက်များကိုပြောပြပြီး မိမိ၏ စိုးရိမ်ကြောင့်ကြစိတ်များ နည်းသွားအောင် လုပ်ဆောင်ခြင်းဖြစ်သည်။

ဆေးဝါးဖြင့်ကုသခြင်း
    မိမိဖြစ်ပေါ်သည့် ကြောက်စိတ်လွန်ရောဂါ အမျိုးအစားပေါ်မူတည်၍ ဆေးဝါးများသောက်သုံးနိုင်ပါသည်။ ဥပမာ -
- အချို့စိတ်ကျရောဂါဆေးများသည် ကြောက်စိတ်လွန်ရောဂါများကို ကုသနိုင်သည်။
- သို့သော် ဆရာဝန်နှင့် ဆေး၏ ဘေးထွက်ဆိုးကျိုးများ၊ ကောင်းကျိုးများ၊ နှင့် ဖြစ်နိုင်ချေများကို ဆွေးနွေးရန်လိုအပ်ပါသည်။

အခြားဆေးဝါးနည်းလမ်းများ
    သဘာဝ သစ်ဥသစ်ဖုများနှင့် ဆေးရွက်များကို စိုးရိမ်စိတ်လွန်ရောဂါအတွက် အသုံးပြုနိုင်သည်။ သို့သော် ထိုဆေးဝါးများကို အစားအသောက်နှင့် ကွပ်ကဲရေးဌာနမှ ထိန်းချုပ်ထားခြင်းမရှိသောကြောင့် အန္တရာယ်ကင်းရှင်းရေးရှိမရှိကို တိကျစွာမသိနိုင်ပါ။ အချို့သစ်ဥသစ်ဖုများသည် မိမိလက်ရှိသောက်နေသောဆေးဝါးများ နှင့် ပေါင်းစပ်ပြီးအန္တရာယ်ဖြစ်စေနိုင်ပါသည်။ ထို့ကြောင့် အချို့သစ်ဥသစ်ဖု ဆေးဝါးများကို မသုံးစွဲမှီ မိမိ၏ လက်ရှိတတ်ကျွမ်းသောဆရာဝန်များနှင့် တိုင်ပင်သင့်ပါသည်။

ကာကွယ်ခြင်း
    မည်သူမည်ဝါမှ ကြောက်စိတ်လွန်ရောဂါဖြစ်လာမည်ကို ခန့်မှန်း၍မရပါ။ သို့သော် ထိုသို့စိုးရိမ်စိတ်ဖြစ်ပေါ်လာလျှင်လည်း လျှော့ချနိုင်မည့် နည်းလမ်းများရှိပါသည်။
(၁) လိုအပ်လျှင် စောစီးစွာ အကူအညီယူပါ။ စောစီးစွာ အကူအညီမယူလျှင် အချိန်ကြာလာသည်နှင့်အမျှ ကုသရန်ခက်ခဲလာပေလိမ့်မည်။
(၂) ပေါ့ပါးတက်ကြွစွာနေပါ။ အခြားသူများနှင့်ပေါင်းသင်းဆက်ဆံခြင်းဖြင့် မိမိ၏ စိုးရိမ်စိတ်များကို လျှော့ချနိုင်သည်။
(၃) အရက်မသောက်ပါနှင့် သို့မဟုတ် မူးယစ်ဆေးဝါးမသုံးစွဲပါနှင့်။ အဘယ်ကြောင့်ဆိုသော် ထိုသို့ သုံးစွဲခြင်းသည် ကြောက်စိတ်လွန်ရောဂါကို ပိုမိုဆိုးဝါးလာစေပါသည်။ သို့သော် အရက်ဖြတ်မည် ဆေးဖြတ်မည်ဆိုလျှင် ထိုသို့ ဖြတ်နေစဉ် အချိန်အတွင်းမှာပင် စိုးရိမ်စိတ်များဖြစ်ပေါ်လာနိုင်ပါသည်။ ထို့ကြောင့်မိမိကိုယ်တိုင် ကြိုးစား၍မဖြစ်နိုင်ပါက တတ်ကျွမ်းသောဆရာဝန်နှင့် တိုင်ပင်သင့်သည်။

အခြားသိသင့်သော အချက်များ (ရှိလျှင်)
    ကြောက်စိတ်လွန်ရောဂါကြောင့် စိတ်ရောဂါကုသမှုများ သို့မဟုတ် ဆေးဝါးများသုံးစွဲမှုဖြင့် ထိန်းချုပ်နိုင်သည့်အပြင် မိမိ၏လူနေမှုဘဝပုံစံ ပြောင်းလဲပြီး ကုသနိုင်ပါသည်။
(၁) မိမိကိုယ်ကို တက်ကြွစွာနေတတ်သည့် အကျင့်ကို မွေးမြူပါ။ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းသည် စိတ်ဖိစီးမှုကို လျှော့ချနိုင်သည့် အကောင်းဆုံးလက်နက်ဖြစ်သည်။ အစပိုင်းတွင် ဖြေးဖြေးခြင်း လုပ်ပြီး နောက်ပိုင်း တဖြေးဖြေး တိုးပြီး လုပ်သွားပါ။
 (၂) အရက်မသောက်ပါနှင့်။ မူယစ်ဆေးဝါးမသုံးစွဲပါနှင့်။ အဘယ်ကြောင့်ဆိုသော် ထိုဆေးများသည် စိုးရိမ်စိတ်ကို ပိုဆိုးဝါးဆေးသည်။ မိမိကိုယ်တိုင်ဖြတ်ပစ်ရန်မတတ်စွမ်းပါက ဆရာဝန်နှင့်ဖြစ်စေ၊ ကျွမ်းကျင်သူများနှင့်ဖြစ်စေ တိုင်ပင်သင့်ပါသည်။
 (၃) ဆေးလိပ်ဖြတ်ပါ။ ကဖင်းဓါတ်ပါဝင်သည့် အချိုရည်များမသောက်ပါနှင့်။ နစ်ကိုတင်းဓါတ် နှင့် ကဖင်းဓါတ်များသည် အကြောက်လွန်ရောဂါကို ပိုမိုဆိုးဝါးစေပါသည်။
(၄) စိတ်ဖိစီးမှုများကို ဖြေလျော့နိုင်သည့် နည်းလမ်းများ သုံးပါ။ ဥပမာ - တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်း။
 (၅) အိပ်စက်ခြင်းကို ဦးစားပေးပါ။ မိမိတတ်နိုင်သလောက် အိပ်ရေးဝဝ အိပ်နိုင်အောင်ကြိုးစားပါ။
(၆) ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများ စားပါ။ အသီးအရွက်များ၊ သစ်ဥသစ်ဖု ၊ ဂျုံပြောင်း နှင့် ငါး များသည် မိမိ စိုးရိမ်စိတ်ကို လျှော့ချပေးနိုင်သည်။

မိမိကိုယ်တိုင်ဖြေရှင်းခြင်း နှင့် အထောက်အပံ့များ

- မိမိ ရောဂါအကြောင်း မိမိ သိနိုင်အောင် ကြိုးစားပါ။ ဆရာဝန် သို့မဟုတ် စိတ်ကျန်းမာရေးပညာရှင် များဖြင့် တွေ့ဆုံဆွေးနွေးပါ။ မိမိအတွက် အကောင်းဆုံးဖြစ်စေမည့် နည်းလမ်းကို ရှာပါ။ မိမိ မိသားစုနှင့် သူငယ်ချင်းများဆီမှ အကူအညီတောင်းခံပါ။
- မိမိကို ဆရာဝန်ပေးထားသော ဆေးများကို ညွန်ကြားထားသည့် အတိုင်းပုံမှန်သောက်ပါ။
- မိမိကို မည်သည့် အကြောင်းအရာက မည်သည့် စိတ်ဖိစီးမှုက စိုးရိမ်စိတ်ဖြစ်ပေါ်စေသည်ကို သတိထားကြည့်ပါ။ ထိုအခြေအနေမျိုး ဖြစ်ပေါ်လာပါက မည်သို့ ကိုင်တွယ် ဖြေရှင်းရမည်ကို နည်းလမ်းရှာ၍ လေ့ကျင့်ပါ။
 - မှတ်တမ်းစာအုပ် တစ်အုပ်ထားပါ။ မိမိ ဘဝအကြောင်းကို စာအုပ်ထဲတွင် ရေးမှတ်ထားခြင်းဖြင့် မိမိကိုယ်တိုင်သာမက မိမိကို ကုသနေသော ဆရာဝန်ပါ စိတ်ဖိစီးမှုဖြစ်ရသော အကြောင်းရင်းနှင့် ထိုအခြေအနေကို ပိုကောင်းလာအောင် မည်သို့ ကူညီရမည်ကို သိနိုင်မည်ဖြစ်သည်။
 - မိမိ ကဲ့သို့ပင် ကြောက်စိတ်လွန်ရောဂါ ဖြစ်နေသူများနှင့် ဆက်သွယ်ပါ။ မိမိတစ်ယောက်တည်း ဖြစ်နေခြင်းမဟုတ်သည်ကို သတိရပါ။ ထိုသို့ တွေ့ဆုံခြင်းအားဖြင့် အတွေ့အကြုံများ ဝေမျှနိုင်သည်။
 - အချိန်ကို စီမံတတ်အောင်လေ့ကျင့်ပါ။ မိမိ အချိန်နှင့် စွမ်းအင်ကို ချွေတာနိုင်အောင်လေ့ကျင့်ခြင်းအားခြင့် ကြောက်စိတ်လွန်အခြေအနေများ လျော့ကျ သွားစေနိုင်သည်။
 - လူအများနှင့်ဆက်ဆံပါ။ မိမိ၏ စိုးရိမ်ကြောင့်ကြစိတ်ကြောင့် မိမိချစ်သောသူများ၊ မိမိလုပ်နေကြ အလုပ်များနှင့် မကွဲကွာပါစေနှင့်။
- စိုးရိမ်ကြောင့်ကြစိတ်များဖြစ်ပေါ်လာလျှင် အိမ်ပြင်ထွက်၍ လမ်းလျှောက်လိုက်ခြင်း ဖြစ်စေ၊ သို့မဟုတ် ဝါသနာပါရာတစ်ခုခု ကို လုပ်လိုက်ခြင်းအားဖြင့် စိတ်အာရုံကို ပြန်လည်စုစည်းနိုင်အောင် စိုးရိမ်စိတ်ကို လွန်သွားအောင် ကြိုးစားပါ။
     
Ref: Mayo clinic
Dr. Victoria


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18