လက်သည်းတွေကပြောပြတဲ့ကျန်းမာရေး
16-Aug-2018သင့်ရဲ့ကိုယ်ခန္ဓာကျန်းမာရေး အခြေအနေဟာ သင့်လက်သည်း၊
ခြေသည်းတွေမှာ ထင်ဟပ်ပေါ်လွင်နေတယ်ဆိုတာကို သတိထားမိပါသလား။
လက်သည်းတစ်နေရာမှာ ဖြူဖျော့လာတာ၊ ဟိုနေရာမှာ နီရဲလာတာ၊ ဒါမှမဟုတ် အစင်းရာတွေအချိုင့်တွေ
ဖြစ်လာတာ၊ ရောင်ရမ်းတဲ့ အဖုတွေပေါ်လာတာဟာရောဂါတစ်ခုခုရဲ့လက္ခဏာ ဖြစ်နေနိုင်တယ်။ အသည်း၊ အဆုတ်၊ နှလုံးရောဂါတွေဟာ
လက်သည်းခြေသည်းတွေမှာ ပြောင်းလဲမှုဖြစ်ပေါ်လာတတ်တယ်။ ဒါကြောင့် သင့်ကျန်းမာရေးအကြောင်း
လက်သည်းခြေသည်းတွေက ဘာပြောနေသလဲဆိုတာ ကြည့်ရအောင်။
အရောင်ဖျော့လာတဲ့လက်သည်း၊ ခြေသည်းများ
အသက်ကြီးလို့အိုမင်းလာတဲ့အရွယ်မှာ လက်သည်းခြေသည်းတွေ အရောင်ဖျော့လာတတ်တယ်။
ဒါ့အပြင် ရောဂါတွေမှာလည်း လက်သည်းခြေသည်းတွေ အရောင်ဖျော့လာတတ်တယ်။ ဥပမာ သွေးအားနည်းခြင်း၊
နှလုံးအားနည်းခြင်း၊ ဆီးချို၊ အသည်းရောဂါနဲ့ အဟာရချို့တဲ့ခြင်းစတာတွေပါ။
ဖြူလာတဲ့လက်သည်းများ
လက်သည်းလို့ရေးပေမယ့် ခြေသည်းတွေလည်းပါတယ်။ အသည်းရောင်တာလို
အသည်းပြဿနာတွေမှာ လက်သည်းတွေဖြူနေပြီး ဘေးနှုတ်ခမ်းမှာမည်းနေတယ်။ ဒီပုံမှာဆိုရင် လက်သည်းတွေပါ
ဝါနေတာတွေ့ရမယ်။ အသည်းရောင်လို့ အသားဝါနေတာဖြစ်ပါတယ်။
ဝါနေတဲ့ လက်သည်းခြေသည်းတွေ
လက်သည်းတွေ ဝါလာတာဟာ ရောဂါတော်တော်များများမှာ ဖြစ်တတ်တယ်။
အဖြစ်များတာတစ်ခုက ခြေသည်းလက်သည်းပွေးပေါ့။ လက်သည်းမှာ မှိုစွဲကပ် တဲ့ရောဂါပါ။ ပိုဆိုးလာတဲ့အခါ
လက်သည်းအခြေ ကျုံ့ဝင်ကာ လက်သည်းထူလာပြီး အဖတ်တွေကွာတတ်တယ်။ အခြားရောဂါဖြစ်တဲ့ လည်ပင်းသိုင်းရွိုက်
အကျိတ်ရောဂါနဲ့ ဆိုရီရေးစစ်ခေါ် အရေပြားရောဂါမှာလည်း လက်သည်းဝါတတ်တယ်။
လက်သည်းခြေသည်းများ ပြာလာတဲ့အခါ
လက်သည်းတွေ ပြာနှမ်းလာတာဟာ သင့်ကိုယ်ခနာ အောက်ဆီဂျင်လုံလောက်စွာမရရှိဘူးဆိုတာကို ပြနေတာပါ။ အဆုတ်မှာ ပိုးဝင်တဲ့အခါ၊
နမိုးနီးယားရောဂါ စတာတွေဟာ ဥပမာတွေပေါ့။
လက်သည်းတွေ ကြမ်းတမ်းလာတဲ့အခါ
လက်သည်းခြေသည်း မျက်နှာပြင်မှာ အစင်းတွေ၊ အပေါက်တွေ၊ အချိုင့်တွေပေါ်လာတတ်တယ်။ လက်သည်း ကြမ်းတမ်းလာတယ်။ ဒါဟာ အဆစ်အမြစ်ရောင်ရမ်းနာနဲ့ ဆိုရီရေးစစ်ရောဂါတွေရဲ့ အစပျိုး လက္ခဏာဖြစ်တတ်တယ်။ဆိုရီရေးစစ်ဆိုတာ အသားတတ်မြန်တဲ့ နာတာ၇ှည်အရေပြားရောဂါ
တစ်မျိုးဖြစ်ပြီးဝေဒနာရှင်ရဲ့ ၁၀ မှ ၂၅ ရာခိုင်နှုန်းမှာ လက်သည်းလက္ခဏာတွေ
တွေ့ရတယ်။
လက်သည်းအက်ခြင်း၊ ကြွပ်ဆတ်ကျိုးခြင်း
ခြောက်သွေ့ပြီး ကြွပ်ဆပ်လာတဲ့အခါ လက်သည်း၊ ခြေသည်းတွေဟာ
အလွယ်တကူပဲ ကျိုးတတ်၊ အက်တတ်ခြင်း။ ဒီအခြေအနေဟာ လည်ပင်းသိုင်းရွိုက် အကျိတ်ရောဂါနဲ့
ဆက်စပ်နေတယ်။ ကျိုးပဲ့အက်ပြီး လက်သည်းမှာဝါနေတယ်ဆိုရင် မှိုစွဲကပ်တဲ့ လက်သည်းခြေသည်းပွေး
ဖြစ်နိုင်ပါတယ်။
လက်သည်းပန်းကုံးရောင်နေတာ
လက်သည်းဘေးတစ်ဝိုက် အရေပြားနီရဲပြီး ဖောင်းနေရင်လက်သည်းပန်းကုံးရောင်တယ်လို့ခေါ်တယ်။ သွေးလေးဖက်နာခေါ် အဆစ်အမျက်ရောင်တဲ့တွယ်ဆက်တစ်သျှူး ရောဂါတွေရဲ့ သတိပြုစရာလက္ခဏာ ဖြစ်ပါတယ်။
လက်သည်းအောက်မှာ အမည်းစင်းတွေ
လက်သည်းခြေသည်း အောက်ခြေမှာ အညိုအမည်းစင်းတွေ တွေ့လာပြီ ဆိုရင်တော့ သတိထားပေတော့။ အမြန်ဆုံးစမ်းသပ်စစ်ဆေးမှု ပြုလုပ်ရပါမယ်။
လက်သည်းအောက်မှာပေါ်လာတဲ့ မှဲ့ကင်ဆာဖြစ်နိုင်ခြေရှိလို့ပါ။ အသေအပျောက်များတဲ့ ကင်ဆာအမျိုးအစားဖြစ်တာကြောင့်မိုပါ။
ကိုက်ထားတဲ့လက်သည်းတွေ
လက်သည်းကိုက်တာဟာ စွဲနေတဲ့အကျင့်တစ်ခုပဲ။ ဒါပေမယ့် တစ်ခါတစ်ရံမှာတော့ စိုးရိမ်စိတ်လွန်ကဲတဲ့ စိတ်ရောဂါရဲ့ လက္ခဏာတစ်ခုဖြစ်တတ်တယ်။
ဒါဆိုရင် ကုသမှုခံယူဖို့လိုတယ်။ ကိစ္စတစ်ခုခုကို ထပ်ခါ တလဲလဲလုပ်တတ်တဲ့ တုံပြန်အစွဲကြီးရောဂါမှလည်း လက်သည်းကိုက်တတ်တယ်။ ဒါကြောင့် မိမိဘာသာ လက်သည်းကိုက်တာ
ရပ်လို့မရရင် ဆရာဝန်နဲ့ ဆွေးနွေးပြသဖို့လိုတယ်။ အထက်ပါပြောခဲ့သလိုပဲ လက်သည်းခြေသည်း
ပြောင်းလဲမှုတွေဟာ ရောဂါအများကြီးမှာ ဖြစ်တတ်တယ်။ ဒါပေမဲ့ ဒီပြောင်းလဲမှုအများစုဟာအန္တရာယ်မရှိဘူး။ ဥပမာ အသည်းရောင်
လက်သည်းဖြူ တတ်တယ် ဆိုပေမယ့် လက်သည်းဖြူတိုင်း အသည်းရောင်ရောဂါကတော့ မဟုတ်ဘူး။ ဒါကြောင့်
သင့်လက်သည်း ၊ခြေသည်းပြောင်းလဲမှု ရှိလာခဲ့လို့ ကွဲပြားစေချင်ရင်ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ ပြသဆွေးနွေးပါ လို့ အကြံပြုပါရစေ။
Ref:
ဒေါက်တာစိုးဝင်းဦး(အရေပြားအထူးကုဆရာဝန်)
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။