Print

လေးဖက်နာနှင့် ပြန်လည်ထူထောင်ရေး

  25-Feb-2017
Preview Image

 

လေးဖက်နာတွေကို လေ့ကျင့်ခန်းလုပ် ကုသတဲ့အခါမှာလည်း ဦးတည်ချက် ငါးမျိုးရှိတဲ့အလိုက် လုပ်ရတဲ့ လေ့ကျင့်ခန်းအမျိုးအစားတွေက မတူပါဘူး။

 

ဆန့်ထုတ်မှုနှင့် ပုံမှန်လှုပ်ရှားနိုင်မှု လေ့ကျင့်ခန်း
လေးဖက်နာသမားတွေဟာ အဆစ်တွေနာတာနဲ့အမျှ အဆစ်ကိုသွားပြီး မလှုပ်တာကြောင့်ရော၊ ရောဂါသဘာဝကိုက အရွတ်နဲ့ အရိုးနုတွေပါ စားသွား လို့ ကောက်သွားတာတွေကြောင့်ရော အဆစ်တွေက ပုံမှန်မကွေး၊ မဆန့်နိုင်တော့ ဘဲ ကောက်သွားတာ၊ ကွေးလျက်ကြီး ခိုင်သွားတာရှိတတ်ပါတယ်။ ဒီလိုမဖြစ်အောင် ကာကွယ်တဲ့အနေနဲ့ အဆစ်တွေကို ပုံမှန်အကွေးအဆန့်လုပ်နိုင်တဲ့ အကန့်အသတ် အထိ ဘေးလူက ကွေးပေး၊ ဆန့်ပေးတာပဲဖြစ်ဖြစ် လူနာရဲ့ ကောင်းတဲ့ဘက်နဲ့ ကိုင်ပြီး ကွေးပေးဆန့်ပေးတာပဲဖြစ်ဖြစ် လုပ်ခြင်းအားဖြင့် ကြွက်သားတွေ၊ အရွတ်တွေ၊ အဆစ်တွေရဲ့ (Range of movement, ROM) လှုပ်ရှားနိုင်စွမ်းကို ထိန်းထား ရပါတယ်။ ကွေးကောက်ပြီးသား လူနာဆိုရင်လည်း တဖြည်းဖြည်း တစ်ရက်ပြီးတစ်ရက် ပိုမိုဆန့်ပေးခြင်းအားဖြင့် ကွေးတဲ့လက်ကို ပြန်ဆန့်လာအောင် မမြှောက်နိုင်တဲ့ ပခုံးကို ပြန်မြှောက်နိုင်လာအောင် လေ့ကျင့်ပေးရတာပေါ့။

 

ဝေဒနာလျှော့ချရေးကုသမှု
လေ့ကျင့်ခန်းလုပ်လို့ မရနိုင်လောက်အောင် နာနေတဲ့အချိန်မှာတော့ ရူပဗေဒကုသမှု လို့ခေါ်တဲ့ ရောင်နေတဲ့အဆစ်ကို ဖယောင်းကပ်ပြီး အနာသက်သာအောင်လုပ်တာ၊ အသံလှိုင်း၊ အနီအောက်ရောင်ခြည်၊ လျှပ်စစ်ကုထုံးတွေနဲ့ ဝေဒနာသက်သာအောင် လုပ်တာအပြင် အနားရပြီး ကြွက်သားတွေတင်းတာ လျော့သွားအောင် ကြပ်စည်းပေးတာ၊ ပလတ်စတစ်ပုံစံခွက်လေးတွေနဲ့ အဆစ်တွေကို သက်သာမယ့် အနေအထား မှာ ထောက်ပ့ံပေးထားတာတွေလည်း လုပ်ပေးရပါတယ်။

 

ကြွက်သားသန်မာရေး လေ့ကျင့်ခန်း
(Strength) လို့ခေါ်တဲ့ ကြွက်သားတွေရဲ့ သန်မာမှုကို ရအောင်ကတော့ မနာတော့တဲ့အချိန်၊ ROM ဆန့်ထုတ်နိုင်မှု ကောင်းလာတဲ့အချိန်မှာ ဦးတည်ချက်ပြောင်း ပြီး လေ့ကျင့်ခန်းပေးရပါတယ်။ အလေးတုံးတွေ မခိုင်းတာ၊ စပရိန်ကိုင်းကို ညှစ်ခိုင်းတာ စတာတွေပေါ့။

 

အဆုတ်၊ နှလုံး သန်စွမ်းရေးလေ့ကျင့်ခန်း
အဆစ်တွေ၊ ကြွက်သားတွေ ဆန့်နိုင်၊ မနိုင်လာတဲ့အခါ အေရိုးဗစ်လေ့ကျင့်ခန်း လို့ခေါ်တဲ့ အမောခံနိုင်ရေး လေ့ကျင့်ခန်းတွေဘက်ကို တစ်ဆင့်တက်ရပါတယ်။ လမ်းမလျှောက်တာ၊ ပြင်းပြင်းထန်ထန်လှုပ်ရှားမှု မလုပ်တာကြာတဲ့ သူတစ်ယောက် ဟာ ကြွက်သားတွေ၊ အဆစ်တွေတင် ထိခိုက်တာ မဟုတ်ပါဘူး။ အဆုတ်တွေ၊ နှလုံးတွေ ကလည်း အောက်ဆီဂျင်ပို့ပေးရတာ နည်းသွားတဲ့အတွက် အလုပ်သိပ်မလုပ်တော့ဘဲ အားနည်းသွားပါတယ်။ ဒါကြောင့် လေ့ကျင့်ပေးဖို့ လိုတာပေါ့။ သီချင်းဖွင့်ပြီးကတာ၊ တာလပတ်ပေါ်မှာ စက်နဲ့လည်ပြီး ပြေးတာစတာတွေပေါ့။

 

ဟန်ချက်ညှိ လေ့ကျင့်ခန်း
ကြွက်သားတွေ၊ အရိုး၊ အဆစ်တွေရဲ့ လှုပ်ရှားမှုဟာ ဟန်ချက်ညီမှ ချော်မလဲမှာ၊ အဆစ်တွေပေါ်ကို ဒဏ်မပိဘဲ ချောချောမွေ့မွေ့လုပ်ငန်းဆောင်တာတွေ စွမ်းဆောင်နိုင် မှာ ဖြစ်တာမို့ သူ့ကိုလည်း မေ့ထားလို့ မရပါဘူး။ ရာဘာဘောလုံးကြီးပေါ်မှာ ထိုင်ခိုင်း တာ၊ ဘောလုံးကိုစီးပြီး ခုန်ခုန်ပြီးသွားရတာ၊ လှုပ်နိုင်လည်နိုင်တဲ့ သံပြားပေါ်မှာ မတ်တပ် ရပ်ပြီး ဟန်ချက်ထိန်းခိုင်းတာ စတာတွေပါ။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ပါမောက္ခဦးချစ်စိုး
Ziwaka magazine, March 2016, Pg. 36-37



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18