ကမ်းခြေကို အပန်းဖြေသွားမယ့် ပျိုမေတို့အတွက် လိုက်နာဆောင်ရွက်သင့်သည်မျာ...
25-Feb-2017
သင်္ကြန်ကာလမှာ ကမ်းခြေဘက်ကို ခရီးထွက်ချင်တဲ့ ပျိုမေတွေရှိနေကြမယ် ထင်ပါ တယ်။ ဒီတော့ အန္တရာယ်လည်းကင်းပြီး အလှလည်းမပျက်ဘဲ ခရီးသွားနိုင်အောင် လိုက်နာဆောင်ရွက်နိုင်ဖို့ အကြံဉာဏ်ကောင်းတွေ ဖော်ပြပေးချင်ပါတယ်။
အသားအရေ ထိန်းသိမ်းပါ
နေလောင်ခံပြီး အသားအရေကို ပိုကြည့်ကောင်းအောင်လုပ်တာဟာ အခုချိန် မှာ ခေတ်စားနေပေမယ့် နေလောင်တာ ငါးကြိမ်ထက် မနည်းခံနေရရင်တော့ Melanoma ဖြစ်အောင် အားပေးနေသလိုဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ ဒါကြောင့် နေပူထဲ လမ်းလျှောက်တဲ့အခါ SPF 15 ပါတဲ့ နေကာခရင်မ် လိမ်းပေးထားပေးပါ။ ဦးထုပ်ဆောင်းတာ၊ ထီးဆောင်းတာ၊ ရွက်ဖျင်တဲထဲမှာနေတာမျိုး ပြုလုပ်သင့်ပါ တယ်။ နေရောင်ခြည်အပြင်း ကျရောက်တဲ့ အချိန်က မနက် ၁၀ နာရီမှ ညနေ ၄ နာရီ ထိ ဖြစ်တာကြောင့် အဲဒီလို အချိန်တွေမှာ သတိထားနေသင့်ပါတယ်။ မျက်လုံးတွေကိုလည်း ကာကွယ်နိုင်ဖို့ မျက်မှန်တပ်တာ၊ ဦးထုပ်ကြီးကြီးတွေ ဆောင်းတာမျိုး ပြုလုပ်သင့်ပါတယ်။
နေအပူချိန်ကို သတိထားပါ
နေအပူချိန်ပြင်းလွန်တဲ့အချိန် ခေါင်းကိုက်တာ၊ မူးဝေမောပန်းတာ၊ အလိုလို နုံးချည့်ချည့်ဖြစ်တာ၊ ကြွက်တက်ပြီးအားနည်းတာ၊ အော့အန်ချင်တာ၊ ချွေးထွက်များတာ၊ အသားအရေဖြူဖျော့တာ၊ ရောင်ရမ်းတာ၊ နှလုံးခုန်မြန်တာ၊ စိတ်ရှုပ်ထွေးပြီး မကြည်မလင်ဖြစ်တာစတဲ့ ဝေဒနာတွေ ခံစားရလေ့ရှိပါတယ်။ နောက်ပြီး အသားအရေ နီရဲတာ၊ နားအူတာ၊ မီးလောင်ဖုလိုဖြစ်လာတာ၊ နာကျင်မှုပြင်းထန်ပြီး အဖျားတက် ချမ်းတုန်တာတွေ ဖြစ်တတ်ပါတယ်။ တကယ်လို့ မိမိဒါမှမဟုတ် တစ်ယောက်ယောက်က အဲလိုလက္ခဏာတွေ ခံစားနေရတယ်ဆိုရင်တော့ အရိပ်ထဲမှာ ထားပါ။ ပူလောင်တင်းကျပ်တဲ့ အဝတ်အစားတွေ ချွတ်ပစ်ပြီး ရေများများတိုက်ပါ။ ရေအေးအေးနဲ့ ရေချိုးပေးပါ။ လက္ခဏာတွေက မသက်သာဘဲ ချွေးထွက်များတာ၊ သက်တောင့်သက်သာမရှိဘဲ နာကျင်တာတွေ ပိုဆိုးလာမယ်ဆိုရင်တော့ နီးစပ်ရာ ဆေးရုံဆေးခန်းကိုပို့ပြီး အမြန်ဆုံးကုသမှု ခံယူသင့်ပါတယ်။
ဆေးသေတ္တာဆောင်သွားပါ။
ခရီးတစ်ခုသွားတိုင်း ဆေးသေတ္တာတစ်ခုတော့ မဖြစ်မနေ ဆောင်သွားသင့်ပါတယ်။ ဘယ်နေရာမှာ ဘာတွေဖြစ်လာမလဲဆိုတာ ကြိုမသိနိုင်လို့ပါ။ ကလေးတွေပါ ပါမယ်ဆိုရင် ဆေးသေတ္တာကို ပိုလို့တောင် ဆောင်ထားသင့်ပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
အိဖြူ (ဆေးဝါးတက္ကသိုလ်)
Arogyam magazine, No.279, October 2015, Pg. 192-193