Heat Exhaustion (အပူပြင်း၍ ချွေးထွက်လွန်ခြင်း)
02-Oct-2018အကျဉ်းရှင်းလင်းချက်
အပူပြင်း၍ ချွေးထွက်လွန်ခြင်း မှာ ခန္ဓာကိုယ်၏ အပူချိန်အတက်လွန်ပြီး ချွေးထွက်များခြင်းကာ နှလုံးခုန်နှုန်းမြန်လာခြင်းတို့ဖြစ်သည်။ ခန္ဓာကိုယ် အပူချိန်အတက်လွန်ပါက ကြွက်တက်ခြင်းမှ စ၍ အပူရှပ်ပြီး သတိလစ်ခြင်းများအထိ ဖြစ်နိုင်ပါသည်။
အပူပြင်း၍ ချွေးထွက်လွန်ခြင်းဖြစ်ရသည့် အကြောင်းအရင်းများမှာ ပတ်ဝန်းကျင် အပူချိန်များခြင်း၊ စိုထိုင်းဆ များခြင်းနှင့် ပြင်းထန်သော ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ လုပ်ရခြင်းတို့ကြောင့်ဖြစ်လေ့ရှိပြီး သေချာစွာ ကုသမှုမခံယူပါက အသက်အန္တရာယ် ထိခိုက်နိုင်ပါသည်။
လက္ခဏာများ
အပူပြင်း၍ ချွေးထွက်လွန်ခြင်း ၏ ရုတ်တရက်ဖြစ်ပေါ်လာလေ့ရှိသော လက္ခဏာများမှာ-
• ခြေဖျားလက်ဖျားများ အေးစက်ပြီး ကြက်သီးထလာခြင်း။
• ချွေးထွက်များလာခြင်း။
• ခေါင်းမူးခြင်း။။
• ရုတ်တရက် သတိလစ်သွားခြင်း။
• မလှုပ်ချင် မကိုင်ချင် နုံးချိသွားခြင်း။
• ရုတ်တရက် နှလုံးခုန်နှုန်း မြန်လာခြင်း။
• မတ်တတ်ရပ်နေချိန်တွင် သွေးပေါင်ချိန်ကျခြင်း။
• ကြွက်တက်ခြင်း။
• ပျို့ခြင်း။
• ခေါင်းကိုက်ခြင်း။
ဖြစ်ပွားရသော အကြောင်းရင်းများ
အပူပြင်း၍ ချွေးထွက်လွန်ခြင်း သည် သင်၏ ကိုယ်တွင်း အပူချိန် ၃၇ ဒီဂရီ စင်တီဂရိတ် သို့မဟုတ် ၉၈.၆ ဖာရင်ဟိုက် ထက်များပါက ဖြစ်လေ့ရှိပြီး ပြင်ပ ပတ်ဝန်းကျင် အပူချိန် များခြင်းကြောင့် ဖြစ်လေ့ရှိသည်။နွေရာသီတွင် ခန္ဓာကိုယ်မှ အပူချိန်အား ပုံမှန်ဖြစ်စေရန် ချွေးထွက်ခြင်းဖြင့် ထိန်းလေ့ရှိသော်လည်း ရာသီဥတု ပူချိန်တွင် ပြင်းထန်သော အားကစားလှုပ်ရှားမှုများ ပြုလုပ်ပါက ပတ်ဝန်းကျင် စိုထိုင်းဆ များခြင်းကြောင့် ခန္ဓာကိုယ်အပူချိန်အား ပုံမှန်အနေအထားတွင် ရှိစေရန် မထိန်းညှိပေးနိုင်တော့ပေ။ ထို့ကြောင့် အပူကြီးပြီး ကြွက်တက်ခြင်း၊ ချွေးထွက်လွန်ခြင်း၊ ညောင်းညာ နုံးချိခြင်း၊ ရေဆာခြင်းများ နှင့် အပူပြင်း၍ ချွေးထွက်လွန်ခြင်းများ ဖြစ်လေ့ရှိသည်။ ထိုသို့ဖြစ်ခြင်းများကို ကာကွယ်နိုင်ရန် ရာသီဥတု အပူချိန်များပါက အေးသောနေရာ အရိပ်ရသော နေရာများတွင် နေခြင်း၊ ဓာတ်ဆားသောက်ခြင်းတို့ ပြုလုပ်နိုင်ပါသည်။
ဖြစ်ပွားရသော အကြောင်းအရင်းများ-
• ရာသီဥတု ပြင်းပြင်းထန်ထန် ပူခြင်း။
• ပြင်းထန်သော ကိုယ်လက်လှုပ်ရှား အားကစားလေ့ကျင့်ခန်းများ လုပ်ခြင်း။
• ရေဓာတ်မလုံလောက်ခြင်း၊ ရေဓာတ်ခမ်းခြောက်ခြင်း။
• အရက်သောက်ခြင်း။
• နွေရာသီတွင် ထူထဲသော အဝတ်အစားများ ဝတ်ခြင်း။
ဖြစ်နိုင်ချေများသူများ
အပူပြင်း၍ ချွေးထွက်လွန်ခြင်း ဖြစ်နိုင်ချေများသူများမှာ-
• အသက် ၄နှစ်အောက် ကလေးများ နှင့် အသက် ၆၅ နှစ်ထက်ကြီးသူများ။
• ဆေးအချို့သောက်သုံးနေရသူများ(ဥပမာ- နှလုံးဆေးသောက်နေရသူများ၊ စိတ်ငြိမ်ဆေးသောက်နေရသူများ၊ အချို့သော သွေးတိုးကျဆေး သောက်နေရသူများ)။
• မူးယစ်ဆေးဝါး သုံးစွဲနေသူများ။
• အဝလွန်သူများ။
• ရုတ်တရက် ရာသီဥတု အပြောင်းအလဲကို တွေ့ကြုံလိုက်ရသူများ( အအေးပိုင်းဒေသမှာ အပူပိုင်း သို့မဟုတ် သမပိုင်းဒေသများသို့ ခရီးထွက်လာကြသူများ)။
• ပတ်ဝန်းကျင် စိုထိုင်းဆ များနေသောအချိန်များ( စိုထိုင်းဆများခြင်းကြောင့် ချွေးထွက်နည်းပြီး အပူပြင်း၍ ချွေးထွက်လွန်ခြင်း ဖြစ်တတ်သောကြောင့် ဖြစ်သည်)။
နောက်ဆက်တွဲ ပြဿနာများ
အပူပြင်း၍ ချွေးထွက်လွန်ခြင်း ကို သေချာစွာ ကုသမှု မခံယူပါက အပူပြင်း၍ သတိလစ်ခြင်းမှ အပူရှပ်ခြင်းဖြစ်ပြီး အသက်အန္တရာယ် ဆုံးရှုံးရသည်အထိ ဖြစ်နိုင်ပါသည်။
ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ
အကယ်၍ သင်သည် အပူပြင်း၍ ချွေးထွက်လွန်ခြင်းရောဂါ ခံစားနေရသည်ဟု သံသယရှိပါက-
• လှုပ်လှုပ်ရှားရှားလေ့ကျင့်ခန်းများ အားလုံးကို ရပ်ပါ။
• အေးသော အရိပ်ရသော နေရာတွင် နားပါ။
• ရေအေး သို့မဟုတ် ဓာတ်ဆားသောက်ပါ။
အထက်ဖော်ပြပါ လက္ခဏာများ ပိုဆိုးလာခြင်း သို့မဟုတ် ကိုယ်အပူချိန် ၁၀၄ ဒီဂရီ ဖာရင်ဟိုက် ထက်များလာပါက ဆေးကုသမှု အမြန်ဆုံး ခံယူပါ။
စစ်ဆေးမှုများ
အပူပြင်း၍ ချွေးထွက်လွန်ခြင်းရောဂါ ကို ခံစားနေရပါက အောက်ပါ စစ်ဆေးမှုများ ပြုလုပ်ရန် လိုအပ်ပါသည်။
• သွေးတွင်း ဓာတ်ဆားဓာတ် စစ်ဆေးခြင်း (အထူးသဖြင့် ပိုတက်ဆီယမ် နှင့် ဆိုဒီယမ်ဓာတ်)။
• ဆီးစစ်ခြင်း (အပူပြင်း၍ သတိလစ်ခြင်းဖြစ်ပါက ကျောက်ကပ်ပျက်စီးနိုင်ခြင်းကြောင့်ဖြစ်သည်။)
• ကြွက်သားများ ၏ အလုပ်လုပ်နိုင်မှု စွမ်းရည်ကို စစ်ဆေးခြင်း။
• ဓာတ်မှန်ရိုက်ခြင်း သို့မဟုတ် ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း။
ကုသခြင်း
အပူပြင်း၍ ချွေးထွက်လွန်ခြင်းဖြစ်ပါက အဓိက ကုသရန် နည်းလမ်းများမှာ-
• အေးသောနေရာတွင် နားခြင်း( လေအေးပေးစက်ရှိသော နေရာ သို့မဟုတ် အရိပ်ရသောနေရာ သို့မဟုတ် ပန်ကာလေ ရသော နေရာ တွင် လဲှအိပ်၍ ခြေထောက်ကို မြှောက်ထားပါ။)
• ရေများများ သောက်ပေးပါ။ ဓာတ်ဆားရှိပါက ဓာတ်ဆားရေသောက်ပေးပါ။ (အရက်နှင့် ဘီယာများ သောက်ခြင်းကို ရှောင်ကြဉ်ပါ။)
• ရေပတ်တိုက်ခြင်း၊ရေချိုးခြင်း၊ ရေခဲဝတ်ကပ်ခြင်းများ ပြုလုပ်ပေးပါ။
• အဝတ်အစားများ တင်းကြပ်နေပါက မကြပ်အောင် ပြုလုပ်ပေးပါ။
ထိုသို့ပြုလုပ်ပြီး တစ်နာရီအတွင်း မသက်သာပါက ဆေးရုံဆေးခန်းသိူ့ အမြန်သွား၍ ကုသမှု ခံယူပါ။ လိုအပ်ပါက ဆေးသွင်း၍ ကုသခြင်းများ ပြုလုပ်ရန် လိုအပ်နိုင်ပါသည်။
ကာကွယ်ခြင်း
အပူပြင်း၍ ချွေးထွက်လွန်ခြင်းကို ကာကွယ်ရန် ရာသီဥတုပူလာပါက-
• ပေါ့ပေါ့ပါးပါးရှိသော အရောင်ဖျော့သော အဝတ်အစားများကို ဝတ်ဆင်ပါ။ ထူထဲသော ကြပ်သော အဝတ်အစားများ ဝတ်ခြင်းကို ရှောင်ပါ။
• နေပူခံခြင်းကို ရှောင်ပါ။ အပြင်ထွက်ပါ က ထီးဆောင်ပါ။ နေလောင်ခံ ခရင်မ်များ လိမ်းပါ။
• ဖြစ်နိုင်ပါက အေးသောနေရာ နေရိပ်သောနေရာများတွင် နေပါ။
• ရေများများသောက်ပါ။ ရေဓာတ် မခမ်းခြောက်အောင်နေပါ။ အရက်သေစာသောက်သုံးခြင်းကို လုံးဝရှောင်ပါ။
• နှလုံးဆေးသောက်နေရသူများ၊ စိတ်ငြိမ်ဆေးသောက်နေရသူများ၊ အချို့သော သွေးတိုးကျဆေး သောက်နေရသူများဖြစ်ပါက မိမိကိုယ်ကို ဂရုစိုက်ပါ။ အပူဒဏ်မခံပါနှင့်။
• နေပူထဲတွင် သွားလာလှုပ်ရှားခြင်းကို တတ်နိုင်သမျှ ရှောင်ပါ။ ကားတွင်ရှိ အပူချိန်သည် ပြင်ပရာသီဥတုအပူချိန်ထက် ၁၀ ဒီဂရီထက် ပို၍ များနိုင်သောကြောင့် ကားမမောင်းမှီ ကားအတွင်း အေးအောင်ပြုလုပ်ပါ။ ကလေးငယ်များအား နွေရာသီတွင် ကားတွင်းတွင် ပါကင်ထိုးပြီး အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခိုင်းခြင်းမျိုး လုံးဝ မပြုလုပ်သင့်ပါ။
• အေးသောဒေသတွင် နေထိုင်သောသူများ အပူပိုင်းဒေသသို့ နွေရာသီတွင် ခရီးသွားမည် ဆိုပါက ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်သွားပါ။ အပူဒဏ်ခံနိုင်အောင် လေ့ကျင့်ပါ။ အပူပိုင်းဒေသနှင့် သင့်တော်မည့် အဝတ်အစားများ ရွေးချယ်သွားပါ။ အကယ်၍ ရာသီဥတု ကွာဟချက် အလွန်များပါက ခရီးသွားမည့် အချိန်ကို ရွှေ့ဆိုင်းရန် အဆင်ပြေပါက ရွှေ့ဆိုင်းပါ။ သို့မဟုတ် ထိုဒေသ၏ ရာသီဥတုနှင့် အသားကျစေရန် ၂ ရက် ၃ရက်ခန့် အချိန်ယူပါ။
• ပြင်းထန်သောအားကစားလှုပ်ရှားမှုများကို နွေရာသီတွင် မပြုလုပ်ပါနှင့်။ အားကစားပြုလုပ်မည်ဆိုပါကလည်း လုံလောက်စွာ အနားယူပါ။ ဓာတ်ဆားဆုံးရှုံးမှု မရှိစေရန် ဓာတ်ဆားသောက်ပါ။
Dr.Genius ( 7887 Healthcare Call center)
Ref: Mayo Clinic
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။