ခရမ်းလွန်ရောင်ခြည်သင့်ခြင်းနှင့် ကျန်းမာရေးအကျိုးဆက်များ
16-Jan-2019အခုတလော ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံထဲက မြို့တော်တော်များများမှာ
နေမရထိုင်မရနဲ့ အတော်လေးကိုပူနေပါတယ်။ ပူနေရတဲ့ကြားထဲ
နေရောင်ခြည်ထဲက မြန်မာနိုင်ငံအပေါ်ကျရောက်တဲ့ ခရမ်းလွန်ရောင်ခြည်စံနှုန်း
UV index ကလည်း အတော်များနေတဲ့အတွက် နေပူထဲအလုပ်လုပ်နေရတဲ့ နေရောင်ဒဏ်ခံနေရတဲ့သူတွေအတွက်
စိုးရိမ်စရာဖြစ်နေပါတယ်။ မြန်မာနိုင်ငံမှာတော့ ခရမ်းလွန်ရောင်ခြည်ဆိုတဲ့စကားကို ကြားဖူးနေကြဖြစ်ပေမယ့်လည်း
အများစုကတော့ ခရမ်းလွန်ရောင်ခြည်အကြောင်းနဲ့ ကောင်းကျိုးဆိုးပြစ်တွေကို
အသေအချာမသိကြသေးတဲ့အတွက်ကြောင့် ခရမ်းလွန်ရောင်ခြည်သင့်ခြင်းနှင့် အကျိုးဆက်များကို တင်ပြလိုက်ရပါတယ်။
ခရမ်းလွန်ရောင်ခြည်
ခရမ်းလွန်ရောင်ခြည် Ultraviolet ဆိုတာဟာ လှိုင်းအလျား
10 nm ကနေ 400 nm ကြားက ရောင်ခြည်တွေဖြစ်ပါတယ်။ လူ့မျက်စိဟာ လှိုင်းအလျား 390 nm ကနေ
700 nm ကြားကိုပဲမြင်ရတဲ့အတွက် လူ့မျက်စိနဲ့တော့ ခရမ်းလွန်ရောင်ခြည်ကို မမြင်ရပါဘူး။
လူတွေမမြင်ရပေမယ့် အင်းဆက်အချို့နဲ့ ငှက်များကတော့ ခရမ်းလွန်ရောင်ခြည်ကို မြင်နိုင်ကြပါတယ်။ အစောကဆိုခဲ့တဲ့အတိုင်း လှိုင်းအလျား 10nm ကနေ
400nm ကြားတွေကို ခရမ်းလွန်ရောင်ခြည် (Ultraviolet ray) လို့ အကုန်စုပေါင်းခေါ်ဆိုကြပေမယ့်
လှိုင်းအလျားတွေအပေါ်မူတည်ကာ ခရမ်းလွန်ရောင်ခြည်ကို Ultraviolet, Ultraviolet A,
Ultraviolet B, Ultraviolet C, Near Ultraviolet, Middle Ultraviolet, Far
Ultraviolet, Extreme Ultraviolet, Vacuum Ultraviolet ဆိုပြီး အမျိုးအစားထပ်
ခွဲထားပါသေးတယ်။ ခရမ်းလွန်ရောင်ခြည်များဟာ နေရောင်မှာအဓိက
အများအပြား ပါဝင်နေပေမယ့် ကမ္ဘာ့မျက်နှာပြင်အထက် ကီလိုမီတာ ၂ဝ ကျော်လောက်မှာကတည်းက
အိုဇုန်းလွှာ (Ozone Layer) ရဲ့ စစ်ထုတ်ပေးလိုက်မှုကြောင့် နေရောင်ခြည်မှာပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်ရဲ့
စုစုပေါင်း ၃ ရာခိုင်နှုန်းလောက်သာ လူသားတွေအပေါ်မှာ သက်ရောက်မှုရှိပါတယ်။ သို့သော်လည်း ကမ္ဘာကြီးပူနွေးလာမှုကြောင့်
အိုဇုန်းလွှာ ပါးလွှာမှုတွေ ဖြစ်ပေါ်လာခဲ့တဲ့နောက်မှာတော့
ကမ္ဘာကြီးပေါ်ကို ခရမ်းလွန်ရောင်ခြည် သက်ရောက်မှုတွေ
ပိုမိုများပြားလာပါတယ်။ အကျိုးဆက်အနေနဲ့ကတော့ ခရမ်းလွန် ရောင်ခြည်သင့်မှုကြောင့် ကျန်းမာရေးပြဿနာ အများအပြားဖြစ်ပွားလာရပါတယ်။
ခရမ်းလွန်ရောင်ခြည်၏ ကောင်းကျိုးများ
ခရမ်းလွန်ရောင်ခြည်အများအပြားသင့်ခြင်းဟာ ကျန်းမာရေးဆိုးကျိုးများကိုဖြစ်ပေါ်စေပေမယ့်
သင့်တင့်တဲ့ပမာဏရှိတဲ့ ခရမ်းလွန်ရောင်ခြည်ကတော့ကျန်းမာရေးအရကောင်းကျိုးတွေရှိပါတယ်။
ဗိုက်တာမင်ဒီဓါတ် - ခရမ်းလွန်ရောင်ခြည်ဟာ အရိုးအဆစ်တွေသန်မာဖို့
ဖွံ့ဖြိုးဖို့လိုအပ်တဲ့ ဗိုက်တာမင်ဒီဓါတ်ကို ခန္ဓာကိုယ်ကဖွဲ့စည်းတဲ့အခါမှာ အကူအညီပေးပါတယ်။
ဗိုင်တာမင်ဒီဓါတ်ဖြစ်ပေါ်ဖို့အတွက် ခရမ်းလွန်ရောင်ခြည်ဟာ မရှိမဖြစ်လိုအပ်ပါတယ်။
အရေပြားရောဂါများကိုကုသခြင်း - ခရမ်းလွန်ရောင်ခြည်ဟာ
Vitiligo(ခရုသင်း) နဲ့ Psoriasis (ယားယံပြီးအရေပြားများ အကြေးခွံကဲ့သို့ ကွာကျတတ်သောရောဂါ)
တွေကိုကုသတဲ့နေရာမှာ အသုံးပြုနိုင်ပါတယ်။
စိတ်ကူးစိတ်သန်းကိုကောင်းစေခြင်း - လေ့လာမှုတွေအရတော့ နေရောင်ဟာ
ဦးနှောက်မှာရှိတဲ့ အကျိတ်တစ်မျိုးကို လံှု့ဆော်ပြီး Tryptamines ဆိုတဲ့ဟော်မုန်းဓါတ်တစ်မျိုးကိုထွက်ရှိစေတဲ့အတွက်
စိတ်ကူးစိတ်သန်းတွေကောင်းစေတယ်လို့ဆိုပါတယ်။
ပိုးသေစေခြင်း - ခရမ်းလွန်ရောင်ခြည်ဟာ ဗိုင်းရပ်စ်နဲ့
ဘက်တီးရီးယားလိုမျိုး ပိုးမွှားတွေရဲ့ DNA ကိုဖျက်ဆီးပြီး သေစေနိုင်တဲ့အတွက် ပိုးသတ်တဲ့နေရာတွေမှာ
အသုံးပြုနိုင်ပါတယ်။
ခရမ်းလွန်ရောင်ခြည်၏ ဆိုးကျိုးများ
အရေပြားကင်ဆာ - ခရမ်းလွန်ရောင်ခြည်ဟာ အရေပြားကင်ဆာဖြစ်ပွားရခြင်းရဲ့
အဓိကအကြောင်းရင်းဖြစ်ပါတယ်။ အရေပြားကင်ဆာဖြစ်ပွားရခြင်း စုစုပေါင်းရဲ့ ၉ဝ
ရာခိုင်နှုန်းလောက်ဟာ ခရမ်းလွန်ရောင်ခြည်သင့်ခြင်းကြောင့်ဖြစ်ပါတယ်။
ခရမ်းလွန်ရောင်ခြည်ဟာ နေလောင်ခြင်းမဖြစ်ပေါ်စေဘဲ အရေပြားရဲ့ DNA ကိုပျက်ဆီးစေနိုင်တဲ့အတွက်ကြောင့်
ကျွနု်ပ်တို့နေ့စဉ်ထိတွေ့နေရတဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ အားအကောင်းဆုံး
ကင်ဆာဖြစ်ပွားစေနိုင်တဲ့ အရာဖြစ်ပါတယ်။ ခရမ်းလွန်ရောင်ခြည်သင့်ခြင်းဟာ
အဓိကအရေပြားကင်ဆာတွေဖြစ်တဲ့ Basal cell carcinoma, Squamous cell carcinoma နဲ့
melanoma သုံးမျိုးစလုံးကိုဖြစ်ပေါ်စေနိုင်ပါတယ်။
နေလောင်ခြင်း - ခရမ်းလွန်ရောင်ခြည်ဟာ အရေပြားဆဲလ်တွေကိုပျက်ဆီးစေနိုင်တဲ့အတွက်
နေလောင်ဒဏ်ရာတွေ ဖြစ်စေနိုင်ပါတယ်။ နေလောင်ပြီးပျက်ဆီးသွားတဲ့ အရေပြားနေရာကို ပြန်လည်အစားထိုးဖို့အတွက်
သွေးလည်ပတ်မှုများများ အရေပြားနေရာကိုသွားရတဲ့အတွက် နေလောင်တဲ့အချိန်မှာ အရေပြားတွေဟာ
နီရဲနေတာဖြစ်ပါတယ်။
ကိုယ်ခံအားကိုကျဆင်းစေခြင်း - ခရမ်းလွန်ရောင်ခြည်နဲ့အလွန်အမင်းထိတွေ့ရခြင်းဟာ
ကိုယ်ခံအားကိုကျစေနိုင်ပါတယ်။ ခရမ်းလွန်ရောင်ခြည်ဟာ နေလောင်ခြင်းကိုဖြစ်ပွား
စေနိုင်ပြီးအဲလိုနေလောင်ခြင်းဟာ သွေးဖြူဥတွေရဲ့ ရောဂါတိုက်ခိုက်နိုင်စွမ်းကို
ကျဆင်းစေတဲ့အတွက် ကိုယ်ခံအားကျဆင်းတာဖြစ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ကိုယ်ခံအားစနစ်ဟာ
ရောဂါဖြစ်ပွားစေတဲ့ဗိုင်းရပ်စ်၊ ဘက်တီးရီးယားတွေရဲ့ရန်ကိုကာကွယ်ထားရ
တာဖြစ်တဲ့အတွက်ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ် ကျဆင်းလာတဲ့အခါမှာ
ရောဂါမျိုးစုံ ဝင်ရောက်လာနိုင်ပါတယ်။
မျက်လုံးထိခိုက်ခြင်း - ခရမ်းလွန်ရောင်ခြည်နဲ့ အချိန်ကြာမြင့်စွာထိတွေ့တဲ့အခါမှာ
မျက်လုံးရဲ့တစ်ရှူးများကိုပျက်ဆီးစေနိုင်ပြီး မျက်နက်စံ၊ မျက်စိမှန်ဘီလူး၊ မြင်လွှာ
အစရှိတာတွေကိုထိခိုက်နိုင်ပါတယ်။
အရေပြားအိုမင်းရင့်ရော်မှုမြန်စေခြင်း - ခရမ်းလွန်ရောင်ခြည်ဟာ
အရေပြားအလွှာမှာရှိတဲ့ Collagen ဓါတ်ကို ပျက်ဆီးစေနိုင်တဲ့အတွက်ကြောင့် အရေပြားအိုမင်းရင့်ရော်မှုတွေဖြစ်ပေါ်စေနိုင်ပါတယ်။
အရေးအကြောင်းများ၊ အစက်အပျောက်များနှင့် အရေပြားလျော့တိလျော့ရဲဖြစ်မှုတွေဟာ အရေပြား
အိုမင်းရင့်ရော်ခြင်းရဲ့
လက္ခဏာတွေဖြစ်ပြီး ကာလကြာရှည် ခရမ်းလွန်ရောင်ခြည်သင့်တဲ့သူတွေမှာ
ဒီလိုလက္ခဏာတွေတွေ့မြင်ရတတ်ပါတယ်။
ခရမ်းလွန်ရောင်ခြည်စံနှုန်း (UV index)
ခရမ်းလွန်ရောင်ခြည် ကမ္ဘာ့မျက်နှာပြင်မရောက်ရှိခင်မှာပဲ
အိုဇုန်းအလွှာကနေရောင်ထဲက ခရမ်းလွန်ရောင်ခြည်ဓါတ်ကို စစ်ထုတ်လိုက်ပါတယ်။ အိုဇုန်းအလွှာရှိနေခြင်းကြောင့်သာ
ကမ္ဘာပေါ်မှာသက်ရှိများရှင်သန်နေထိုင်နိုင်တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကမ္ဘာကြီးပူနွေးလာတဲ့အခါမှာတော့
အိုဇုန်းအလွှာပါးလွှာလာပြီး ခရမ်းလွန်ရောင်ခြည်အများအပြားပဲ ကမ္ဘာမြေပေါ်ကိုသက်ရောက်လာပါတယ်။
ကမ္ဘာမြေပေါ်ကို သက်ရောက်တဲ့ ခရမ်းလွန်ရောင်ခြည်ကိုဖော်ပြတဲ့အခါမှာ ခရမ်းလွန်
ရောင်ခြည်စံနှုန်း(UV index) နဲ့ဖော်ပြလေ့ရှိပါတယ်။ အိုဇုန်းလွှာရဲ့
အထူဟာ ရာသီဥတု၊ အချိန်ကာလ၊ နေရာအနေအထားပေါ်လိုက်ပြီးကွဲပြားတဲ့အတွက် ကမ္ဘာ့နေရာအသီးသီးကို
ကျရောက်တဲ့ ခရမ်းလွန်ရောင်ခြည်စံနှုန်းဟာလည်း နေရာတစ်ခုနဲ့တစ်ခုမတူတတ်ပါဘူး။ ခရမ်းလွန်ရောင်ခြည်စံနှုန်းကို
ဖော်ပြတဲ့နေရာမှာ ရောင်ခြည်ကျရောက်တဲ့
ပမာဏအပေါ်မူတည်ပြီး အရောင် (၅) မျိုးနဲ့ ခွဲခြားပါတယ်။
အဲဒီအရောင်တွေကတော့ Green (UV index 0-2), Yellow (UV index 3-5), Orange (UV
index 6-7), Red (UV index 8-10), Violet (UV index 11+) တို့ဖြစ်ပါတယ်။ UV index များလေလေ
ကျန်းမာရေးဆိုးကျိုးများလေလေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက မြို့အတော်များများကိုကျရောက်တဲ့
UV Index ကတော့ Red နဲ့ Violet (8-11) ဖြစ်တဲ့အတွက်ကြောင့် ကျန်းမာရေးအပေါ်အတော်ကြီးကို
ဆိုးကျိုးရှိနေနိုင်တဲ့ အနေအထားဖြစ်ပါတယ်။
ခရမ်းလွန်ရောင်ခြည် ကာကွယ်ရေး
ခရမ်းလွန်ရောင်ခြည်အန္တရာယ်က ကာကွယ်ဖို့အတွက် ဖြစ်နိုင်သမျှ
မနက် ၁ဝနာရီကနေ ညနေ ၄နာရီကြားမှာ အပြင်ထွက်တာကိုရှောင်ပါ။ အပြင်ထွက်ရမယ်ဆိုရင်လည်း
နေရောင်ထဲမှာအကြာကြီးနေတာမျိုးကိုရှောင်ပြီး အရိပ်ထဲမှာနေပါ။
နေကာမျက်မှန်တပ်ပါ။ နေရောင်ခံကရင်မ်လိမ်းပါ(နေရောင်ခံခရင်မ်အစား
သနပ်ခါး ထူထူလိမ်းတာမျိုးလည်း လုပ်ပေးနိုင်ပါတယ်)။
နေပူထဲသွားတဲ့အခါမှာ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်ဝတ်ပါ။
ဦးထုပ်ဆောင်းပါ။ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို တတ်နိုင်သမျှနေရောင်မခံရအောင်ဖုံးပါ။
ခရမ်းလွန်ရောင်ခြည်သင့်ခြင်းဟာ စုပုံလာတတ်တဲ့
သဘောရှိတဲ့အတွက်ကြောင့် ခရမ်းလွန်ရောင်ခြည်သင့်ခြင်းကိုကာကွယ်ဖို့အတွက်
နောက်ကျနေတယ်ဆိုတာ မရှိပါဘူး။ အခုအချိန်မှာစတင်ကာကွယ်ခြင်းဟာ
အကောင်းဆုံးအချိန်ပါပဲ။
Healthcare.com.mm
Credit:
လူတိုင်းသိသင့်သော ဆေးပညာ
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့်
ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄
နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။