Ulcerative colitis ( အူမကြီး အနာ )
02-Feb-2019အူမကြီး အတွင်းနံရံများ ရောင်ရမ်းမှု အချိန်ကြာမြင့်လာသောအခါ အနာဖြစ်ခြင်းကို အူမကြီးနာဟု ခေါ်သည်။
လက္ခဏာများ
အူမကြီး အနာဖြစ်သူများတွင် ဖြစ်သောနေရာကိုလိုက်၍ ရောဂါလက္ခဏာများ ကွာခြားတတ်သည်။
လက္ခဏာများ အနေဖြင့်
· ဝမ်းသွားခြင်း
· ဝမ်းဗိုက်ထိုး၍ အောင့်ခြင်း
· ဝမ်းသွားရာတွင် သွေးပါခြင်း၊ အချွဲများပါတတ်ခြင်း
· မကြာခဏ ဝမ်းသွားလိုခြင်း
· ဝမ်းသွားချင်စိတ် ဖြစ်သော်လည်း ဝမ်းမသွားနိုင်ခြင်း၊ ဝမ်းကိုက်ခြင်း
· ကိုယ်အလေးချိန် လျော့သွားခြင်း
· မောပန်းနွမ်းနယ်ခြင်း
· ဖျားခြင်း
· ကလေးငယ်များတွင် ကိုယ်ခန္ဓာကြီးထွားမှု နောက်ကျခြင်းတို့ ဖြစ်ပွားနိုင်သည်။
ပြင်းထန်မှုမှာ ဖြစ်ပွားသောနေရာကို မူတည်ကာ ကွာခြားသည်။ အသက်ငယ်သူများတွင် ဖြစ်ပွားပါက ပို၍ ပြင်းထန်လေ့ရှိသည်။
ဖြစ်ပွားရသော အကြောင်းရင်းများ
ဖြစ်ပွားစေသော အကြောင်းရင်းကို သေချာစွာ မသိရသေးပါ။ လေ့လာမှုများအရ ကိုယ်ခံအားစနစ် မကောင်းခြင်းကြောင့် ဝင်ရောက်လာသော ဗိုင်းရပ်စ်နှင့် ဘတ်တီးရီးယားပိုးများကို ပြန်လည်ခုခံနိုင်စွမ်းနည်းသောကြောင့် အူလမ်းကြောင်းအတွင်း ရောင်ရမ်းရခြင်းဖြစ်သည်။
ဖြစ်နိုင်ချေများသူများ
· အသက်အရွယ်မရွေး ဖြစ်ပွားနိုင်သော်လည်း အသက် ၃၀ အောက် အရွယ်ရှိသူများ
· အသားဖြူသူများ
· မိသားစုတွင်း အူမကြီးနာ ဖြစ်ဖူးသူများ
· Isotretinoin ဆိုသော ဝက်ခြံပျောက်ဆေး သုံးသောသူများတွင် အဖြစ်များသည်။
နောက်ဆက်တွဲ ပြဿနာများ
နောက်ဆက်တွဲ ပြဿနာများ အနေဖြင့်
· အူမကြီးအနာမှ သွေးယိုခြင်း
· အူမကြီးပေါက်ခြင်း
· အူမကြီးမှ ရေကို ကောင်းစွာ မစုပ်ယူနိုင်သောကြောင့် ရေဓာတ်ခမ်းခြောက်ခြင်း
· အသည်းရောဂါဖြစ်ခြင်း
· အရိုးပွခြင်း
· အရေပြား၊ အရိုးအဆစ်များ၊ မျက်လုံးနှင့် ပါးစပ်အတွင်းသားများ ရောင်ရမ်းခြင်း
· အူမကြီးလျင်မြန်စွာ ရောင်ရမ်းလာကာ ပိုးဝင်ခြင်း ( Toxic megacolon)
· သွေးကြောများတွင်း သွေးခဲများ ဖြစ်လွယ်ခြင်း တို့ကို ကြုံတွေ့ရတတ်သည်။
ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ
အူမကြီးနာကြောင့် အသက် မဆုံးရှုံးနိုင်သော်လည်း ၎င်း၏ နောက်ဆက်တွဲ ပြဿနာများမှာ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်သောကြောင့်
· ဝမ်းသွားသည့် အလေ့အထ ပြောင်းသွားခြင်း
· ဗိုက်အောင့်ခြင်း
· ဝမ်းတွင်းသွေးပါခြင်း
· ဝမ်းလျှောခြင်း၊ ဝမ်းလျှောပါက ဆေးသောက်သော်လည်း မသက်သာတတ်ခြင်း
· အကြောင်းရင်းမရှိဘဲ ဖျားနာခြင်းတို့ ကြုံတွေရပါက နီးစပ်ရာဆရာဝန်နှင့် ပြသကာ ကုသမှု ခံယူသင့်သည်။
စစ်ဆေးမှုများ
ဆရာဝန်နှင့် ပြသ၍ ရောဂါလက္ခဏာများကို စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ရမည်။ ထို့ပြင်
· သွေးအားနည်းခြင်း ရှိမရှိနှင့် ရောဂါပိုး ရှိမရှိကို သိရှိနိုင်ရန် သွေးစစ်ခြင်း
· ဝမ်းစစ်ခြင်း
· အူမကြီးအတွင်း မှန်ပြောင်းဖြင့် စစ်ဆေးခြင်း
· အူမကြီး လွန်စွာရောင်ရမ်းနေသော လက္ခဏာများရှိပါက Sigmoid colon အထိ မှန်ပြောင်းထည့်ကာ စစ်ဆေးခြင်း
· အူလမ်းကြောင်း ပေါက်ခြင်း ရှိမရှိ၊ ဗိုက်တွင်းသို့် လေဝင်ရောက်ခြင်း ရှိမရှိကို ဓာတ်မှန်ရိုက်၍ စစ်ဆေးခြင်း
· နောက်ဆက်တွဲ ပြဿနာများကို သိနိုင်ရန် ကွန်ပျူတာဓာတ်မှန်ရိုက်၍ စစ်ဆေးခြင်း
တို့ကို ပြုလုပ်နိုင်ပါသည်။
ကုသခြင်း
အူမကြီးအနာကို ဆေးများဖြင့်သော်လည်းကောင်း၊ ခွဲစိတ်၍သော်လည်းကောင်း ကုသနိုင်သည်။
ဆေးများအနေဖြင့်
· ရောင်ရမ်းခြင်းကို သက်သာစေသည့် Aminosalicylate , Corticosteroid ကဲ့သို့သော ဆေးများ
· ခုခံအားစနစ်ကို လျော့ချပေးသော ဆေးများ
· ပိုးသတ်ဆေးများ
· ဝမ်းသွားခြင်းကို သက်သာစေသော ဆေးများ
· နာကျင်မှုကို သက်သာစေသော ဆေးများ
· သံဓာတ် အားဖြည့်ဆေးများကို အသုံးပြုနိုင်သည်။
ခွဲစိတ်မှုများအနေဖြင့်
· အူမကြီးနာ ဖြစ်သည်အပိုင်းကို ဖြတ်ထုတ်ခြင်း
· အူမကြီး တစ်ခုလုံးကို ဖြတ်ထုတ်ခြင်းတို့ကို ပြုလုပ်နိုင်သည်။
အူမကြီး အနာဖြစ်ပွားသူများတွင် အူမကြီးကင်ဆာ ဖြစ်နိုင်ချေ ပိုများသည်။ ထို့ကြောင့်
· အူမကြီးဦးပိုင်း၏ ဘယ်ဘက်တွင် အနာဖြစ်ပွားပါက ၁၀နှစ်လျှင်တစ်ကြိမ်
· အူမကြီးဦးပိုင်း အများစုတွင်ဖြစ်လျှင် ၈နှစ်လျှင်တစ်ကြိမ်
· အူမကြီး နှောင်းပိုင်းတွင် အနာဖြစ်လျှင် ၂နှစ်လျှင်တစ်ကြိမ် ကင်ဆာဖြစ်မဖြစ်ကို စစ်ဆေးသင့်သည်။
အိမ်တွင်းကုထုံးများ· နို့နှင့် နို့ထွက်ပစ္စည်းများကို ရှောင်ကျဉ်ပါ။
· အဆီများသော အစာများကို ရှောင်ကျဉ်ပါ။
· အမျှင်ဓာတ်များသော ဟင်းသီးဟင်းရွက်များကို ရှောင်ကျဉ်ပါ။
· အစပ်၊ အရက်နှင့် ကဖင်း တို့ကို ရှောင်ကျဉ်ပါ။
· အစာကို နည်းနည်းနှင့် ခဏခဏစားပါ။
· ရေများများ သောက်ပါ။
· ဗီတာမင်နှင့် သတ္ထုဓာတ်များကို ဖြည့်စွက်စားသုံးပါ။
· အူမကြီးနာဖြစ်ပြီး ကိုယ်အလေးချိန် လျော့ကျလာပါက အာဟာရဆိုင်ရာ ဆရာဝန်နှင့်တိုင်ပင်ပါ။
· စိတ်ဖိစီးမှု များခြင်းသည် အူမကြီးနာ၏ လက္ခဏာများကို ပိုမို ဆိုးရွားစေသောကြောင့် စိတ်ဖိစီးမှုကို လျော့ချရန်
- လေ့ကျင့်ခန်းလုပ်ပါ။
- အသက်ရှူသွင်း၊ ရှူထုတ် လေ့ကျင့်ခန်းလုပ်ပါ။
အူမကြီး အတွင်းနံရံများ ရောင်ရမ်းမှု အချိန်ကြာမြင့်လာသောအခါ အနာဖြစ်ခြင်းကို အူမကြီးနာဟု ခေါ်သည်။o သစ်ဥသစ်ဖုနှင့် အာဟာရဆိုင်ရာ ဖြည့်စွက်အစာများကို စားသုံးခြင်း
o အစာအိမ်နှင့် အူလမ်းကြောင်းအတွင်း ပုံမှန်ရှိရမည့် ပိုးမွှားများကို အားပေးသော Probiotics များသောက်သုံးခြင်း
o ရောင်ရမ်းခြင်းကို သက်သာစေသော ငါးကြီးဆီနှင့် ရှားစောင်းလက်ပတ်တို့ကို စားခြင်း
o အပ်စိုက်ကုသခြင်း တို့ကို ပြုလုပ်နိုင်ပါသည်။
LeiHealthcare.com.mm
Ref: Mayo Clinic
Checked by HPW
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေးခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။