သတ္တုဓာတ်နှင့်အရေပြား
04-May-2019
သတ္တုဓာတ်ဆိုတာဘာလဲ
သတ္တုဓာတ်ကို မင်နရယ် (Minerals) လို့ခေါ်ပါတယ်။ ရှင်းရှင်းပြောရရင်
အားလုံးနားလည်ထားသလို တွင်းထွက်ပစ္စည်းပေါ့။ ဒါပေမယ့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့
ဒီဓာတ်တွေဟာ သဘာဝ အစားအစာထဲမှာ ပါဝင်ပြီးသားပါ။ လိုအပ်ချက် ပမာဏကလည်း
နည်းနည်းလေးပါ။ ဒါကြောင့် ဗီတာမင်ဆေး ထုတ်လုပ်ရောင်းချရာမှ များသောအားဖြင့်
သတ္တုဓာတ်များကိုလည်း ဖြည့်စွက်ထည့်ပေးပြီး Vitamins and minerals ဗီတာမင်နဲ့
သတ္တုဓာတ်များ ပါဝင်တဲ့ အားဆေးဆိုပြီး ပြောတတ်ကြပါတယ်။
ဘယ်လိုသတ္တုဓာတ်တွေလဲ
အများကြီးရှိပါတယ်။ ကယ်စီယမ်ဆိုတဲ့ ထုံးဓာတ်၊ ဖော့စဖားရပ်ဆိုဆိုတဲ့ မီးစုံဓာတ်၊
ဆိုဒီယမ်ဓာတ်၊ ပိုတက်ဆီယမ်ဓာတ်၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ ဇင့်ဆိုတဲ့ သွပ်ဓာတ်၊ အိုင်အိုဒင်းဓာတ်၊
ကော်ပါးဆိုတဲ့ ကြေးနီဓာတ်၊ ဖလူအိုရင်းဓာတ်၊ ဆယ်လီနီယမ်ဓာတ်၊ မော်လီနီနမ်ဓာတ်
စတာတွေပါပဲ။
ဒီဓာတ်တွေအားလုံး အရေပြားနဲ့ ပတ်သက်မှုရှိသလား
မရှိပါဘူး။ သို့သော်လည်း အားလုံးကတော့ ခန္ဓာကိုယ်သွေးသားအတွက် မရှိမဖြစ်
လိုအပ်တာချည်းပဲ။ သံဓာတ်၊ ဇင့်ဓာတ်၊ ဆယ်လီနီယမ်ဓာတ်၊ ထုံးဓာတ်လောက်ပဲအရေပြားနဲ့
ပတ်သက်မှုရှိပါတယ်။
ဘယ်လိုပတ်သက်မှုရှိသလဲ
တချို့သတ္တုဓာတ်တွေဟာ အရေပြား၊ဆံပင်နှင့်လက်သည်းအတွက် ကောင်းကျိုးများပေးသလို၊
တချို့ဓာတ်တွေကျတော့ သူတို့ချို့တဲ့သွားတာကို အရေပြားမှာ လက္ခဏာတွေပြလာတာပါ။
ဆရာဝန်တွေက အဲဒီအပြင်ပန်းလက္ခဏာကို ကြည့်ပြီး လူနာမှာ ဘာဓာတ်ချို့တဲ့တာ
ဖြစ်နိုင်တယ်ဆိုတာကို သဲလွန်စမရှာနိုင်တော့ပါ။ အဲဒီလိုပဲ သတ္တုဓာတ်တွေ
မလိုအပ်ဘဲ များခဲ့ရင်လည်း အရေပြားမှာ ပြဿနာတစ်ချို့ လာပြတတ်ပါသေးတယ်။ တကယ်တော့
အရေပြားဆိုတာ ခန္ဓာကိုယ်ကြီးရဲ့ ကျန်းမာရေး အခြေအနေကို ထင်ဟပ်ပေးတဲ့ကြေးမုံသဖွယ်ပါပဲ။
သံဓာတ်က အရေပြားမှာ ဘယ်လိုပတ်သက်သလဲ
သံဓာတ်က ခန္ဓာကိုယ်ရဲ့ သွေးနီဥတည်ဆောက်ရာမှာ အလွန်အရေးကြီးတဲ့ ပစ္စည်းပါ။
အကြောင်းကြောင်းကြောင့် ဒီဓာတ်ချို့တဲ့ပြီဆိုရင် သွေးအားနည်းတာအပြင် အရေပြားမှာ
အရိပ်အယောင်တွေပြလာတော့တာပဲ။ ဆေးခန်းသွားရင် ဆရာဝန်တွေက လူနာကို
လျှာထုတ်ပြခိုင်းတတ်ပါတယ်။ အောက်မျက်ခွံလှန်ကြည့် တတ်ပါတယ်။ သံဓာတ်အား
နည်းရင် လျှာတို့၊ နှုတ်ခမ်းတို့၊ မျက်ခွံတို့မှာ ဖြူဖျော့ဖျော့ ဖြစ်နေတတ်ပါတယ်။
သဲလွန်စရှာတာပါ။ တကယ်တမ်း သံဓာတ်အလွန်အမင်း ရေရှည်ချို့တဲ့ပြီဆိုရင်တော့
လျှာတွေနီရဲ ရောင်ရမ်းတဲ့အပြင် ပါးစပ်တောင့်မှာလည်း အနာဖြစ်ပြီး ကျီးကန်းပါးစပ်လို
ဖြစ်လာပါတယ်။ လက်သည်းတွေလည်း ပုံမှန်ဖောင်းဖောင်းလေးကနေပြီး ဟင်းစားဇွန်းလို
ချိုင့်ဝင်သွားပါ
တယ်။ ဆံပင်တွေလည်း တဖြည်းဖြည်းနှင့် ကျွတ်လာပြီး ပါးလာပါတယ်။ အရေပြားမှာလည်း
ဘာမှမြင်သာထင်သာ အကွက်တို့၊ အင်ပျဉ်တို့မရှိဘဲ ယားတတ်ပါတယ်။ ဒီပြဿနာတွေက
သံဓာတ်ချို့တဲ့လွယ်တဲ့ အမျိုးသမီးတွေမှာ ပိုမိုတွေ့ရများပါတယ်။
သံဓာတ်တွေများသွားရင်
သွေးထဲမှာ သံဓာတ်တွေ အကြောင်းတစ်ခုခုကြောင့် အလွန်အမင်း များသွားရင်လည်း
ဟီမိူခရိုမာတိုးစစ်ဆိုတဲ့ ရောဂါတစ်မျိုးဖြစ်ပြန်ရော၊ ပုံမှန်အစားအစာထဲမှာ
သံဓာတ်တွေများရုံနှင့် ဖြစ်တာမျိုးမဟုတ်ပါဘူး။ လူနာရဲ့ ပင်ကိုယ်သွေးရောဂါတို့
အသည်းရောဂါတို့ကြောင့် သံဓာတ်များသွားတတ်တာမျိုးပါ။ လက္ခဏာကတော့ မျက်နှာ၊
လက်ဖျံနဲ့လက်ဖမိုးတွေမှာ အသားအရေ ပြာနှမ်းနှမ်း အရောင်ပြောင်းလာတာပါ။ အသားလည်း
ခြောက်ယောင်းလာပါတယ်။ ထူးဆန်းတာက သံဓာတ်ချို့တဲ့တုန်းကလိုုပဲ လက်သည်းနှင့်
ဆံပင်မှာ ထိခိုက်တာ အတူတူပါပဲ။ ဒါကြောင့် နည်းလည်းမကောင်း၊ များလည်းမကောင်းပေါ့။
ဇင့်ဓာတ်ဟာ အရေပြားကို ဘယ်လိုအကျိုးပြုသလဲ။
ခုနောက်ပိုင်းမှာ ဇင့် (Zinc) ဆိုတဲ့ သွပ်ဓာတ်ဟာ ဗီတာမင်အီး (Vitamin E ) လိုပဲ
ရေပန်းစားလာပါသည်။ အရေပြားကျန်းမာရေးအတွက် အလွန်အရေးကြီးတဲ့ အာဟာရတစ်ခုပါပဲ။
လေ့လာချက်အရ ဆယ်ကျော်သက်အရွယ်တွေမှာ ဇင့်ဓာတ်က Sebum လို့ခေါ်တဲ့ အရေပြားအဆီထွက်တာနဲ့
ပတ်သက်တယ်။ ဇင့်ဓာတ်ချို့တဲ့ရင် အဆီပိုထွက်တယ်။ အဆီပိုထွက်တော့
ဝက်ခြံပိုပေါက်တယ်လို့ဆိုပါတယ်။ ဒါကြောင့် ဆယ်ကျော်သက်တွေမှာ
ဝက်ခြံပိုပေါက်တယ်လို့ ယူဆကြပါတယ်။ အနာတစ်ခု အကျက်နှေးစေတဲ့ အကြောင်းတွေထဲမှာ
ဇင့်ဓာတ် ချို့တဲ့တာလည်းပါပါတယ်။ အနာကျက်နှေးရင် ဆရာဝန်က ဇင့်ပါတဲ့ အားဆေးလေးတွေ
ပေးလေ့ရှိပါတယ်။
ဇင့်ဓာတ်ချို့တဲ့ရင် ဘာဆိုးကျိုးတွေ ဖြစ်နိုင်သလဲ။
ပုံမှန်အားဖြင့် ဇင့်ဓာတ်ဟာ စားနေကျ အစားအစာတွေဖြစ်တဲ့ နွားနို့၊ အသား၊
ဟင်းသီးဟင်းရွက်၊ ဂျုံကြမ်းနှင့် ပြောင်းတွေမှာ ပါဝင်ပြီးသားမို့ သာမန်လူတစ်ယောက်အနေနှင့်
ချို့တဲ့ခဲပါတယ်။ သို့ပေမယ့် အရက်ချိုးကပ်နေတဲ့ ပုဂ္ဂိုလ်တို့၊ AIDS လူနာတို့၊
အစာအိမ်နှင့် အူလမ်းကြောင်း ရောဂါဖြစ်တဲ့သူတွေမှာတော့ ဇင့်ဓာတ်
ချို့တဲ့နိုင်ပါတယ်။ နောက်တစ်ခုက ဗီဇအရကို ဇင့်ဓာတ်ချို့တဲ့တာမျိုးလည်း ရှားရှားပါးပါး
ရှိသေးတယ်။ acrodermatitis enteropathica လို့ခေါ်ပါတယ်။ ကလေးငယ်တွေမှာ
ပိုဖြစ်တတ်ပါတယ်။ ဘာကြောင့်လဲ ဇင့်ဓာတ် ချို့တဲ့ပါစေ၊ ဖြစ်တဲ့လက္ခဏာတွေကတော့
အတူတူပါပဲ။လက်တွေ၊ ခြေတွေနဲ့ ပါးစပ်၊ စအိုစတဲ့ ဒွါရပတ်ဝန်းကျင်မှာ နှင်းခူပုံစံ
ရောင်ရမ်းပြီး အရည်ကြည်ဖုတွေ၊ ပြည်ဖုတွေပါ တွေ့နိုင်တာပါပဲ။ မျက်နှာနှင့်အခြား
နေရာတွေမှာလည်း အရေပြားရောင်ရမ်းပြီး အကြေးခွံထတာမျိုးလည်း
အရည်တစိုစိုဖြစ်တာမျိုးလည်း ရှိပါတယ်။
ဇင့်ဓာတ်ကို ဘယ်နေရာမှာအသုံးပြုသေးလဲ
ဗီတာမင်အီး (Vitamin E) ဟာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီလို့ ပြောခဲ့သလို အခုလည်း
ဇင့်ကို ဆံပင်သန်စွမ်းစေဖို့
ခေါင်းလျှော်ရည်တွေမှာတောင် ထည့်သုံးလာတာတွေ့ရှိရပြီ။
ဝက်ခြံပျောက်ဆေးတွေမှာလည်း ထည့်လာကြပါပြီ။ ဇင့်ကို ထူးထူးခြားခြား အသုံးပြုတဲ့
ရောဂါတစ်ခုကတော့ အနာကြီးရောဂါပါ၊ အနာကြီးရောဂါအစို လူနာမျိုးတွေမှာ
အခန့်မသင့်လို့နီရဲတဲ့ အဖုလုံးတွေ ရုတ်တရက် ကြွထွက်လာတာကို ရောဂါကန်တယ်လို့
ခေါ်ပါတယ်။ အဲဒီရောဂါကန်တဲ့အခါ စတီးရွိုက်ဆေးများပေးရင် သက်သာပါတယ်။ လေ့လာချက်အရ
ဇင့်ဓာတ်ပေး ကြည့်ရင်လည်း ရောဂါကန်တာကို အတော်အတန် သက်သာတယ်လို့ ဆိုကြပါတယ်။
ဆယ်လီနီယမ်ဓာတ်
ဆယ်လီနီယမ် (Selinium) ဓာတ်ဟာ ချို့တဲ့ခဲပါတယ်။ ပါးစပ်က မစားနိုင်ဘဲ တစ်ချိန်လုံး
ပုလင်းချိတ် အားဆက်နေရတဲ့ လူနာမျိုးတွေရယ်၊ နေ့မစေ့လမစေ့ ပေါင်မပြည့်တဲ့
ကလေးမျိုးမှာတော့ ဒီဓာတ်ချို့တဲ့နိုင်ပါတယ်။ အကျိုးဆက်ကတော့ အရေပြား ဆံပင်နဲ့ လက်သည်းခြေသည်းတွေ
ဖြူဖတ်ဖြူလျော် ဖြစ်နိုင်ပါတယ်။ ဒီဓာတ်က အဆီမပါတဲ့အသားတို့၊ နွားနို့တို့၊
ပဲအမျိုးမျိုး၊ ဂျုံပြောင်းစတဲ့ အစားအစာတွေမှာ ပါဝင်ပါတယ်။ တကယ်တော့
ဆယ်လီနီယမ်ဓာတ်က ခန္ဓာကိုယ်ရဲ့မကောင်းတဲ့ ဓာတ်တွေကို တိုက်ဖျက်ပေးတဲ့
အင်တီအောက်ဆီဒင့် (antioxidant) တစ်ခုပါ။
အများခေါ်သောထုံးဓာတ်ဟာ အရေပြားမှာ ဘာအကျိုးဆက်ရှိနိုင်သလဲ
အားလုံးသိတဲ့အတိုင်း ကယ်လ်ဆီယမ်လို့ခေါ်တဲ့ ထုံးဓာတ်ဟာ အရိုးနှင့်အဆစ်အတွက်
လိုအပ်တဲ့ပစ္စည်းပါ။ ဒါပေမယ့် ထုံးဓာတ်တွေကြောင့် အရေပြားမှာရှိတဲ့သွေးကြောလေးတွေနံရံမှာ
ကျောက်ချိုးတက်နိုင်တယ်။ ဒီတော့ အရေပြားသွေးအရောက်နည်းပြီး အနာဖြစ်တော့တာပါပဲ။
အရေပြားကျောက်တည်နာပေါ့။ ဆေးပညာအရ Calciphylaxis လို့ခေါ်တယ်။ ခြေထောက်တို့၊
လက်ချောင်းတို့မှာဖြစ်တာပါ။ရှားရှားပါးပါး၊ နာတာရှည် ကျောက်ကပ်ဝေဒနာရှင်တို့၊
ဆီးချိုဝေဒနာရှင်တို့မှာလည်း ဖြစ်တတ်ပါတယ်။
အာဟာရချို့တဲ့မှုမဖြစ်အောင် ဘယ်လိုဂရုစိုက်မလဲ
အာဟာရချို့တဲ့မှုမဖြစ်အောင်က စားသောက်ရုံတင်မဟုတ်ဘူး။ အစာအိမ်အူလမ်းကြောင်းကလည်း
ကောင်းမှဆိုတော့ စားပါရက်နှင့် အားမဖြစ်ရင် ဆရာဝန်နှင့်တော့ ပြသရမှာပါ။
ဆရာပြောခဲ့တဲ့ သတ္တုဓာတ်တွေဟာ သဘာဝက အစားအစာတွေထဲ ထည့်ထားပေးပြီးသားပါ။
ဒါပေမယ့်လည်း ဇရာအိုအရွယ်တွေ၊ အရက်ချိုးတွေ၊ ဝမ်းလျှောဝမ်းပျက် ခဏခဏဖြစ်သူတွေ
နာတာရှည်အိပ်ရာမှာ လှဲလျောင်းနေရတဲ့ ဝေဒနာရှင်တွေ၊ နာလန်ထတွေ၊ ကိုယ်ဝန်ဆောင်တွေ၊
နို့တိုက်မိခင်တွေစတဲ့ ပုဂ္ဂိုလ်မျိုးတွေမှာတော့ ဖြည့်တင်းပေးဖို့လိုပါတယ်။
လိုအပ်ချက်က ပမာဏနည်းနည်း လေးဖြစ်သော်လည်း အလွန်
အရာရောက်တဲ့ အာဟာရဓာတ်များ ဖြစ်တာမို့ ဗီတာမင်အားဆေးများနှင့် ရောနှောထုတ် လုပ်ထားကြတာပါ။
တတ်နိုင်ရင်တော့ နီးစပ်ရာ ဆရာဝန်နှင့် တိုင်ပင်ပြီး အချိန်အဆနှင့် ဆေးအမျိုးအစားကို
လိုအပ်သလို ချင့်ချိန်သုံးစွဲ သင့်ပါကြောင်း အကြံပြုလိုပါသည်။
Ref:
ဒေါက်တာကျော်ကျော်
(အထူူးအရေပြား အထူးကု)
Health for all magazine