Print

အသည်းရောင်အသားဝါ ကာကွယ်ဆေး ဘယ်သူတွေထိုးသင့်လဲ။ ဘယ်တော့ထိုးရမလဲ။

  26-May-2019
Preview Image

ကိုယ်ဝန်ဆောင်မိခင်များတွင် မိခင်များ ကိုယ်ဝန်ဆောင်နေစဉ်အတွင်း အသည်းရောင်အသားဝါဘီပိုး ကူးစက်ခံရပါက မိခင်တွင် ရောဂါပြင်းထန်နိုင်ရုံမျှမက သန္ဓေသားတွင်လည်း နာတာရှည်ရောဂါရရှိနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်စဉ် နီးစပ်ရာဆေးခန်းမှာ ကိုယ်ဝန်အပ်ပြီး အသည်းရောင်အသားဝါ ဘီပိုးကာကွယ်ဆေးကို ထိုးသင့်ပါတယ်။ 

ကလေးတွေမှာ ပုံမှန်အားဖြင့်
- အသည်းရောင်အသားဝါ ဘီပိုးကာကွယ်ဆေးကို မွေးပြီးပြီးချင်းတွင် တစ်ကြိမ်၊
- ငါးမျိုးစပ်ကာကွယ်ဆေးကို အသက် ၂ လ၊ အသက် ၄ လ၊ အသက် ၆ လတို့တွင် ပုံမှန် ထိုးနှံပေးသင့်ပါတယ်။ 

အသည်းရောင်အသားဝါ ဘီပိုးရှိသော မိခင်မှမွေးဖွားသော ကလေးဖြစ်ပါက
- မွေးပြီးပြီးချင်း အသည်းရောင်အသားဝါ ဘီပိုးကာကွယ်ဆေးအပြင် Hepatitis B immunoglobulin (HBIG) ကို ထိုးရပါတယ်။
- ပြီးရင် ကာကွယ်ဆေးကို အသက် (၁) လ၊ အသက် (၆) လ၊ အသက် (၁) နှစ် တို့တွင် ဆက်လက်ထိုးနှံပေးရပါမယ်။ အသက် (၁) နှစ်အရွယ်တွင် ကလေးငယ်ကို အသည်းရောင်အသားဝါ ဘီပိုးရှိမရှိ ပြန်လည်စစ်ဆေးနိုင်ပါတယ်။ 

အရွယ်ရောက်ပြီးသူများတွင်
- အသည်းရောင်အသားဝါ ဘီရောဂါပိုးရှိသူနှင့် လိင်တူလိင်ကွဲဆက်ဆံသူများ၊ 
- မူးယစ်ဆေးဝါး သုံးစွဲသူများ၊
- အသည်းရောင်အသားဝါ ဘီရောဂါပိုးရှိသူနှင့် အတူနေသူ၊ နေ့စဉ်ဆက်ဆံနေရသူများ၊
- ပုံမှန်သွေးသွင်းနေရသော လူနာများ၊
- အသည်းရောဂါရှိနေသောသူများနှင့်
- သွေး၊ တံတွေးစသည့် ခန္ဓာကိုယ်မှ ထွက်သောအရည်များနှင့် နေ့စဉ်ထိတွေ့နေရသည့် ကျန်းမာရေးဝန်ထမ်းများ
အထက်ဖော်ပြပါ သူများဟာ အသည်းရောင်အသားဝါ ဘီပိုးကာကွယ်ဆေးကို ထိုးထားသင့်ပါတယ်။ 

ကာကွယ်ဆေးကို (၃) ကြိမ် ထိုးရပါမယ်
- ပထမတစ်ကြိမ်ထိုးပြီး ၁လ အကြာမှာ ဒုတိယအကြိမ်၊
- ဒုတိယတစ်ကြိမ်ထိုးပြီး ၅လအကြာမှာ တတိယအကြိမ် ထိုးရပါမယ်။ ပြီးလျှင် ကာကွယ်ဆေး အောင်မအောင် စစ်ဆေးကြည့်ရန်လိုပါတယ်။ Antibody Level 100 ကျော်မှ ကာကွယ်ဆေးအောင်တယ်လို့ သတ်မှတ်ပါတယ်။ မအောင်ပါက နောက်တဖန် ပြန်ထိုးရမှာဖြစ်ပါတယ်။

ဆေးအောင်ပြီးပါကလဲ စိတ်ချရစေရန် antibody level ကိုပုံမှန်ပြန်စစ်ဆေးနေဖို့လိုအပ်ပါတယ်။
- Antibody level ၁၀၀ မှ ၁၀၀၀ အတွင်းရှိနေသူများအနေနဲ့ (၁)နှစ်ကြာတဲ့အခါ
- Antibody level ၁၀၀၀ အထက် ရှိသူများအနေနဲ့ (၄)နှစ်ခန့်ကြာတဲ့အခါမှာ နောက်တစ်ကြိမ် ပြန်လည်စစ်ဆေးသင့်ပါတယ်။ 
- ရောဂါပိုးကူးစက်နိုင်ရန်အခွင့်အလမ်းရှိနေသူများ (ဥပမာ- ကျန်းမာရေးဝန်ထမ်းများ) အနေနှင့် (၅) နှစ်အကြာမှာ Booster dose ကို တစ်ကြိမ်ထပ်မံ ထိုးနှံရပါမယ်။

အရေးပေါ်အနေဖြင့်
- ကာကွယ်ဆေးမထိုးရသေးမီ ရောဂါပိုးကူးစက်နိုင်သော သွေး၊ တံတွေး စသည်တို့ကို ကိုင်တွယ်မိပါက အသည်းရောင်အသားဝါ ဘီပိုးကာကွယ်ဆေးနှင့် HBIG တို့ကို ၂၄ နာရီအတွင်း ထိုးနိုင်ပါတယ်။

- အသည်းရောင်အသားဝါ ဘီပိုးကာကွယ်ဆေးဟာ အန္တရာယ်ကင်းပါတယ်။ လူအများစုနှင့်တည့်ပါတယ်။ ဆေးထိုးစဉ် နာခြင်းနှင့် အနည်းငယ်ရောင်ရမ်းခြင်းတို့မှအပ မည်သည့်ဘေးထွက် ဆိုးကျိုးမှ မရှိနိုင်ပါ။
- Inactivated killed vaccine ဖြစ်တဲ့အတွက် ကာကွယ်ဆေးကြောင့် ရောဂါမဖြစ်ပွားနိုင်ပါ။

သတိထားရန်မှာ -
- မိမိတွင် ဆေးမတည့်ခြင်း ဖြစ်ပွားဖူးပါက ကာကွယ်ဆေးမထိုးမီ ဆရာဝန်အားပြောပြပါ။
- အသည်းရောင်အသားဝါ ဘီပိုးကာကွယ်ဆေးနဲ့ ဓါတ်မတည့်ခြင်း ဖြစ်ပွားခဲ့ဖူးလျှင် နောက် တစ်ကြိမ် ထပ်မံမထိုးသင့်ပါ။

Credit : Lei

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18