သားသမီးယူလိုသူတို့ သားဥကြွေရက် သိရှိစေရန်
27-May-2019
သင်က သားသမီးယူဖို့ ကြိုးစားနေရင် သင်ရဲ့ သားဥကြွေရက်ကို
သိရှိဖို့လိုပါတယ်။ သားဥကြွေတဲ့ရက်နဲ့ သားဥကြွေပြီး သုံးရက်မြောက်နေ့အထိ သားသမီးရနိုင်ခြေများတာကြောင့်ပါ။ သားဥကြွေ တယ်ဆိုတာက အမျိုးသမီး ရဲ့ သားအိမ်တစ်ဖက်
တစ်ချက်စီမှာရှိတဲ့ သားဥအိမ်တွေကနေ တစ်လုံး ဒါမှမဟုတ် တစ်လုံးထက်ပိုတဲ့ သားဥတွေ ကို
ထုတ်ပေးတာပါ။ သားဥကြွေတဲ့ အချိန်မှာ အမျိုးသားနဲ့ စပ်ယှက်တဲ့အခါ သားဥလေးက မျိုးအောင်ပြီး
သားသမီး ရရှိနိုင်ပါတယ်။ သားဥကြွေတဲ့ရက်ကို သိနိုင်ဖို့ အောက်ပါလက္ခဏာတွေကို သိရှိထားဖို့
လိုပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု သားဥကြွေရက်မှာ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ
ပြောင်းလဲမှု အနည်းငယ် ရှိနိုင်ပါတယ်။ မသိသာလွန်းတာကြောင့် သတိမထားမိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
ရင်သားတင်းတာ၊ ဗိုက်အောင့်တာ၊
ယောနိလမ်းကြောင်းမှ အရည်ဆင်းတာက ပုံမှန်ထက် အနည်းငယ် ပိုများတာ၊ သားအိမ်ခေါင်းအဝ ပုံသဏ္ဌာန်
အနည်းငယ်ပြောင်းလဲမှုရှိတာ (ဆရာဝန် စမ်းသပ်ကြည့်မှ သိနိုင်) ခန္ဓာကိုယ်အပူချိန် အမေရိကန်
သားဖွားနဲ့ မီးယပ်ကောလိပ်က သားဥကြွေချိန်မှာ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်အပူချိန် အနည်းငယ်
မြင့်တက်တယ်လို့ ဆိုပါတယ်။ ကိုယ်အပူချိန် အနည်းငယ် တက်တာကို သိရှိနိုင်ဖို့က နေ့စဉ်
အိပ်ရာထမှာ ကိုယ်ပူချိန် တိုင်းတာထားဖို့တော့ လိုပါတယ်။ ဖျားတာ၊ အိပ်ပျက်များတာ၊ အလုပ်ပင်ပန်းတာ၊
စိတ်လှုပ်ရှားနေတာ စတဲ့ အချိန်တွေမှာတော့ ကိုယ်ပူချိန်ကို တိတိကျကျ တိုင်းတာလို့ မရနိုင်ပါဘူး။
မိန်းမကိုယ်မှ ဆင်းသောအရည် သားဥကြွေတဲ့ရက်ကို မိန်းမကိုယ်မှ ဆင်းတဲ့အရည်ကို ကြည့်ပြီးလည်း
ခွဲခြားသိနိုင်ပါတယ်။
အမျိုးသမီးတွေရဲ့ မိန်းမကိုယ်က
အမြဲလိုလို စွတ်စိုနေတတ်တယ် ဆိုပေမယ့် သားဥကြွေရက်မှာတော့ တခြားနေ့တွေထက် ပိုပြီး စွတ်စိုနိုင်သလို
အရောင်အဆင်းလည်း ကွဲပြားပါတယ်။ ဓမ္မတာ လာပြီးနောက် မိန်းမကိုယ်မှ ဆင်းတဲ့အရည်က
စေးကပ်ကပ် ဖြစ်နေတာမျိုး သတိထားမိနိုင်ပါတယ်။ ရာသီစက်ဝန်းတစ်ခုနဲ့ တစ်ခုကြား သားဥကြွေတဲ့
ရက်မှာတော့ မိန်းမကိုယ်မှ အရည်ဆင်းတာက ခါတိုင်းရက်တွေထက် အနည်းငယ်ပိုများပြီး ကြက်ဥစိမ်းရဲ့
အကာရည်ကြည်လိုပဲ အရည်ကြည်တွေ ဆင်းတတ်ပါတယ်။ သားဥကြွေပြီး နောက်ရက်တွေမှာ အရည်ဆင်းတာ
နည်းသွားပြီး အရည်ကြည်ကနေ အရောင်နည်းနည်း အနောက် ဖြစ်သွားပါတယ်။ မိန်းမကိုယ်တွင်း ဆေးတောင့်ထည့်ပြီး
ကုသမှု ခံယူနေရသူတွေ၊ နို့တိုက်မိခင်၊ သွေးဆုံးပြီး အမျိုးသမီးတွေ၊ သားအိမ်ခေါင်း ခွဲစိတ်ကုသမှု
ခံယူထားသူတွေ အနေနဲ့ မိန်းမကိုယ်မှ ဆင်းတဲ့ အရည်ကို သတိထားကြည့်မယ်ဆိုရင် အခုပြောပြတဲ့
အချက်တွေနဲ့ အနည်းငယ် လွဲတာမျိုး ဖြစ်နိုင်ပါတယ်။
Credit : အလင်း (ဆေးဝါး)
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။