Pressure sore (or) bed sore (အိပ်ယာနာ)
28-May-2019အခုဖော်ပြပေးမယ့် အကြောင်းကတော့ အိပ်ယာထဲ ကြာမြင့်စွာနေရင် ရနိုင်တဲ့ အိပ်ယာနာ
အကြောင်းဖြစ်ပါတယ်။
- Coma (သတိလစ်မေ့မြောနေတဲ့သူများ)
- လေဖြတ်နေသူများ
- ခွဲစိတ်ပြီး အရိုးကျိုးပြီး နာကျင်၍ အိပ်ယာထဲလဲနေသူများ
- အရက်သမားများ
- နောက်ဆုံးအဆင့် ကင်ဆာရောဂါခံစားနေရသူများ တို့တွင် အဖြစ်များတတ်ပါတယ်။
ဘယ်လိုလူမျိုးတွေမှာ ပိုဆိုးတတ်လဲ
သွေးချိုဆီးချို ရောဂါရှိသူများ၊ Steroid စတီးရွိုက်ပါသော ဆေးများသောက်သုံးနေသူများတွင်
အနာဖြစ်ခြင်း ပိုဆိုးတတ်၊ ပိုကုရခက်တတ် ပါတယ်။
အိပ်ယာထဲ နှစ်ရှည်လများ လှဲရင်ဘာကြောင့် အိပ်ယာနာဖြစ်တာလဲ
လေးလံတဲ့ခန္ဓာကိုယ်နဲ့ အကြာကြီး ဖိထားတဲ့အခါ အဖိခံထားရတဲ့ နေရာမှာ သွေးစီးဆင်းမှု
လျော့နည်းသွားပြီး ဒီလို အဖိခံထားရတဲ့ နေရာတိုင်းမှာ အနာဖြစ်နိုင်ပါတယ်။ အချိန်မှီ
မကုသပါက အနာမှာပို၍ ကြီးလာပြီး ပိုးဝင်ကာ အသက်သေဆုံးသည်အထိ ဖြစ်နိုင်ပါတယ်။
ဒီရောဂါက ကြိုတင်ကာကွယ်လို့လည်းရပါတယ်။
ဘယ်လိုတွေလွယ်ကူစွာ ကာကွယ်လို့ရနိုင်လဲ
- လူနာကို အနည်းဆုံး နှစ်နာရီခြားတစ်ခါ ဟိုဘက်၊ ဒီဘက် စောင်းပေးပါ။ (wheelchair
လက်တွန်းလှည်း အသုံးပြုသူများ နာရီဝက်တစ်ခါ စောင်းပေးရန်လိုအပ်ပါတယ်)
- လေဝင်လေထွက်ကောင်းသော အိပ်ရာမျိုးသုံးနိုင်ပါတယ်။(ဥပမာ လေဖောင်းအိပ်ယာ)
- အာဟာရကောင်းမွန်အောင် ကျွေးပါ။ ဂရုစိုက်ပါ။ ပရိုတင်းဓာတ်များများ
ပါလေပိုကောင်းလေ ဖြစ်ပါတယ်။ ဝမ်းမချုပ်စေရန် အသီးအရွက်စားဖို့လည်း
တိုက်တွန်းပါရစေ။
- နေ့စဉ် အိပ်ယာနဲ့ ထိနေတဲ့ အရေပြားနေရာများကို အနာရှိ၊ မရှိစစ်ဆေးပေးပါ။
- တစ်ကိုယ်ရည်သန့်ရှင်းမကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။
(အချို့လူနာတွေမှာ ဆီးဝမ်းမထိန်းနိုင်ဘဲ ထွက်ကျပြီး ဆီးပူ၊ ဝမ်းပူလောင်ပြီး
အနာပေါက်နိုင်ပါတယ်) ဒါကြောင့် ဂရုစိုက်ပြီး ပြုစုသန့်ရှင်းပေးဖို့ရန်
အရေးကြီးပါတယ်။
အနာဖြစ်ပြီးသွားရင်ရော ဘယ်လိုလုပ်ရမလဲ
ကုသခြင်းဟာ ဖြစ်နေတဲ့ အနာအရွယ်အစား၊ ဘယ်လောက်ထိ ပိုးဝင်နေသလဲပေါ် မူတည်ပြီး
ကွာခြားပါတယ်။
- ဆိုးဝါးပျက်စီးနေသော အနာနေရာများကို ပြန်လည်သန့်စင်ပေးခြင်း။
- ပိုးသတ်ဆေးပေး၍ ကုသခြင်း
- အနာကျက်အောင်ပြုလုပ်ပေးခြင်း
- ပရိုတင်းဓာတ်များစွာ ဖြည့်တင်းပေးခြင်း
- အနာအလွန်ကြီးမားပါက အရေပြားအစားထိုး ကုသခြင်းများအထိ ပြုလုပ်ရနိုင်ပါတယ်။
အိပ်ယာထဲလှဲနေရသော လူနာတွေဟာ ကိုယ်တိုင် ဘာမှမလုပ်ဆောင်နိုင်တဲ့အတွက်၊
စိတ်ရှည်သည်းခံပြုစုပေးခြင်းဖြင့် ကူညီနိုင်ပါတယ်ရှင်။
အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။
Credit : Dr. hp
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။