အမျိုးသမီးများ မိုင်ဂရိန်းနဲ့ ခေါင်းကိုက်ဝေဒနာ သိကောင်းစရာ
23-May-2019ခေါင်းကိုက်တာဟာ
လူတိုင်းနီးပါး ခံစားရတတ်တဲ့ အခံရခက်တဲ့ ဝေဒနာတစ်မျိုးဖြစ်တယ်။ ကျွန်မတူမလေးဆိုရင်
မကြာခဏဖြစ်တတ်ပြီး ခေါင်းကိုက်တာနဲ့အတူ အော့အန်တာ၊ အိပ်မရတာ၊ စိတ်ညစ်ညူးတာတွေပါ ခံစားရတာမို့
သက်သာမှုရစေတဲ့အကြောင်းအရာတွေကို တူမလေးနဲ့ ထပ်တူ ခံစားနေရသူတွေ ကျား၊ မ မရွေးအတွက်ပါ
လေ့လာဖော်ပြပေးလိုက်ပါတယ်။
ခေါင်းတစ်ခြမ်းကိုက်ခြင်း (သို့) ခေါင်းကိုက်ခြင်းဟာ
အများအားဖြင့်တော့ ရေသောက်နည်းခြင်း၊ ရေဓာတ်ဆုံးရှုံးမှုများခြင်း၊ တချို့ အာဟာရဓာတ်တွေ ချို့တဲ့ခြင်းတွေကြောင့် မကြာခဏ
ခံစားရတာဖြစ်ပါတယ်။
အကြမ်းအားဖြင့် ၅ မျိုးခွဲခြားနိုင်ပါတယ်။
၁။ စိတ်ဖိအားကြောင့် ခေါင်းကိုက်ခြင်း
(Tension Headache) က ခေါင်းတစ်ပြင်လုံးအုံပြီး ကိုက်ခဲနေတာဖြစ်တယ်။ တစ်နေရာတည်း ထိုးကိုက်တာမျိုး
မဟုတ်ဘဲ ခေါင်းကြီးတစ်ခုလုံး အုံခဲကိုက်နေတတ်တာမျိုးပါ။
၂။ အလုပ်ပင်ပန်းလွန်းလို့ ခေါင်းကိုက်ခြင်း
(Exertion Headache ) ကတော့ ခေါင်းနောက်ဘက်လည်ကုပ်အထက်နားနေရာမှာ ခေါင်းကိုက်တာ ခံစားရတယ်။
၃။ ဖိအားနဲ့ ခေါင်းကိုက်ခြင်း
(Presurized Headache) ကတော့ ဖျားနေလို့ ၊ တုပ်ကွေးအအေးမိလို့ ဗက်တီးရီးယားနဲ့ ဗိုင်ရပ်စ်ပိုးဝင်လို့
ကိုက်ခဲရတာပါ။ ခေါင်းတစ်ခုလုံး တစ်ခုခုနဲ့ ဖိထားခံရသလိုမျိုး တင်းကျပ်စွာ မခံမရပ်နိုင်အောင်
ကိုက်ခဲတာမျိူးပါ။
၄။ ကွက်ကြား နေရာကွက်ကြား ခေါင်းကိုက်ခြင်း
(Cluster Headache) မျက်နှာပေါ်၊ ပါးရိုးပေါ်နဲ့ လေအိုး (Sinus) တွေရှိတဲ့ နေရာတွေပေါ်မှာ
တစ်ခါကိုက်ရင် မျက်နှာတစ်ဖက်ဖက်မှာ ကိုက်တတ်တယ်။ အများအားဖြင့် ယောက်ျားတွေပိုခံစားရတာ
တွေ့ရတယ်။ မိုင်ဂရိန်း Migraine ခေါ် ခေါင်းတစ်ခြမ်းကိုက်တာကတော့ မိန်းမတွေမှာ အဖြစ်ပိုများတယ်။
၅။ မိုင်ဂရိန်း Migraine ခေါင်းတစ်ခြမ်းကိုက်ရောဂါ
နဖူး သို့မဟုတ် နားထင်နေရာတွေ ကိုက်ခဲနာကျင်တတ်တဲ့ တဒိန်းဒိန်း ထိုးကိုက်တဲ့ ဒီရောဂါက
ရောဂါထချိန်ဆိုရင် အလုပ်မလုပ်နိုင်လောက်အောင် ခံစားရတယ်။ နာရီပိုင်းကနေ ရက်ပိုင်းအထိ
ကြာမြင့်တတ်တယ်။ အဲဒီခေါင်းကိုက်တတ်သူတွေမှာ လုံးဝပျောက်ကင်းသွားတယ်မရှိဘဲ သက်သာသွားလိုက်
ပြန်ဖြစ်လာလိုက် တွေ့ရတယ်။ ဒါကြောင့် ဆောင်ရန်၊ ရှောင်ရန်တွေ လုပ်မယ်ဆိုရင်တော့ ရောဂါကို
ထိန်းချုပ်ထားနိုင်တဲ့ အခြေအနေ ရရှိနိုင်ပါတယ်။ ခေါင်းကိုက်တာဟာ အပရိကရောဂါလို့ ထင်ကောင်းထင်နိုင်ပေမယ့်
တကယ်ခံစားရသူတွေအနေနဲ့ရော အနီးကပ် မြင်တွေ့ရသူတွေအတွက်ပါ အတော်မသက်မသာရှိလှတဲ့ အတွက်
လေ့လာရှောင်ကြဉ်နိုင်ရင် ခံစားရတာတွေ သက်သာစေနိုင်တာမို့ အကျိုးရှိစေပါလိမ့်မယ်။
ခံစားရတဲ့
လက္ခဏာများ
ခေါင်းကိုက်နေစဉ် သွေးပေါင်ချိန်တက်နေတတ်တယ်။
ရင်တုန်ရင်ခုန်မြန်နေပြီး ခေါင်းကိုက်တဲ့ဘက်မှာ နှာရည်ယိုတာ ၊မျက်ရည်ကျတာ တွေ့ရတယ်။
ဒီလိုကိုက်ခဲတာက ၆ပတ်ကနေ ၈ ပတ်အကြာမှာ တစ်ကြိမ် ပြန်ပြန်ဖြစ်လေ့ရှိတယ်။ တစ်ခါတစ်ရံမှာ
အပြင်းအထန် ထိုးကိုက်တတ်ပြီး နာရီဝက်ကနေ ၂ နာရီလောက်အထိ ကြာတတ်တယ်။ အော့အန်တာ၊ အစာမကြေတာမျိုးလည်း
ခံစားရတတ်တယ်။
မိုင်ဂရိန်းခေါင်းကိုက်ရောဂါရှင်မှာ မျက်စိကြည့်လို့
မကောင်းတာ၊ အလင်းရောင်နဲ့ ဆူညံသံကို သာမန်အချိန်မှာလောက် သည်းမခံနိုင်တာ၊ ထုံကျဉ်တာ
၊ ပျို့တက်လာပြီး အန်ချတတ်တာတွေပါ ခံစားလာရတယ်။ ကုသမှုမယူရင် ၄ နာရီကနေ ၇၂ နာရီ (၃ရက်)
လောက်အထိ ကြာပါတယ်။ ဆေးကြိုတင်သောက်တာတောင် တစ်ရက်လောက် အထက်ပါတွေ ခံစားရပြီး နောက်နေ့
သက်သာတယ်ဆိုရင်တောင် ခေါင်းမကြည်ဘဲ နောက်ကျိကျန်ရစ်ခဲ့တယ်။ တစ်ခါခံစားရအပြီး နောက်
ဘယ်တော့ကြာမှ ခေါင်းပြန်ကိုက်တယ်ဆိုတာက တစ်ယောက်နဲ့တစ်ယောက် မတူတတ်ကြဘူး။ တချို့လည်း
ခဏလေးနဲ့ ပြန်ကိုက်ခဲ၊ တချို့လည်း တစ်လ နှစ်လ ကျော်နေမှ ပြန်ပေါ်တတ် ပြန်ခံစားရတတ်တယ်။
တချို့ မိုင်ဂရိန်းသမားတွေက ခေါင်းကိုက်
စလာတော့မယ်ဆိုတာ အကြိုလက္ခဏာတွေ စတင်ခံစားရတာ သတိထားမိကြတယ်။ အဲဒါတွေကတော့ ရုတ်တရက်
အားအင်ကုန်ခန်းသွားတာ၊ အချို့ အလွန်စားချင်စိတ်၊ အချိုဆာလောင်စိတ်ပေါ်လာတာ၊ တောက်လျှောက်
ရေငတ်လာတာ၊ ခေါင်းမကြည်ဘဲ ခေါင်းမူးလာတာ၊ စိတ်တို စိတ်ဆတ်လာတာ၊ စိတ်ညစ် စိတ်ဓာတ်ကျလာတာ
စသဖြင့် ခေါင်းကိုက်တာ မစခင်လေးမှာ ခံစားလာရတယ်။ တချို့ဆို မျက်စိရှေ့မှာ အလင်းရောင်
ပြိုးပြိုးပြက်ပြက်တွေ မှိတ်တုတ်မှိတ်တုတ်လေးတွေ အမည်းစက်လေးတွေ တဖြည်းဖြည်းချင်း ပြန့်ကျဲလာတာမျိုး
ကြိုတင်ခံစားလာရပါတယ်။
ခေါင်း ဘာကြောင့်
ကိုက်ခဲရသလဲ
စိတ်ဖိအားကြောင့်
ခေါင်းကိုက် (Tension Headache) ကတော့ အလုပ်ထဲနဲ့ ပတ်ဝန်းကျင်က ပေးတဲ့ စိတ်ဖိအားတွေ၊
ကျယ်လောင်တဲ့ အသံတွေ၊ လမ်းပေါ်က ရှုပ်ထွေးစွာ သွားလာလှုပ်ရှားနေမှုတွေ အပြင်းအထန် လေ့ကျင့်ခန်း
(Intensive Workout) တွေက အဲလို ခေါင်းကိုက်လာစေဖို့ လှုံဆော်ပေးတယ်။
ခေါင်းကိုက်တာ အများစုနဲ့ မိုင်ဂရိန်းရှိသူတွေမှာတော့
အလာဂျီဓာတ်မတည့်တာတွေကြောင့် ခေါင်းကိုက်လာစေတယ်။ တချို့အစားအစာတွေ ဥပမာ အချိုဖြည့်သကြားတုတွေ
(Sweeteners) ၊ ဆီးချိုသမားတွေ သုံးတဲ့ သကြားဆီ (Aspartame) ၊ သန္ဓေတားဆေးတွေ၊ ချောကလက်နဲ့
ကဖင်းပါတဲ့ အစားအသောက်တွေ၊ အချဉ်ဓာတ်ရှိတဲ့ အသီးအနှံတွေ ဆားများလွန်းတဲ့ စားစရာတွေ၊
လက်တို့စ် (Lactose) ၊ ဟင်းချိုမှုန့် (Monosodium Glutamate, MSG) နဲ့ ကြာရှည်ခံ အောင်
အမြင်လှအောင်ထည့်သုံးကြတဲ့ ဖြည့်စွက်သုံးတဲ့ (Food Addictive) တွေကြောင့် ခေါင်းကိုက်တာကို
ဖြစ်ပေါ်စေဖို့ လှုံ့ဆော်ခံကြရပါတယ်။
အစာ လုံးဝမစားတာ ဥပမာ- ဥပုသ်ရက်ရှည် စောင့်တဲ့အခါနဲ့
ကိုယ်တွင်းမှာ စုပုံနေတဲ့ အဆိပ်အတောက်တွေ ဖယ်ရှားတဲ့ Detoxifying ပြုလုပ်တဲ့ အခါတွေမှာလည်း
ခေါင်းကိုက်စေဖို့ နှိုးဆွပေးသလို ဖြစ်ရတယ်။ ဘာလို့လဲဆိုတော့ စွန့်ပစ်လိုက်တော့မယ့်
အဆိပ်အတောက်တွေ (Toxin) တွေက အပြင်ကို ကျောက်ကပ်ကနေတစ်ဆင့် စွန့်ထုတ်ဖို့ရာ သွေးလည်ပတ်မှုစနစ်အတွင်း
အရင်ရောက်လာရသေးတာဆိုတော့ အဲဒါတွေရဲ့ အရှိန်ကြောင့် ခေါင်းကိုက်လာရတာပါ။
ပတ်ဝန်းကျင်
မသန့်ရှင်းတာတွေ ဥပမာ အနံ့ အသက် မကောင်းတာ၊ စူးရှမွှေးကြိုင်လွန်းတာ၊ လေသန့်ဆေးရည် ဖျန်းတာ
၊Air Freshment နဲ့ ရေမွှေးအနံ့စူးတာတွေကြောင့်လည်း တချို့လူတွေမှာ ခေါင်းပြင်းထန်စွာ
ကိုက်တတ်တယ်။ အေးစက်နေတဲ့ ရေနဲ့ အချိုရည်တွေ သောက်တာကလည်း ခေါင်း ချက်ချင်း ကိုက်လာစေနိုင်တယ်။
ခေါင်းကိုက်တာနဲ့
တခြားရောဂါတွေ ဆက်စပ်ပုံ
ခေါင်းကိုက်တယ်ဆိုတာ မကြာခဏ ကိုက်တတ်လို့
သာမန်ရောဂါလို့ အမြဲတမ်းထင်ထားလို့ မရပါဘူး။ အထူးသဖြင့် တစ်ခါတစ်ရံမှ အပြင်းအထန် ကိုက်တတ်သူတွေအနေနဲ့
သတိထားသင့်တယ်။ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါ ရှိသူတွေ ခေါင်းကိုက်ရင်၊ လေဖြတ်ခြင်း
(Stroke) နဲ့ ဦးနှောက်တွင်း သွေးယိုခြင်း၊ ဦးနှောက်သွေးကြောပေါက်ခြင်းတို့ကြောင့်
ရှေ့ပြေးခေါင်းကိုက်တာ ဖြစ်နိုင်တယ်။ ခဲဆိပ်သင့်တာနဲ့ ပြဒါးဆိပ်သင့်သူတွေမှာလည်း ခေါင်းကိုက်တတ်တာမို့
ဘာအကြောင်းကြောင့် ခေါင်းကိုက်တယ်ဆိုတာ အမြန်ဆုံး ရှာဖွေ ကုသသင့်ပါတယ်။
ကုသခြင်း
ခေါင်းကိုက်တာကို လှုံ့ဆော်တဲ့ အကြောင်းအရာ၊
ပတ်ဝန်းကျင်နဲ့ အစားအသောက်တွေကို အစွမ်းကုန်ရှောင်ရှားကြရမှာပါ။ အလုပ်အကိုင်နဲ့ ပတ်ဝန်းကျင်ရဲ့
ဖိအားတွေကို တတ်နိုင်သလောက် လျှော့ချပြီး စိတ်ကို သက်တောင့်သက်သာ ထားနိုင်အောင် ကြိုးစားရမှာပါ။
အလုပ်လုပ်ရာမှာဖြစ်စေ၊ လေ့ကျင့်ခန်းလုပ်ရာမှာ
ဖြစ်စေ အားသွန်ခွန်စိုက် တရကြမ်း နားချိန်မရှိအောင် တွန်းလုပ်မယ့်အစား အနားယူလိုက်၊
အလုပ်လုပ်လိုက် ဖြစ်အောင် စီစဉ်သင့်တယ်။
ဟင်းချိုမှုန်နဲ့ ဖြည့်စွက် ကြာရှည်ခံ၊ အနံ့အရသာ
တုတွေ ထည့်ထားတဲ့ ပြင်ပ အစားအစာတွေ၊ အချိုရည်၊ အချိုမှုန့်တွေ ၊ အမြန်စာတွေ ၊ အလာဂျီထစေတဲ့
အစားအသောက်နဲ့ အနံ့အသက်တွေ အားလုံး မှတ်ထားပြီး မထိတွေ့အောင် ရှောင်ကြဉ်သင့်တယ်။
ခေါင်းကိုက်လေ့ရှိသူတွေ
စားသုံးသင့်သည်များ
မိုင်ဂရိန်း ခေါင်းကိုက်နေသူတွေ ခေါင်းကိုက်တာနဲ့
တစ်ပြိုင်တည်း ရေသန့် (သို့) ရေကျက်အေးတစ်လီတာ သောက်ပေးပြီး ငြိမ်ငြိမ်လေး လဲလျောင်းနေသင့်တယ်။
ဒီနည်းက အတော်လေး ခေါင်းကိုက် သက်သာစေတယ်။ များသောအားဖြင့် ရေဓာတ်ဆုံးရှုံးမှု များတဲ့အခါနဲ့
ရေဓာတ် များများဖြည့်ပေးဖို့ လိုတဲ့အခါတွေမှာ မိုင်ဂရိန်းရောဂါရှင်တွေအတွက် ခေါင်းကိုက်တာနဲ့
အရင်ဆုံး ပြတတ်ပါတယ်။ ဒါကြောင့် ၎င်းတို့အနေနဲ့ နေ့စဉ်လည်း ရေများများ အနည်းဆုံး ၂ လီတာလောက်
သောက်ပေးသင့်တယ်။
နေ့စဉ်စားတဲ့အထဲမှာ ကာဗိုဟိုက်ဒြိတ်တွေ စုပေါင်းပါဝင်တဲ့
လုံးတီးဆန်၊ လုံးတီးဂျုံနဲ့ ပြုလုပ်ထားတာတွေနဲ့ လတ်ဆတ်တဲ့ အသီးအရွက်တွေ အများအပြားပါဝင်အောင်
စားသင့်တယ်။ အသားကိုတော့ အသင့်အတင့်ကနေ အနည်းငယ်လောက်ပဲ စားသင့်တယ်။ အမြန်စာတွေ ဆီကြော်အစားအစာတွေကို
လုံးဝရှောင်သင့်တယ်။ ဆီကြော်အစားအစာတွေထဲမှာ ပြန်ကြော်ဆီတွေကြောင့် ပါလာတဲ့ အယ်ဒီဟိုက်တွေက
မိုင်ဂရိန်းခေါင်းကိုက်တာတွေကို မဖြစ်ဖြစ်အောင် လှုံ့ဆော်ပေးနိုင်လို့ မစားသင့်တာပါ။
အစားအစာတွေကို ပြင်ဆင်စားရာမှာ အစိမ်းလိုက်ဝါးစားခြင်း၊ အရည်ဖျော်သောက်ခြင်း၊ ရေနွေးငွေ့နဲ့
ပေါင်းစားခြင်း၊ ပြုတ်စားခြင်း၊ မီးကင်စားခြင်း၊ ချက်စားခြင်းတွေပဲ ပြုလုပ်စားသင့်တယ်။
အချိုနဲ့ သကြားကဲတာတွေ၊ နို့ထွက် ပစ္စည်း
Dairy Products တွေ၊ ချိစ်၊ ဒိန်ခဲနဲ့ အစေ့အဆန်တွေကို မစားသင့်ဘူး။ အဲဒါတွေမှာပါတဲ့
တိုင်ရာမင်း Tyramine က မိုင်ဂရိန်းထဖို့ လှုံ့ဆော်ပေးတဲ့အတွက် မစားသင့်တာပါ။ ဆေးလိပ်၊
အရက်နဲ့ ကော်ဖီ ရှောင်သင့်တယ်။ အဲဒါတွေအစား ရေအများကြီး သောက်သင့်သလို လတ်ဆတ်တဲ့ အသီးအနှံနဲ့
အသီးအရွက်ဖျော်ရည်တွေ ပိုမို စားသောက်သင့်တယ်။ အဲဒါတွေ အဓိကထား စားသောက်ပါမှ ကိုယ်ထဲက
အဆိပ်အတောက်တွေ၊ အညစ်အကြေးတွေကို လွယ်ကူစွာ ဖယ်ရှားပစ်နိုင်မှာပါ။ အဲဒီအဆိပ်အတောက်တွေကလည်း
ခေါင်းကိုက်ခြင်းရဲ့ အဓိက တရားခံတွေ ဖြစ်ကြပါတယ်။
ခေါင်းကိုက်တတ်သူတွေက မဂ္ဂနီဆီယမ်နဲ့ ကယ်လ်ဆီယမ်
ကြွယ်ဝတာတွေ ပိုစားပေးရင် ခေါင်းကိုက်နေတာကို သက်သာစေပြီး တော်တော်နဲ့ ပြန်မကိုက်အောင်လည်း
ကာကွယ်ပေးနိုင်တယ်။ အဲဒါတွေ ကြွယ်ဝတာကတော့ အရည်ရွှမ်းသီးနှံအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်မျိုးစုံ
၊ ဆန်လုံးညို၊ ဂျုံဖွဲနု၊ ဂျုံစေ့နဲ့ ပဲပုပ်စေ့တွေကို များများစားပေးသင့်တယ်။
Credit :
ဒေါက်တာ အေးမြချယ်