Print

တစ်ခါသုံး ဆေးပစ္စည်းကိရိယာများ

  29-May-2019
Preview Image

          အခြား ခေတ်မီတိုးတက်မှုများ ကဲ့သို့ပင် တစ်ခါသုံး ဆေးပစ္စည်း ကိရိယာ များအသုံးပြုရန် ယူဆချက်မှာ အမေရိကန်ပြည်ထောင်စုတွင် စတင်ပေါက်ဖွားခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကပင် ဆေးပစ္စည်းကိရိယာအများအပြားကို ပြန်လည်အသုံးပြုနိုင်သော ပိုးထုတ်ရခြင်းစရိတ်မှာ မြင့်မားလှ၍ တစ်ခါသုံး ကိရိယာများမှာ စီးပွားရေးအားဖြင့် ဆွဲဆောင်မှု ရှိပေသည်။


          ဆေးပစ္စည်း ကိရိယာများကို သန့်ရှင်းသောအခန်းများရှိသည့် စက်ရုံများတွင် ထုတ်ပိုးကာ ပိုးသတ်နိုင်သည်။ ဤကဲ့သို့ ပြုလုပ်ခြင်းဖြင့် ဆေးရုံတွင် ရောဂါ ထိန်းသိမ်းမှုကို တိုးတက်စေသည်။ ဆေးထိုးပြွန်များနှင့် ဆေးထိုးအပ်များသည် ပထမဆုံးသော တစ်ခါသုံးဆေးပစ္စည်းကိရိယာများဖြစ်ပြီး ရောဂါပိုးသတ်ထားသော အဖုံးစွပ်များဖြင့် ထုတ်လုပ်သည်။ ယင်းတို့ကို အလွယ်တကူ သုံးနိုင်ပြီး အထူးပြုလုပ်ထားသော ပုံးများတွင် စွန့်ပစ်နိုင်သည်။ လူနာကိုယ်တိုင်က ချွန်ထက်သော ဆေးထိုးအပ်များကို နှစ်သက်ကြသည်။ ယခင်ဆေးထိုးအပ်များမှာ ပြုပ်ပြီး ထပ်ခါတလဲလဲ သုံးထား၍ တုံးနေသည်။ လုပ်နေကျ ကာကွယ်ဆေးထိုး လုပ်ငန်းများမှာလည်း ယခင်ကထက် ချောမွေ့လာသည်။ လူနာများအတွက် အရေပြားအောက်သုံးရသော ဆေးထိုးအပ်များမှာ ရောဂါပိုးကင်းစင်ပြီး ထပ်မံပိုးသတ်ရန် မလိုအပ်၍ ဖြစ်သည်။


          ဆေးရုံများတွင် ရာဘာပစ္စည်းများဖြစ်သော ပိုက်များ အသက်ရှုခြင်းဆိုင်ရာ ပိုက်များ ကသီတာ Catheters ခေါ် ပြွန်ပိုက်များကို တစ်ခါသုံးပလတ်စတစ်များဖြင့် အစားထိုး အသုံးပြုနေသည်။ ခွဲစိတ်ခန်းတွင် ဝတ်ရသော ဝတ်ရုံရှည် Gowns နှင့် ခွဲစိတ်ရမည့် နေရာ ပတ်ဝန်းကျင်ကို ဖုံးအုပ်ထားသည့်အဝတ် Drape တို့ကို တစ်ခါသုံးအဝတ်များအဖြစ် တီထွင်ပြီး ထုတ်လုပ်ထားသည်။ ယခုအခါ အမေရိကန် ပြည်ထောင်စုရှိ ဆေးရုံများတွင် တစ်ခါသုံး မိလ္လာအိုးများနှင့် အခြားဆေးပစ္စည်း အသုံးအဆောင်များကို အသုံးပြုနေကြသည်။ (ထိုသို့အသုံးပြုရာတွင် အထူးစွန့်ပစ် ယူနစ်နှင့် အလွန်ကောင်းသော ပိုက်တပ်ဆင်ခြင်းများ လိုအပ်ပေသည်) ဆေးတောင့် အိတ်ကလေးများ အကြောဆေးပြွန်များ၊ အစားထိုးပစ္စည်းများ (ဥပမာ - နှလုံးစည်းဝါး ပုံမှန်ခုန်စက်၊ Pace Maker တို့ကို တစ်ခါသုံးပစ္စည်းများအဖြစ် ထုတ်လုပ်ထားပေသည်။)

 

         တစ်ခါသုံးပစ္စည်းအဖြစ်သုံးရခြင်းအကြောင်းများမှာ

၁။ အလွယ်တကူ အသုံးပြုနိုင်ခြင်း

၂။ အဆင့်ဆင့်ကူးစက်နိုင်သည့်ရောဂါပိုး ဝင်မှုကို ဖယ်ထုတ်နိုင်ခြင်း

၃။ ပစ္စည်းကိရိယာများကို သန့်စင်ခြင်း၊ ပြုပြင်ခြင်း၊ ပြန်လည်ပိုးသတ်ခြင်း၊ ပြုလုပ်ရာတွင် လူ့လုပ်အားကို အသုံးပြု၍ ကုန်ကျစရိတ်များပြားမှုကို ဖယ်ရှားနိုင်ခြင်း၊

၄။ လူနာများ သက်သာမှုရှိခြင်း၊ ယုံကြည်မှု ရှိစေခြင်းတို့ဖြစ်ပေသည်။


ဆေးရုံတွင် တစ်ခါသုံးအပ်များ ကရိယာများကို အသုံးပြု၍ အစီအစဉ် ကြံရွယ်ချက်များ ရှိပါက ဖော်မြူလာတစ်ခု ရှိပေသည်။ ယင်းဖော်မြူလာမှာ ငွေကြေးကုန်ကျစရိတ် ပြန်လည်အသုံးပြုရန် ပြုလုပ်ရသော စရိတ်၊ မူလပစ္စည်း၏ စရိတ်တို့သည် တစ်ခါသုံးကိရိယာ၏ ကုန်ကျစရိတ်ထက် နည်းရပေမည်။ ပြန်လည်အသုံးပြုရသော ရာဘာအသက်ရှုလမ်းကြောင်း ကိရိယာများ (တစ်ခု နှစ်ပေါင်နှုန်းရှိပြီး ၊ တစ်လ အခုရေ ၂၀ ကုန်ခြင်း) သည် တစ်ခါသုံး ရာဘာအသက်ရှုလမ်းကြောင်းကိရိယာများ (တစ်ခု ၂၀ ပဲနီ တစ်လ ခုရေ ၁၀၀၀) ထက် တန်ဖိုးကြီး ပါသလား။ ဤမေးခွန်းအတွက် ပစ္စည်းထိန်းသိမ်းစရိတ်နှင့် ပြန်လည်ပြုပြင်ရသောစရိတ်တို့ကို စဉ်းစားရပေမည်။ ရေဘွိုင်လင်လာအိုးများသည် ပိုးသတ်ရန် အတွက် သင့်လျော်သော ပစ္စည်းကိရိယာများ မဟုတ်ကြောင်း သိထားသင့်သည်။

  

        ရာဘာပစ္စည်း (ဥပမာ ကသီတာ ခေါ် ပြွန်ပိုက်များ) တွင် ချွတ်ယွင်းမှု ရှိပါက အသုံးပြုရာတွင် အခက်အခဲရှိနိုင်ပြီး ရောဂါပိုးကို ပိုမိုဝင်ရောက်စေသည်။ ရောဂါပိုးဝင်ခြင်းကြောင့် ကုန်ကျစရိတ်မှာ ဆေးရုံတစ်ရုံနှင့် တစ်ရုံ ကွဲပြားမှုရှိပါသည်။ ထို့အပြင် လူနာတစ်ယောက်၏ ဆေးရုံတက်ရသော အချိန်ကာလပေါ်တွင် လည်းကောင်း၊ ရောဂါပိုးဝင်ခြင်းကြောင့် ခွဲစိတ်မှု လိုမလိုအပေါ်တွင်လည်းကောင်း ကုန်ကျစရိတ်မှာ မူတည်နေပေသည်။ ဆေးရုံတွင် သန့်ရှင်းမှု မရှိပါက ဆေးရုံလူနာဆောင်ရှိ အခြားလူနာများပါ ရောဂါပိုးဝင်နိုင်ပါသည်။ အကြမ်းအားဖြင့် ပြောရလျှင် ကိရိယာများကို ပြန်လည်အသုံးပြုခြင်း၏ အဓိက အကျိုးမှာ ကုန်ကျစရိတ်သက်သာခြင်း၊ ပြန်လည်အသုံးပြုခြင်းမှာ အမြဲတမ်းအလွယ်တကူရရှိနိုင်ခြင်း တို့ဖြစ်သည်။ ပြန်လည်အသုံးပြုခြင်း၏ အပြစ်အနာအဆာများမှာ - ကိရိယာများကို ပြန်လည်ပြုပြင်ဖို့ လိုအပ်သော ကျွမ်းကျင်လုပ်သားများအတွက် ကုန်ကျစရိတ်၊ ရောဂါပိုးသတ်ရာတွင် အသုံးပြုသော ကိရိယာများအား ထိန်းသိမ်းရသည့်စရိတ်၊ အချိန်ကုန်ဆုံးမှု၊ ပြန်လည်ပြုပြင်ရာတွင် ဆုံးရှုံးမှုနှင့် ပျက်ဆီးမှုများ ၊ ရောဂါပိုးမသတ်မီ ဆေးပစ္စည်းများကို သန့်စင်ရာတွင် ခက်ခဲမှုများဖြစ်သည်။

          တစ်ခါသုံး ဆေးပစ္စည်းကိရိယာများ ကို နည်းမှန်လမ်းမှန် အသုံးပြုပါက ရောဂါပိုး မဝင်နိုင်သည့်အပြင် အလွန်လွယ်ကူစွာ အသုံးပြုနိုင်ခြင်းပင်ဖြစ်သည်။

Credit : ဒေါက်တာ လှဖေ

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18