နားလေးခြင်း၊ နားပင်းခြင်း
01-Mar-2017အမျိုးအစားအားဖြင့် နှစ်မျိုးရှိသည်။ ပထမတစ်မျိုးမှာ နားအတွင်းရှိ နားတွင်ပြွန်လိမ် (cochlea) တွင် နာဗ်ကြောများ ဖွံ့ဖြိုးမှုမရှိခြင်း၊ လုံလောက်မှု မရှိခြင်းကြောင့်ဖြစ်ပြီး ဒုတိယတစ်မျိုးမှာ နားအတွင်းရှိ အကြာအင်္ဂါ တစ်လျှောက် အသံလှိုင်း များ ကောင်းစွာဖြတ်စီးမှု မပြုခြင်းကြောင့် ဖြစ်ရသည်။ နာဗ်ကြောချို့ယွင်းမှုကြောင့် နားလေးခြင်းသည် မွေးရာပါဖြစ်နိုင်သလို ဦးခေါင်းကို ထိခိုက်ဒဏ်ရာရခြင်း၊ အသံအလွန်ဆူညံခြင်း (ဥမပာ-စက်ရုံ၊ လေယာဉ်ကွင်း၊ သေနတ်ပစ်ခြင်း၊ သီးချင်းသံဆူညံခြင်း) နှင့် ဗိုင်းရပ်စ်ရောဂါပိုးဝင်ရောက်ခြင်း တို့ကြောင့် လည်း ဖြစ်ပွားနိုင်သည်။
ထို့အပြင် အသက်ကြီးလာ၍ နားလေးခြင်းမျိုးလည်းရှိပြီး အချို့သူများတွင် အသက်ငယ်ငယ်ရွယ်ရွယ် နှင့်ပင် ဤသို့ နားလေးတတ်၏။ ဆူညံသောပတ်ဝန်းကျင်ကြောင့် နားလေးရခြင်းမျိုးမှာ ကာကွယ်နိုင်သော အရာဖြစ်သည်။ ဆူညံသောလုပ်ငန်းခွင်တွင် လုပ်ကိုင်ရသော အလုပ်သမားတိုင်း နားတွင် အဆို့များ တပ်ဆင်ထားသင့်၏။ သို့မဟုတ်ပါက ငယ်ငယ်နှင့် နားလေးရပြီး နားကြားကိရိယာတပ်မှ ကြားနိုင်သော ဘဝသို့ ရောက်ရမည်။
ဗြီတိန်နိုင်ငံတွင် ကလေးတိုင်းကို အသက် (၇) လအရွယ် ကျောင်းမတက်မီ အရွယ်နှင့် မူလတန်းကြိုတက်သော အရွယ်တို့တွင် နားကြားနိုင်စွမ်းကို စမ်းသပ်ပေးကြ၏။ မိဘတိုင်းကလည်း ကလေး၏ နားကြားမှုအာရုံကို သံသယရှိပါက ဆရာဝန်နှင့် ချက်ချင်းပြသသင့်ပြီး စစ်ဆေးမှုခံယူရပါမည်။ ရင်သွေးငယ်များ စကားပြောတတ်ရန် နားကြားအာရုံပုံမှန်အတိုင်းရှိဖို့ အထူးပင်လိုအပ်ပါသည်။ အသံစီးဆင်းမှု ချွတ်ယွင်းခြင်းကြောင့် နားလေးခြင်းသည် အလယ်နားနှင့် အပြင်နားတွင် ချွတ်ယွင်းခြင်းကြောင့်ဖြစ်ပြီး အအေးမိခြင်းနှင့် အခြားရောဂါပိုးဝင်ခြင်းကြောင့် လည်ပင်းနားပြီး ၎င်းမှတစ်ဆင့် နားအတွင်းသို့ ပိုးဝင်ရောက်တတ်ပါတယ်။ ထိုအခါ နားအတွင်းရောင်ရမ်းပြီး ခဏကြာမျှ နားလေးသွားတတ်ပါသည်။ ယခုအခါတွင် ပဋိဇီဝဆေးများဖြင့် ကုသမှုပေးနိုင်ပြီး တစ်ခါတစ်ရံတွင် နှာစေးချောင်းဆိုး ဆက်ဖြစ်နေတတ်ပြီး နားမှ ကော်ကဲ့သို့အရည်များ ထွက်လာတတ်သလို ရက်သတ္တပတ်ကြာမျှလည်း နားလေးနေတတ်၏။
ထိုကဲ့သို့ဖြစ်ပါက အထူးသဖြင့် ကလေးငယ်များတွင် အလယ်နား အတွင်း ရောဂါပိုးဝင်ရောက်တတ်သဖြင့် တတ်ကျွမ်းသူများဖြင့် ပြသပြီး လိုအပ်ပါက အရည်စုပ်ထုတ်ရပေမည်။ ကလေးငယ်များတွင် သံသယဖြစ်ဖွယ် နားလေးနေသည်ဟု ထင်ရပါက အလယ်နားရောဂါပိုးဝင်ခြင်းနှင့် နားဖာချေးပိတ်ခြင်းတို့ကြောင့် ဖြစ်နိုင်သဖြင့် အထူးဂရုပြုစစ်ဆေးရမည်။ နားအတွင်းသို့ ရောဂါပိုးဝင်ရောက်ခြင်းကြောင့် နားစည်ပေါက်နိုင်သော်လည်း ခေတ်ပေါ်ကုသနည်းများဖြင့် လျင်မြန်စွာ ပျောက်ကင်းနိုင်သည်။ တစ်ခါတစ်ရံတွင် နားစည်ပေါက် သွားပြီး ပြန်မကျက်တော့ဘဲ နှစ်အတော်ကြာ နားမှပြည်ယိုနေတတ်ပါသည်။ နားစည်ထိခိုက်ပျက်စီးခြင်းနှင့် နားပြည်ယိုခြင်းတို့ကြောင့်နားလေးခြင်း၊ နားပင်းခြင်း ဖြစ်ရသည်။ နားစည်ပေါက်ခြင်း အချို့ကို ယခုအခါ ခွဲစိတ်၍ ကုသနိုင်ပါသည်။
Credit:
ဒေါက်တာမေမိုးနွယ်
မိသားစုကျန်းမာရေးလမ်းညွှန် စာအုပ်မှကောက်နုတ်ထားပါသည်။