အာသီးရောင်ခြင်းအကြောင်း
01-Mar-2017မသန့်ရှင်းတဲ့ရေ၊ ဖုန်ကပ်တဲ့အစာတွေ စားမိရင် အစားအသောက်မှာပါလာတဲ့ ပိုးတွေက အရင်ဆုံး အာခေါင်ထဲမှာရောက်ပြီး အာသီးမှာ ပိုးကပ်လို့ အာသီးရောင်တတ်ပါတယ်။ ဒီတော့ လမ်းဘေးက ဖုန်၊ သဲတွေကပ်နေတဲ့ ရေခဲတုံးတွေကို တုတ်နဲ့ ရိုက်ခွဲထည့်တဲ့ ရှာလပတ်ရည်၊ ရေခဲရေတွေ ဝယ်သောက်ရင်တော့ အာသီးရောင်ပိုးဝင်မှာ သေချာသလောက်ပါပဲ။ အဖုံးအအုပ်မပါဘဲ ပလက်ဖောင်းမှာ ဆိုင်ခင်းပြီး ရောင်းနေတဲ့ မုန့်မျိုးစုံ၊ သရေစာမျိုးစုံကလည်း ကားသွားတိုင်း၊ လူလမ်းလျှောက်တိုင်း ဖုန်ထပြီး လမ်းပေါ်က ပိုးမျိုးစုံက အစားအသောက်ပေါ်ကို ကျထားတာကြောင့် ဝယ်စားရင်တော့ အာသီးရောင်ဖို့ များပါတယ်။
သူကခန္ဓာကိုယ်ရဲ့အဝင်ဝ ဖြစ်နေတာကိုး။ ဒါပေမဲ့ အစားအသောက်မှ မဟုတ်ပါဘူး။ စကားပြောရင်း၊ အသက်ရှူရင်းလည်း လေကမသန့်ရှင်း၊ ဖုန်ပါရင်၊ မီးခိုးတွေများရင် အာသီးက ရောင်နိုင်တာပါပဲမို့ အစားအသောက်တစ်ခုတည်းကြောင့်လို့ ပြောရင်တော့ မမှန်နိုင်ဘူးပေါ့။ အစားအသောက်၊ အနေအထိုင် ဆင်ခြင်ရမယ်လို့ ပြောရင်တော့ ပိုမှန်ပါမယ်။
အဓိကကတော့ တစ်ကိုယ်ရေသန့်ရှင်းရေးပါပဲ။ ခန္ဓာကိုယ်မှာ ခြင်ကိုက်၊ ပွန်းပဲ့၊ ကုတ်ခြစ်လို့ အနာလေးတွေရှိ၊ ဝက်ခြံတွေရှိရင်လည်း Streptococcus ဆိုတဲ့ ပိုးကဝင်ပြီး ပြည်ဖုလေးတွေ ဖြစ်တတ်ပါတယ်။ လက်က ကိုယ့်ခန္ဓာကိုယ်ကို ပွတ်မိ၊ ကိုင်မိပြီး လက်မဆေးဘဲ နေကြာစေ့ခွာစား၊ ဆီးတော်ဖီ ဖောက်စားရင်လည်း အစားအသောက်မှာ လက်ကတစ်ဆင့် အာသီးရောင်ပိုးက ပါသွားတတ်ပါပဲ။ ဒါကြောင့်အစားအသောက် စားခါနီးတိုင်း လက်ဆေးတဲ့အကျင့်လုပ်ဖို့ လိုပါတယ်။ နို့မို့ဘယ်လောက်သန့်တဲ့ ဆိုင်မှာ စားစား၊ ဘယ်လောက်သန့်တဲ့ နိုင်ငံခြားက ချောကလက်ပက်ကင်ဖောက်စားစား ပါးစပ်ထဲ ဝင်သွားတော့ အာသီးရောင်ပိုးက ရောပါသွားတတ်ပါတယ်။
နောက်တစ်ချက်ကတော့ သိပ်အေးတာ၊ သိပ်ပူတာနဲ့တွေ့ရင် ခန္ဓာကိုယ်ရှိ တစ်သျှူးတွေရဲ့ လုပ်ငန်းဆောင်တာတွေ ချို့ယွင်းအားနည်းတတ်ပါတယ်။ သိပ်အေးတဲ့ဆောင်းတွင်းမှာ နှာစေး၊ ချောင်းဆိုးပိုဖြစ်တာလည်း တွေ့ဖူးမှာပေါ့။ ဒီလိုပဲ ရေခဲတွေ အကြာကြီးစားရင်၊ ငုံထားရင်လည်း အာသီးကဒဏ်ဖြစ်သွားပြီး လေထဲမှာနည်းနည်းပါလာတဲ့ ဖုန်တွေ၊ ပိုးတွေကိုတောင် သာမန်လို မကာကွယ်နိုင်တော့ဘဲ အာသီးရောင်လာတတ်ပါတယ်။ ဒီလိုပဲ ကြေးအိုးပူပူ၊ ဟင်းချိုပူပူတွေကို သင့်တော်အောင် အအေးမခံဘဲ ပူပူကြီး အတင်းသောက်မိရင်လည်း အာသီးက ဒဏ်ဖြစ်သွားပြီး ခဏခဏရောင်တတ်ပါတယ်။
Credit:
ပါမောက္ခဦးချစ်စိုး
အရိုး၊ အကြော၊ အဆစ်နှင့် အထွေထွေရောဂါကုဆရာဝန်ကြီး