Print

ဦးနှောက်ပုံ၏ပုံသဏ္ဍာန်

  01-Mar-2017
Preview Image

ဦးနှောက်သည်အပူပိုင်းရှိ ပန်းပွင့်သော သစ်ပင်တစ်ပင်နှင့်တူသည်။ ဥပမာ- စိတ်ပန်းပင်၊ ကန့်ကော်ပင် အပိုင်းသည် ကိုင်းများ၊ အရွက်များ၍ ထီးသဖွယ်ဖြစ်သည်။ ယင်းသို့ ပွင့်ကားနေသော အပိုင်းမှာ နှစ်ခုရှိ၏။ ကြီးသော ဦးနှောက်ကြီး (Cerebrum) ပိုင်းနှင့် ယင်းထက်ငယ်သော ဦးနှောက်ငယ် (Cerebellum) ပိုင်းဖြစ်သည်။ ယင်းနှစ်ပိုင်းနှင့်အတူ ကျောအာရုံကြောမနှင့် ဆက်နေသောအပိုင်းသည် ဦးနှောက်၏ပင်စည်ပင်
ဖြစ်သည်။ ဤသည်ကို ပင်စည်ဦးနှောက် (Brain Stem) ဟုခေါ်သည်။

 

ပင်စည်ဦးနှောက်၌ ကြားဦးနှောက် (Midbrain)၊ ပေါင်းကူး ဦးနှောက် (Pons) နှင့် ချဉ်ဆီဦးနှောက် (Medulla oblongata) ဟူ၍ သုံးပိုင်းရှိသည်။ ချဉ်ဆီဦးနှောက်ပိုင်းသည် ကျောအာရုံကြောမနှင့် ဆက်သွားရာ မြေကြီးအောက်ရောက်သွားသောရေသောက်မြစ်နှင့်တူသည်။ လူ၌မဟာဒွါရပေါက် (Foramen magnumအပေါက်ကြီး၊ဦးခေါင်းခွံပေါက်ကြီး) သည်ဦးနှောက်နှင့် ကျောအာရုံကြောမကို ပိုင်းခြားထားသည်။

 

ဦးနှောက်အစိတ်အပိုင်းများ

သို့ဖြစ်၍ ဦးနှောက်၌ ငါးပိုင်းရှိသည်။

(၁) ဦးနှောက်ကြီး Cerebrum
(၂) ဦးနှောက်သေး / ငယ် Cerebellum
(၃) ကြားဦးနှောက် Midbrain
(၄) ပေါင်းကူးဦးနှောက် Pons
(၅) ချဉ်ဆီဦးနှောက် Medulla

 

ဦးနှောက်အစိတ်အပိုင်းများ
ဦးနှောက်ကြီး၏ မျက်နှာပြင်ဧရိယာများ၏ မျက်နှာပြင်များသည် တွန့်ခေါက်နေသည်။ တွန့်ခေါက်အပိုင်းကို ချိုင့် (Sulci) ဟုခေါ်သည်။ နက်လျှင် မြောင်း (Fissure) ဟုခေါ်၏။ ဦးနှောက်ကြီး၏ အလုံးပိုင်း (Lobes) နှင့် ယင်းတို့၏ လုပ်ငန်းများမှာ အောက်ပါအတိုင်းဖြစ်သည်။ 

 

(က) နဖူးလုံး (Frontal Lobe)

(၁) ဗဟိုမြောင်း / ချိုင့်၏အရှေ့ဘက်
(၂) လှုပ်ရှားမှုဗဟိုနေရာ (Motor Area) ရှိသည်။
(၃) အပြင်ပီရမီဒယ်အာရုံကြောမျှင်များလာသော လှုပ်ရှားမှုရှေ့ဧရိယာ (Premotor Area)လည်းရှိသည်။
(၄) စိုးမိုးဦးနှောက်ခြမ်း (၀ါ) သန်ရာဦးနှောက်ခြမ်း (Dominant Hemisphere) တွင်
စကားပြောဧရိယာ (Broca’s area) ရှိသည်။ 
(၅) စဉ်းစားဉာဏ်၊ တွေးတောခြင်း၊ တွက်ချက်ခြင်း၊ ခံစားမှုသာယာခြင်း၊ ပြဿဖြေရှာခြင်း
တို့နှင့်သက်ဆိုင်ရာ အမြင့်ဆုံးလုပ်ငန်းများ (Higher Functions) နှင့်


(ခ) ဘေးလုံး (အကာလုံး) (Parietal Lobe) တို့ ရှိသည်။

(၁) ဗဟိုမြောင်း၏နောက်၊ ဘေးမြောင်း၏နောက် လက်တက်အထက်တွင်ရှိသည်။
(၂) ခန္ဓာကိုယ်ခံစားမှုနေရာ၊ ဒြပ်သိနေရာ (Gyrus angularus) ရှိသည်။
(၃) စကားပြောသည်ကို နားလည်လက်ခံသည်။ ၀ါနီးကီးဧရိယာ (Wernicke’s Area) ရှိသည်။
(၄) ခန္ဓာကိုယ်၏ ထိတွေ့မှု၊ ဖိမှု၊ နာကျင်မှု၊ အပူအအေးတို့ကို သိရှိရာအပိုင်းဖြစ်သည်။ 
(၅) ပျက်စီးလျှင် ခံစားမှု (ကိုယ်အခြားဘက်ခြမ်း) ပျောက်၍ စကားပြောကိုနားမလည်။
(၆) ပစ္စည်းတစ်ခုကို ကိုင်လျှင် ထုသုံးထုအသိ (Stererognosis) စိတ်ရှိသည်။ ပျက်ကယင်းစိတ်ပျောက်၏ ကိုင်၍ အဝတ်စမှန်းမသိခြင်းမျိုး။ 

 

(ဂ) နားထင်လုံး (Temporal Lobe)

(၁) ဘေးမြောင်းနောက်လက်တက်၏ အောက်မှာရှိသည်။
(၂) အကြားအာရုံ လက်ခံရာဌာနရှိသည်။
(၃) အနံ့ခံသော အမီဒလွိုက်နယူကလိယျနှင့် ရေမြင်းခုံ (Hippocampus) ရှိသည်။
(၄) ကြားခြင်း၊ အရသာသိခြင်း၊ မှတ်ဉာဏ်နှင့်ဆိုင်သည်။
(၅) ပျက်စီးလျှင် နားကြားခက်၊ အနံ့အရသာမရ၊ မှတ်ဉာဏ်ပျက်သည်။
(၆) လူ၏အမူအကျင့်နှင့်ဆိုင်သော လင်းဘစ်ဦးနှောက် (Limbic Cortex) တစ်ဝက်မှာဤအလုံးတွင်ရှိသည်။ 

 

(ဃ) နောက်စေ့လုံး (Occipital Lobe)

(၁) ဘေလုံးနှင့် နားထင်လုံးနောက်မှာရှိသည်။
(၂) မျက်စိမြင်သည့်နေရာ (Visual Area) ရှိ၏။
(၃) ပျက်စီးလျှင် မျက်စိမမြင်။

 

(င) အမူအယာနှင့်ဦးနှောက် (Limbic Cortex)

ဘေးလှိုဏ် (Lateral Ventricle) ၏ ကိုယ်ပိုင်းကို ပတ်၍နေသော ဦးနှောက်ကလပ်စည်း သားများဖြစ်သည်။ လူ၏အမူအယာ၊ မှတ်ဉာဏ်၊ ခံစားမှု၊ လိင်ကိစ္စအနံ့အရသာ ခံရခြင်းတို့နှင့် သက်ဆိုင်သည်။ ဤအပိုင်းပျက်စီးလျှင် မှတ်ဉာဏ်ပျက်၊ အမူအကျင့်ပျက်၊ ခံစားမှုပျက်၊ စိတ်ရောဂါရသည်။ အသက်ကြီးလာသူများ၌ ဤအပိုင်းများ ပျက်စီးစေသည်ကိုတွေ့ရသည်။


Credit:
ဒေါက်တာမောင်မောင်ညို 
လူတိုင်းအတွက် ဦးနှောက်အာရုံကြောနှင့် စိတ်ရောဂါစာအုပ်မှကောက်နုတ်ထားပါသည်။


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18