Print

ခြေထောက် အကြောကျဉ်းပိတ်ရောဂါများ

  06-Dec-2019
Preview Image

ရုတ်ခြည်း သွေးကြောကျဉ်းပိတ်တာကိုတော့ ထိခိုက်ဒဏ်ရာရတဲ့အခါ ခြေထောက်မှာ ခွဲစိတ်ရာတွင် သွေးထွက်မှုနည်းစေရန် Touniquet (Elastic ကြိုး) ဖြင့် ချည်နှောင် ထားတဲ့အခါနှင့် သွေးလွှတ်ကြောအတွင်း အခြားနေရာက သွေးခဲတွေလာရောက် ပိတ်ဆို့ တဲ့ (Embolism) ရောဂါမှာ ကြုံတွေ့ရတတ်ပါတယ်။

ထိခိုက်ဒဏ်ရာ ရတဲ့အခါမှာ သွေးကြောပြတ်တောက်ခြင်း (Arteries Disruption)၊ ကြွက်သားအရွတ်တွေ ကြားက သွေးခဲတုံးများ (Haematoma) များက ဖိထားခြင်း၊ အရိုးနှင့် အရွတ်ပြင်ကြားက ကြွက်သားများ ရောင်ရမ်းမှုကြောင့် ကျဉ်းမြောင်းခြင်း (Osteo – fascial Compression) များကြောင့် သွေးသွားလာမှု မရှိတော့ဘဲ ခြေထောက် ပုတ်ဆွေးသွားသည်အထိ ဖြစ်တတ်လို့ ဒီလိုအခြေအနေကို ကုသပေးတဲ့ သမားတော်တွေ အနေနှင့် အထူးဂရုစိုက်ဖို့ လိုအပ်လှပါတယ်။

Touniquet ချည်ရာမှာလည်း ဘယ်လိုဖိအား (Pressure) ထည့်ပြီး ဘယ်လောက်ကြာကြာ ထားရမလဲဆိုတာ မှတ်သားပြီး သူ့ကန့်သတ်ထားတဲ့ ဖိအားအချိန်တွေ အတွင်းမှာသာ ခွဲစိတ်ပြီး ပြန်ဖြုတ်ဖို့ အထူးလိုအပ်လှပါတယ်။ များသောအားဖြင့် ဒီသွေးခဲတွေဟာ နှလုံးအဆို့ရှင်ရောဂါကြောင့် နှလုံး၏ ဘယ်ဘက်အပေါ်အခန်း (Left Atrium) ဟာ ကျယ်ဝန်းပြီး နှလုံးခုန်နှုန်း မမှန်တဲ့အခါမှာ သွေးတွေခဲစုပြီး ဒီသွေးခဲရဲ့ အပိုင်းအစတွေဟာ နှလုံးဘယ်အောက်အခန်း (Left Ventricle)ကနေ သွေးလွှတ်ကြောတွေတစ်လျှောက် ပျံ့နှံ့ပြီး သွေးလွှတ်ကြောတွေကို ပိတ်ဆို့စေတတ်ပါတယ်။

ဦးခေါင်းဘက် ဦးနှောက်သွေးကြောတွေ ပိတ်ပင်တဲ့အခါမှာတော့ ရုတ်တရက်လေဖြတ်သလိုဖြစ်ကာ အူသွေးကြောတွေ ပိတ်တဲ့အခါမှာ ဝမ်းဗိုက်နာပြီး တချို့မှာတော့ အူတွေ ပုပ်ဆွေးသွားတတ်ပါတယ်။ ခြေထောက်ပိုင်း သွေးပို့လွှတ်ကြောတွေမှာ ဒီသွေးခဲတွေ ပိတ်ဆို့ပါက ရုတ်ခြည်းခြေထောက်တွေ မခံမရပ်နိုင်အောင် နာကျင်ကိုက်ခဲပြီး အေးစက်ကာ သွေးခုန်မှုကိုလည်း စမ်းလို့မရဘဲ ဖြစ်တတ်ပါတယ်။ ခြေထောက်အရောင်လည်း ဖြူဖပ်ဖြူရော်ဖြစ်ပြီး ကြွက်သားတွေက သွေးမရလို့ အောက်ဆီဂျင်မရဘဲ ဖြစ်နေသလို Anaerobic Metabolism ကြောင့် Lactic Acid အစရှိတဲ့ Metabolites တွေ စုနေပြီး နာကျင်မှုကို ဖြစ်စေပါတယ်။ ဒီလိုလူနာမျိုးမှာ နှလုံးရဲ့အဆို့ရှင် အထူးသဖြင့် Mitral Valve ကျဉ်းမြောင်းပြီး နှလုံးဘယ်အပေါ်ခန်း ကြီးနေတာကို ရောဂါလက္ခဏာအဖြစ် စမ်းသပ်တွေ့ရှိနိုင်သလို ECG tracing, Chest X’ Ray တွေကနေလည်း ခန့်မှန်းနိုင်ပါတယ်။

သွေးခဲပျော်ဆေးတွေ ပေးခြင်းဖြင့် သွေးလွှတ်ကြော ပိတ်ဆို့မှုကို ဖယ်ရှား ကုသပေးနိုင်သလို၊ သွေးခဲမှု ထပ်မဖြစ်စေဖို့ သွေးမွှားဥလျော့နည်းစေတဲ့ ဆေးတွေလည်း ပေးနိုင်ပါတယ်။ Aspilet နဲ့ Clopidrogel ဆေးတွေက အထောက်အကူပေး သလို သွေးခဲကြေစေတဲ့ Streptokinase ဆေးတွေက သွေးခဲတွေကို ပျော်ကျစေပြီး ရောဂါကို သက်သာစေပါတယ်။ ဒီလိုနည်းလမ်းတွေနှင့်မှ သွေးကြောတွေ ပြန်မဖွင့်ဘဲ နာကျင်မှု သက်သာပါက ဒီသွေးခဲတွေကို Foley’s Catheter အသုံးပြုပြီး Balloon လေးတွေနဲ့ ဆွဲထုတ်ခြင်းဖြင့် သွေးလွှတ်ကြောလမ်းကြောင်းကို ပွင့်စေနိုင်ပါတယ်။

ဒီလိုဆောင်ရွက်ပေးလို့မှ အကြောင်းမထူးပါက သွေးပြန်ကြောအစားထိုးပြီး ပိတ်ဆို့နေတဲ့ သွေးလွှတ်ကြောနေရာကို By pass လုပ်ပေးခြင်းဖြင့် သွေးသွားလာ လည်ပတ်မှုကို ပြန်ရရှိစေနိုင်ပါတယ်။ သွေးမခဲတဲ့ဆေးတွေ ပေးရသလို၊ နှလုံးခုန်နှုန်း
ပြန်မှန်စေဖို့ ဆေးတွေလည်း ပေးရလို့ ဒီလိုလူနာမျိုးကို ခွဲစိတ်ကုသမားတော်နှင့်အတူ နှလုံးသွေးကြော အထူးကုသမားတော်တွေပါ စုပေါင်းကုသပေးကြရပါတယ်။ ဒီလိုကုသပေမဲ့ သွေးကြောတွေက ပိတ်ဆို့ပြီး ခြေထောက်တွေ ပုပ်ဆွေးကာ နာကျင်မှု ပြင်းထန်လွန်းပါက ခြေထောက်ကို ဖြတ်ပစ်ရသည်အထိ ဆောင်ရွက်ပေး ရတတ်ပါတယ်။

Credit : ပါမောက္ခဦးမြသိန်းဟန်


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18