Dengue (သွေးလွန်တုပ်ကွေးရောဂါ )
02-Jan-2020သွေးလွန်တုပ်ကွေးရောဂါသည် ခြင်ကိုက်ခံရခြင်းမှတစ်ဆင့် ကူးစက်တတ်သော
ဗိုင်းရပ်စ်ရောဂါတစ်မျိုး ဖြစ်ပါသည်။ သွေးလွန်တုပ်ကွေးရောဂါပိုး သယ်ဆောင်ထားသော
ခြင်ကိုက်ခံရပြီး ၄ ရက်မှ ၁၀ ရက်အတွင်းတွင် ရောဂါလက္ခဏာများ
ပေါ်လာပါသည်။
လက္ခဏာများ
- အဖျားကြီးခြင်း (၄ဝ ဒီဂရီ စင်တီဂရိတ် သို့ ၁၀၄ ဒီဂရီဖာရင်ဟိုက်)
- ပြင်းပြင်းထန်ထန် ခေါင်းကိုက်ခြင်း (severe
headache)
- မျက်လုံးတဝိုက်အောင့်ခြင်း (pain behind the eyes)
- ကြွက်သားနှင့် အဆစ်များကိုက်ခဲခြင်း (muscle and
joint pain)
- ပျို့အန်ခြင်း (nausea or vomiting)
- အကျိတ်ရောင်ခြင်း (swollen glands )
- ကလေးငယ်များတွင် အရေပြားတွင် အကွက်များပေါ်ခြင်း
စနစ်တကျ ကုသမှုခံယူလျှင် တစ်ပတ်အတွင်း ရောဂါလက္ခဏာများ သက်သာသွားနိုင်ပါသည်။
ရောဂါလုံးဝ ပျောက်ကင်းရန် ရက်သတ္တပတ် အနည်းငယ် ကြာနိုင်ပါသည်။ အဖျားပျောက်သည့်အခါ လူက
နုံးချိခြင်း ခံစားရတတ်သည်။
ဖြစ်ပွားရသော အကြောင်းရင်းများ
- သွေးလွန်တုပ်ကွေးရောဂါဖြစ်နေသူကို ကိုက်ထားသောခြင်သည်
ရောဂါပိုးကို သယ်ဆောင်ထားပြီး ထိုခြင်မှတစ်ဆင့် အခြားလူများကို ရောဂါကူးစက်နိုင်ပါသည်။
- ရောဂါပိုးရှိသူကို ခြင်ကိုက်ရာမှ ခြင်ဆီ ရောဂါပိုးရောက်၊
ခြင်မှ လူထံ ရောဂါပိုးကူး၊ တဖန် ရောဂါရှိသူထံမှ ခြင်ထံ ရောဂါရောက် သံသရာလည်ကာ ပျံ့နှံ့သည်။
ရောဂါကူးစက်ပုံ
သွေးလွန်တုပ်ကွေး ရောဂါပိုးသယ်ဆောင်သည့် ခြင် (အေဒီးစ်ခြင်)
များသည် နံနက်စောစောနှင့် ညနေ နေမဝင်ခင်အချိန်များတွင် ကိုက်တတ်ပါသည်။ ခြင်အောင်းပြီး ခြင်ပွားနိုင်သည့် နေရာများမှာ ရေအိုင်များ၊
အမှိုက်ပုံများ၊ အဆောက်အဦး အနီးအနားတွင်ရှိသော ရေဝပ်နိုင်သည့်ခွက်များ၊ ကားတာယာအဟောင်းများဖြစ်ပါသည်။
- စိုစွတ်ပူနွေးသော ရာသီ
- လူသူထူထပ်သည့်နေရာများတွင် ရောဂါဖြစ်ပွားမှုနှုန်း များပါသည်။
ပတ်ဝန်းကျင် သန့်ရှင်းမှုမရှိသည့် နေရာများတွင် သွေးလွန်တုပ်ကွေးရောဂါ
ဖြစ်ပွားမှုများပါသည်။
နောက်ဆက်တွဲ ပြဿနာများ
သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်ပိုးတွင် Den 1, Den 2,
Den 3, နှင့် Den 4 ဆိုပြီး အမျိုးအစားလေးမျိုး ရှိပါသည်။
အမျိုးအစားတစ်မျိုး ဖြစ်ဖူးသူ (ဥပမာ- Den 1) သည် အလားတူ
အမျိုးအစားကြောင့် ရောဂါထပ်မဖြစ်နိုင်သော်လည်း အခြား အမျိုးအစားတစ်မျိုး (ဥပမာ-
Den 2, 3, or 4) ကြောင့် သွေးလွန်တုပ်ကွေးရောဂါထပ်မံဖြစ်ပွားနိုင်ပါသည်။ ထိုသို့
ထပ်မံဖြစ်ပွားခဲ့လျှင် နောက်ဆက်တွဲ ပြဿနာများ ပိုဆိုးနိုင်ပါသည်။
သွေးလွန်တုပ်ကွေးရောဂါဆိုးလာလျှင် အသက်အန္တရာယ် ရှိနိုင်ပါသည်။
ထိုကြောင့် အန္တရာယ်ရှိသော ရောဂါလက္ခဏာများကို သိထားရန် လိုအပ်ပါသည်။ ထိုရောဂါလက္ခဏာများမှာ
ဖျားပြီး ၃ ရက်မှ ၇ ရက်အတွင်း ဖြစ်နိုင်ပါသည်။
- ရုတ်တရက် အဖျားကျသွားခြင်း
- ရုတ်တရက် ဗိုက်နာလာခြင်း
- ကော်ဖီရောင်အန်ခြင်း
- အသက်ရှူမြန်လာခြင်း
- သွားဖုံး သွေးယိုခြင်း
- အလွန်အမင်း နုံးခွေသွားခြင်း
သွေးလွန်တုပ်ကျွေးတွင် ရုတ်တရက် သွေးပေါင်ကျပြီး သွေးလွန်တုပ်ကွေးရောဂါကြောင့်
သွေးလန့်ခြင်းဖြစ်နိုင်ပါသည်။ ထိုအခြေအနေတွင်
- ခြေဖျားလက်ဖျားများ အေးလာခြင်း
- သွေးခုန်နှုန်းမြန်ပြီး အားနည်းလာခြင်း
- အာခြောက်လာခြင်း
- ဆီးနည်းလာခြင်း
- အသက်ရှူမြန်လာခြင်း
- ဂဏာမငြိမ်ဖြစ်ခြင်း သို့ မှိန်းလာခြင်း
တို့ ဖြစ်နိုင်ပါသည်။
သွေးလန့်ခြင်း၏ ရောဂါလက္ခဏာများရှိလျှင် နီးစပ်ရာ ဆေးရုံ၊
ဆေးခန်းတွင် အမြန်ပြရန် လိုအပ်သည်။ ဆေးရုံတက်ပြီး သွေးကြောထဲသို့ အရည်များသွင်းပြီး
သွေးပေါင်တက်လာစေရန်၊ ရောဂါလက္ခဏာ သက်သာအောင် ပြုလုပ်ရန် လိုအပ်နိုင်ပါသည်။
စစ်ဆေးမှုများ
- ရောဂါလက္ခဏာများကို မေးမြန်းစမ်းသပ်ခြင်း
- လိုအပ်သည့် စစ်ဆေးမှုများ (သွေးစစ်ခြင်း) အစရှိသည်တို့
ပြုလုပ်ပြီး ရောဂါကို ရှာဖွေသိရှိနိုင်ပြီး အချိန်မီ ကုသမှုခံယူနိုင်ရန် အရေးကြီးပါသည်။
ကုသမှုမခံယူလျှင် ရောဂါလက္ခဏာ ပိုဆိုးလာနိုင်ပြီး အသက်အန္တရာယ်ရှိနိုင်သောကြောင့်ဖြစ်ပါသည်။
ကုသခြင်း
ရောဂါကို ပျောက်ကင်းအောင် ကုသနိုင်သော ကုထုံးဟူ၍ မရှိပါ။
ဗိုင်းရပ်စ်ပိုးမှာ အချိန်ကာလတစ်ခုတွင် သူ့အလိုလို သက်သာပျောက်ကင်းနိုင်ပါသည်။ ရောဂါလက္ခဏာများကို
သက်သာအောင် ပြုလုပ်ပြီး အသက်အန္တရာယ် မဖြစ်ပေါ်အောင် ကုသမှုများ ပြုလုပ်ရသည်။
- ပါရာစီတမော - ဖျားနာကိုက်ခဲခြင်းများကို သက်သာပျောက်ကင်းစေနိုင်ပါသည်။
(အက်စ်ပရင် (သို့) အိုင်ဗျူပရိုဖန်ဆေးများကို အသုံးမပြုသင့်ပါ။
ကိုယ်ခန္ဓာတွင်း သွေးယိုနိုင်ပြီး ရောဂါပိုဆိုးနိုင်ပါသည်။)
- အရည်များများသောက်ပါ။
- အနားယူပါ။
လူအများစုမှာ နှစ်ပတ်အတွင်း သက်သာနိုင်သော်လည်း လုံးဝနေပြန်ကောင်းလာရန်
၆ ပတ်အထိ ကြာနိုင်ပါသည်။
ကာကွယ်ခြင်း
ရောဂါကို ကာကွယ်နိုင်သည့် ကာကွယ်ဆေးမရှိပါ။ ရောဂါမဖြစ်အောင်
အကောင်းဆုံး ကာကွယ်နည်းမှာ ခြင်ကိုက်ခြင်းမှ ကင်းဝေးအောင် နေထိုင်ရန်ဖြစ်ပါသည်။
- ခြင်ကိုက်မခံရအောင် လိမ်းဆေးများ လိမ်းခြင်း၊
N-diethylmetatoluamide(DEET) ပါသောဆေးများကို လိမ်းနိုင်ပါသည်။ (နှစ်လအောက်ကလေးငယ်များတွင်မူ
DEET ၂ဝ-၃ဝရာခိုင်နှုန်းအထိ ပါသော လိမ်းဆေးများကိုသာ လိမ်းသင့်ပါသည်။)
- ပွယောင်းပြီး လုံခြုံသော ဘောင်းဘီ၊ အကျႌများကို ဝတ်ဆင်ပါ။
- ဆေးစိမ်ခြင်ထောင်သုံးပြီး အိပ်ပါ။
- ခြင်အောင်းနိုင်သည့် နေရာများကို ရှင်းလင်းပါ။ သန့်ရှင်းရေး
ပုံမှန်ပြုလုပ်ပါ။
Credit : Dr Myat Noe
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။