ဘီပိုးအခွံအကောင်ရေ တစ်ထောင်အောက်ရှိပါက ထိုးဆေးဖြင့်ကုသနိုင်
14-Jan-2020အသည်းရောင်အသားဝါ ဘီပိုးအခွံကောင်ရေ ၁,ဝဝဝ အောက်ရှိသူများ
ထိုးဆေးအသုံးပြု၍ တစ်နှစ်အတွင်း ပျောက်ကင်းအောင် ကုသနိုင်ပြီဖြစ်ကြောင်း အသည်းရောင် ဘီပိုး၊ စီပိုးအဝေဒနာရှင် ၁ဝဝ ခန့်အား ကုသပေးနေသူ
ဒေါက်တာဇာနည်ဇင်က ပြောသည်။
ဘီပိုးရှိလျှင် အကောင်ရေတွက်မရဟု ထင်မှတ်သည်မှာ မှားယွင်းကြောင်း၊
ဘီပိုးရှိသည်ဟုသိသည်နှင့် ခေတ်ပေါ် နည်းစနစ်သစ်စမ်းသပ်မှုဖြင့် ပိုးအခွံကောင်ရေ
စစ်နိုင်ပြီး ဘီပိုးကောင်ရေများပြားနေပါက ဘီပိုးသေဆေး
တီနိုဖိုဗီယာ (Tenofovir) ပေး၍ သုံးလခန့်ကု ကြောင်း၊ ထို့နောက် ပီဂေးဆစ်ထိုး
ဆေးအသုံးပြု၍ ပျောက်ကင်းအောင်ကုသနိုင်ကြောင်း ၎င်းက ဆိုသည်။
‘‘ဘီပိုးသေဆေး တီနိုဖိုဗီယာသောက်ပြီး သုံးလကြာရင် ဘီပိုးကောင်ရေပြန်စစ်တယ်။
ဘီပိုးကောင်ရေက သွေးထဲမှာ တစ်ကောင်မှမရှိတော့ဘူး။ ဒါပေမဲ့ အသည်းထဲမှာရှိတဲ့ ဘီပိုးအခွံကောင်ရေကို
ထပ်စစ်တယ်။ ပိုးအခွံကောင်ရေက ၁,ဝဝဝ အောက်ဆိုရင် ဘီပိုးသေဆေး ပီဂေးဆစ်ထိုးဆေးကို တစ်ပတ်တစ်လုံးနဲ့
တစ်နှစ်ဆိုရင် ၄၈ လုံးထိုးပြီး ကုလိုက်ရင် လုံးဝပျောက်ကင်းမယ်’’ ဟု ဒေါက်တာ ဇာနည်ဇင်က
ဆိုသည်။ လူနာအတွက် အခွင့်အရေးကောင်းတစ်ခုအနေဖြင့် Roche ကုမ္ပဏီမှ မြန်မာနိုင်ငံရှိ
ဘီပိုးဝေဒနာရှင်များကို ဘီပိုးသေဆေး ပီဂေးဆစ် တစ်နှစ်စာ ၄၈ လုံးထိုး ကုသမည်ဆိုပါက ကုမ္ပဏီမှ
၂၄ လုံး (ထက်ဝက်) အား အခမဲ့ထောက်ပံ့နေကြောင်း ထို့ကြောင့် လူနာရှင်အနေဖြင့် ဆေးထိုးကုသမှု
ကုန်ကျစရိတ်မှာ အရင်က ကျပ်သိန်း ၁ဝဝ ကုန်ကျမည်ဆိုလျှင် ယခု ကျပ်သိန်း ၅ဝ ခန့်သာ ကုန်ကျမည်ဖြစ်ကြောင်း
သိရသည်။
အသည်းအထူးကုဆရာဝန်ကြီးပါမောက္ခ ဒေါက်တာခင်မောင်ဝင်း၏ အသည်းရောင်ဘီပိုးပညာပေးဆောင်းပါးတွင်လည်း
ဘီပိုးရှိသည့် လူနာ၏သွေးကို ခေတ်ပေါ်နည်းစနစ်သစ်စမ်းသပ်မှု qHBsAg နဲ့စစ်ပြီး ပိုးကောင်အရေအတွက်ကို
စစ်ကြည့်ပါ။ ဘီပိုးသေဆေးထိုး ပေးလို့ရလျှင် ထိုးပေးပါ။ ထို့ကြောင့် ဘီပိုးရှိလျှင်
ကုစရာမလိုဘူးဆိုသည်မှာ လွဲမှားသည့် အယူအဆဖြစ်သည်ဟု ’’ ဖော်ပြထားသည်။
၂ဝ၁၅ အောက်တိုဘာအတွင်း နောက်ဆုံးကောက်ယူခဲ့သည့် စစ်တမ်းအရ
မြန်မာနိုင်ငံတွင် အသည်းရောင်အသားဝါဘီရောဂါ ဖြစ်ပွားမှုနှုန်းမှာ ပျမ်းမျှအားဖြင့် ၆
ဒသမ၅ ရာခိုင်နှုန်းရှိပြီး လူဦးရေထူထပ်ခြင်းနှင့် ကာကွယ်ဆေးထိုးမှုအားနည်းခြင်းကြောင့်
ရန်ကုန်တိုင်းဒေသကြီးတွင် ဘီပိုးဖြစ်ပွားသူအများဆုံးတွေ့ရှိရကြောင်း မြန်မာနိုင်ငံအသည်းဖောင်ဒေးရှင်းမှ
သိရသည်။
Credit: 7 day daily
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။