Print

ဓာတ်ဆားဆုံးရှုံးမှုနှင့် ပူလောင်သောရာသီ

  07-Feb-2020
Preview Image

ရာသီဥတု ပူပြင်းလာသည်နှင့်အညီ အဲကွန်းလေးထဲတွင် ဇိမ်နှင့် အလုပ်လုပ်ခွင့် မရရှာသော သူတို့အတွက်မူ ချွေးတစ်လုံးလုံးနဲ့ တကယ့်ကို နေကမ္ဘာကြီးထဲ အလုပ်လုပ်နေရသည့် အတိုင်းပင်။ အဆိုးဆုံးမှာ ချွေးထွက်သန်သူများနှင့် နေပူထဲ အလုပ်လုပ်ကြရသော အခြေခံ လက်လုပ်လက်စား လူတန်းစားများပင် ဖြစ်သည်။ ချွေးထွက်လွန်မှုကြောင့် ခန္ဓာကိုယ်ထဲတွင် ရေနှင့်ဓာတ်ဆားများ ဆုံးရှုံးကာ Dehydration ဟုခေါ်သော ရေဓာတ်ချို့တဲ့သော အခြေအနေတစ်မျိုးကို ကြုံတွေ့ရလေ့ရှိသည်။ ထိုအခါမျိုးတွင် ရေနှင့်ဓာတ်ဆားများကို ပြန်လည်ဖြည့်တင်းပေးသော Oral Rehydration Salt ဟုခေါ်သော ဓာတ်ဆားထုတ်များကို သောက်သုံးပေးရန် လိုအပ်သည်။

ချွေးထွက်များ၍ ရေနှင့်ဓာတ်ဆားများ ချို့တဲ့သောကြောင့် ခေါင်းမူးခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ နုံးခွေခြင်းများအတွက်ကိုမူ ဓာတ်ဆားနှင့် ဖျော်ရည်ဖြစ်စေ ပြန်လည်သောက်သုံးပေးပါက အဆင်ပြေမည်ဖြစ်သော်လည်း အလွန်အမင်း သွေးပေါင်ကျကာ ချွေးထွက်လွန်ခြင်းမှ တစ်ဆင့် Shock (သတိလစ်ခြင်း) ဖြစ်နိုင်ပါသည်။ ထို့ကြောင့် နေပူထဲတွင် အလုပ်လုပ်နေရသူများအဖို့ ချွေးထွက်များခြင်းကိုလည်း လစ်လျူရှုမထားသင့်ပေ။

ဆောင်ရန်

အလုပ်သဘာဝအရ နေပူထဲတွင် လုပ်နေရသည်မှာ မှန်သော်လည်း ဖြစ်နိုင်လျှင် အရိပ်အာဝါသထဲတွင် နားနားနေနေ အလုပ်လုပ်ရန်လိုသည်။ ဓာတ်ဆားဖျော်ထားသော သောက်ရည်များကို ကိုယ်နှင့်မကွာ ဆောင်ထားသင့်သည်။ သက်ကြီးရွယ်အိုများ အနေဖြင့် အလွန်ပူပြင်းသော နေ့လယ်ခင်းအချိန်များတွင် အရိပ်အာဝါသကောင်းသော သစ်ရိပ်ဝါးရိပ်များတွင် နေထိုင်သင့်သည်။ ကလေးငယ်များအားလည်း နေပူထဲတွင် ထွက်မဆော့စေဘဲ အရိပ်ရသောနေရာများတွင် နားနားနေနေ ဆော့ကစားပါစေ။ သီးစုံဓာတ်ဆားနှင့်ရေ များများတိုက်ရန် လိုပါသည်။

ရှောင်ရန်

နေပူထဲတွင် ဆက်တိုက်အချိန်ကြာမြင့်စွာ အလုပ်လုပ်ခြင်း၊ ပူပြင်းသည့် နွေရာသီ အချိန်တွင် ချွေးထွက်သန်သူဖြစ်ပါက ရေသောက်နည်းခြင်း၊ ဦးထုပ်နှင့် ဦးခေါင်းသို့ ဆောင်းစရာ တစ်ခုခုမပါဘဲ အပြင်သို့ထွက်ခြင်း တို့ဖြစ်ပါသည်။

Credit : သက်တန့်ချို

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18