မျက်ကြည်လွှာ မှိုတက်ခြင်း
14-Feb-2020မျက်ကြည်လွှာ၏ အလယ်တွင် ၆ မီလီမီတာ ပတ်လည်ခန့်ရှိသည့် အနာတစ်ခု တွေ့ရှိရပါသည်။
မျက်ကြည်လွှာအနာနေရာတွင် အညိုရောင်နည်းနည်းသမ်းပြီး ဖြူနေပါသည်။
အနာဖြစ်သည့်နေရာတွင် တခြားမျက်ကြည်လွှာမျက်နှာပြင်နှင့် နှိုင်းယှဉ်လျှင် အနည်းငယ် ပိုထူနေပြီး
မို့နေပါသည်။ အနာပတ်ဝန်းကျင်တဝိုက်တွင် မျက်ကြည်လွှာသည် ရောင်ရမ်းနေပါတယ်။
မျက်ကြည်လွှာအနာရဲ့အခြေအနေမှာ မျက်ကြည်လွှာဒဏ်ရာရရှိကာ မှိုရောဂါ Fungal infection
စွဲကပ်ပြီး အနာဖြစ်နေတဲ့ လက္ခဏာနဲ့ ဆင်တူနေပါတယ်။ မျက်ကြည်လွှာမှာ စွဲကပ်နေတဲ့
မှိုရောဂါပိုးဟာ ကောင်းမွန်နေတဲ့ မျက်ကြည်လွှာမှာ လာပြီးစွဲကပ်တာ ရှားပါတယ်။
မျက်ကြည်လွှာမှာ ထိခိုက်ဒဏ်ရာရရှိလို့ အနာဖြစ်နေရင် အဲဒီအနားမှာ
မှိုရောဂါစွဲကပ်တတ်ပါတယ်။ အထူးသဖြင့် မျက်စိကို စပါးနှံ (သို့) သစ်ကိုင်း၊
သစ်ခက်တွေနဲ့ ထိခိုက်ဒဏ်ရာရပြီးနောက် အဲဒီဒဏ်ရာရရှိတဲ့နေရာမှာ စွဲကပ်တတ်ပါတယ်။
ဒါကြောင့်မို့ တောင်သူလယ်သမားတွေမှာ အဖြစ်များတတ်ပါတယ်။ အဲဒီလို
ထိခိုက်ဒဏ်ရာရရှိတဲ့ မျက်ကြည်လွှာအနားမှာ စွဲကပ်နေတဲ့မှိုအမျိုးအစားတွေက
Asperguillus ခေါ်တဲ့ မှိုမျိုး၊ Fusarium ခေါ်တဲ့ မှိုမျိုးနဲ့ Candida albicans
ခေါ်တဲ့ မှိုမျိုးတွေကြောင့် အဖြစ်များပါတယ်။
အထူးသဖြင့် မျက်ကြည်လွှာမှာ ဒဏ်ရာရရှိပြီး စတီးရွိုက် (Steriod) ပါဝင်တဲ့
မျက်စဉ်းတွေထည့်ရင် ပိုအဖြစ်များပါတယ်။ အဲဒီလို မျက်ကြည်လွှာမှာ မှိုစွဲတဲ့ရောဂါဟာ
သာမန်မျက်ကြည်လွှာမှာဖြစ်တတ်တဲ့ အနာတွေထက် ဆေးဝါးကုသရတဲ့ အချိန်ပိုကြာပြီး
ကုသမှုရလာဒ်ဟာ မသေချာတဲ့ အခြေအနေမှာရှိပါတယ်။ မှိုရောဂါစွဲကပ်နေတဲ့
မျက်ကြည်လွှာအနာနေရာဟာ ပေါက်ထွက်သွားတတ်ပါတယ်။ မျက်စိပေါက်မထွက်ဘဲ
အနာကျက်သွားရင်တောင် အဲဒီအနာဖြစ်တဲ့နေရာမှာ မျက်ကြည်လွှာဟာ ဖြူနေပြီး အပြင်တိမ် ဖြစ်သွားတတ်ပါတယ်။
မှိုစွဲကပ်နေတဲ့နေရာဟာ မျက်ကြည်လွှာရဲ့ အလယ်ဗဟိုတစ်ဝိုက်မှာ ဖြစ်နေရင် သူငယ်အိမ်ပေါက်နဲ့
တန်းနေပြီး မျက်စိရဲ့ မြင်အားကို ထိခိုက်နိုင်ပါတယ်။ အနာကျက် သွားပြီး
မျက်စိနေသားကျသွားတဲ့ အခါမှာ ဖြူနေတဲ့အပြင် တိမ်နေရာကိုထွင်းပြီး မျက်စိလှူထားသူတွေရဲ့
မျက်ကြည်လွှာနဲ့ အစားထိုးကုသရပါမယ်။
Credit : ဒေါက်တာမင်းသိမ်း
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။