Print

အသွင်ကွဲပြား၊ မိန်းမသား

  07-May-2017
Preview Image


အမျိုးသမီး၊ အမျိုးသား ဖွဲ့စည်းတည်ဆောက်ပုံကွဲပြားတဲ့ ဆန့်ကျင်ဘတ်လိင်တွေမှာ စိတ်နေစိတ်ထားနဲ့ ခန္ဓာကိုယ်ရဲ့လုပ်ဆောင်ပုံတွေ ကွဲပြားကြသလို သူတို့ကိုလာပြီးတော့ သက်ရောက်တဲ့ရောဂါ အခြေအနေတွေဟာလည်း ကွဲပြားနေတတ်ပါတယ်။ ရောဂါတစ်ခုကို ခံစားနေရတဲ့အချိန်မှာ ပြသတဲ့လက္ခဏာချင်း တူကောင်းတူနိုင်သော်လည်း နောက်ဆက် တွဲဖြစ်လာနိုင်တဲ့ အကျိုးသက်ရောက်မှုနှင့် ကုသမှုပုံစံတွေဟာ ကွဲပြားကြပါတယ်။ အဲ့ဒီအထဲကမှ တချို့ရောဂါတွေဟာ အမျိုးသမီးတွေဆီကို ပိုပြီးတော့ ဦးတည်လာတတ် ကြပါတယ်။


၁။ ကိုယ်ခံစွမ်းအား ဖောက်ပြန်မှုရောဂါများ

ခန္ဓာကိုယ်ထဲမှာရှိတဲ့ ကိုယ်ခံစွမ်းအားစနစ်ကြီးဟာ ပြင်ပက ဝင်ရောက်လာမယ့် ကူးစက်ရောဂါပိုးတွေ၊ ပြင်ပအရာဝတ္ထု Foreing Bodies တွေကို တိုက်ထုတ်နိုင်စွမ်း ရှိတဲ့အတွက် ကျွန်မတို့ကို အကာအကွယ်ပေးနိုင်တဲ့ စနစ်ကြီးတစ်ခုပါပဲ။ ဒါပေမဲ့ သူ့ရဲ့ လုပ်ဆောင်မှုတွေဟာ ပုံမှန်ထက်လွန်ကဲလာတဲ့အချိန်၊ လုပ်ဆောင်မှုတွေ ဖောက်ပြန်လာတဲ့ အချိန်ကျရင်တော့ ခနွာကိုယ်ရဲ့ အင်္ဂါအစိတ်အပိုင်းတွေ၊ တစ်သျှူ းတွေ၊ ဆဲလ်တွေကိုပါ တိုက်ဖျက်ပစ်ပြီး မလိုလားအပ်တဲ့ ရောဂါအခြေအနေတွေကို ဖန်တီးပေးပါတယ်။ အဲဒီလိုမျိုး Auto Immune Disorders နဲ့ ပတ်သက်တဲ့ရောဂါတွေဟာ လူတန်းစားမရွေး ဖြစ်ပွားနိုင် တယ်ဆိုပေမယ့် အမျိုးသမီးတွေကို ပိုပြီးတော့ ခံစားစေကာ ဖြစ်နိုင်ခြေက ၈၀ ရာခိုင်နှုန်းလောက်အထိ ရှိနေတတ်ပါတယ်။ အမျိုးသမီး ဟော်မုန်းတစ်မျိုးဖြစ်တဲ့ Estrogen ဟာ Auto Immune Disorders တွေ ပိုမိုဖြစ်ပွားဖို့ လှုံ့ဆော်ပေးပါတယ်။


၂။ နှလုံးရောဂါ

နှလုံးသွေးကြောကျဉ်းခြင်း၊ နှလုံးရုတ်တရက် အတိုက်အခိုက် ခံရခြင်းတို့လို ဝေဒနာတွေကို အမျိုးသမီးတွေဟာ ၁၀ နှစ်လောက်စောပြီးတော့ ခံစားရတတ်ပါတယ်။ အမျိုးသမီးတွေ ဟာ နှလုံးရောဂါကို ခြေရာခံမိတာနောက်ကျတတ်သလို သွေးတွင်းအဆီတွေကို ထိန်းချုပ်ဖို့ ခက်ခဲတာကနေ မမျှော်လင့်ဘဲ အသက်အန္တရာယ် ကြုံတွေ့ရတာမျိုးလည်း ဖြစ်တတ်ပါတယ်။


၃။ အဆစ်နှင့်ပတ်သတ်သော ပြဿနာများ

အဆစ်နှင့်ပေါင်မှာရှိတဲ့ကြွက်သားတွေရဲ့ လုပ်ဆောင်နိုင်စွမ်းဟာ လိင်ကွဲပြားမှုမှာ အတော့်ကို သိသာပါတယ်။ ဒါကြောင့်ပဲ အားကစားလှုပ်ရှားတဲ့ အမျိုးသမီးတွေဟာ ဒူးခေါင်းနာကျင်စေတာ ကို ခံစားရဖို့ အခွင့်အလမ်း သုံးဆပိုများနေသလို ဒူးခေါင်းရဲ့ အရှေ့ဘက်မှာရှိတဲ့ အရွတ်ဆုတ် ပြဲသွားတဲ့ ပြဿနာကိုလည်း ပိုတွေ့ရလေ့ရှိပါတယ်။ အမျိုးသမီးတွေဟာ လှုပ်ရှားတာတွေ၊ အားကစားလုပ်တာ၊ ပြေးတာတွေကိုလုပ်တဲ့အချိန်မှာ သူတို့ရဲ့ ကြွက်သားတွေဟာ အမျိုးသားတွေနဲ့ မတူဘဲ ဒူးခေါင်းအပေါ်မှာ ပိုပြီးအာရုံစိုက်တဲ့အတွက် ဒူးခေါင်းနာကျင်မှုတွေက ပိုပြီးတော့ ခံစားရခြင်းဖြစ်ပါတယ်။


၄။ အရိုးနဲ့ပတ်သက်သော ပြဿနာများ

အမျိုးသမီးတွေကတော့ Osteoarthritis နဲ့အတူ အဆစ်များ ရောင်ရမ်းခြင်း၊ တောင့်တင်းခြင်း၊ နာကျင်ခြင်းတို့ကို ပိုပြီးခံစားရတတ်ပါတယ်။ သွေးဆုံးခါနီးတဲ့ အချိန်၊ သွေးဆုံးပြီးတဲ့အချိန်မျိုးမှာ ဆိုရင် အမျိုးသမီးတွေရဲ့ ဒူးခေါင်း၊ တင်ပဆုံနဲ့ လက်တွေက နာကျင်မှုတွေကို ခံစားရပါတယ်။ ခနွာကိုယ်ရဲ့ တည်ဆောက်ဖွဲ့စည်းပုံအရ ကြည့်ရင်လည်း အမျိုးသမီးတွေရဲ့ နာကျင်မှုကို ခံနိုင်စွမ်းဟာ အမျိုးသားတွေထက် နိမ့်ပါတယ်။ ဒါကြောင့် သိပ်မသိသာတဲ့ နာကျင်မှုအမျိုးမျိုး ကိုတောင်မှ ပိုပြီးတော့ သိသိသာသာ ခံစားရပါတယ်။


၅။ ကာလသားရောဂါများ

လိင်ဆက်ဆံရာမှ ကူးစက်တတ်တဲ့ ရောဂါတွေဟာ ယောကျ်ား၊ မိန်းမ မရွေးအားလုံး ကို ဝေဒနာခံစားရစေတယ်ဆိုပေမယ့် အမျိုးသမီးတွေကိုတော့ သိသိသာသာထိခိုက် မှုတွေ ဖြစ်စေတတ်ပါတယ်။


၆။ စိတ်ပိုင်းဆိုင်ရာပြဿနာများ

အမျိုးသမီးတွေရဲ့ဦးနှောက်ဟာ Serotonin ဟော်မုန်းထုတ်နိုင်စွမ်းနည်းပါးတာကြောင့် စိတ်ဖိစီးမှုကို တွန်းလှန်နိုင်စွမ်း လျော့နည်းနေတတ်ပါတယ်။ အမျိုးသမီးတွေဟာ အမျိုးသားတွေထက်စာရင် စိတ်ကျရောဂါကို ခံစားရဖို့ ၂-၃ ဆခန့် ပိုလွယ်ပါတယ်။ ဒါပေမဲ့ အမျိုးသမီးတွေဟာ သူတို့မှာ စိတ်ပိုင်းဆိုင်ရာ အခြေအနေတစ်ခုခုနဲ့ ကြုံနေရချိန်မှာ ထုတ်ဖော်ဖွင့်ဟတတ်တာကြောင့် အချိန်မီ ကုသခွင့်ရလေ့ရှိပါတယ်။


၇။ လေဖြတ်ခြင်း

ကိုယ်ဝန်တားဆေးများ သုံးစွဲရတာ၊ ဟော်မုန်းအစားထိုးကုသမှုခံယူတာ၊ မကြာခဏ ခေါင်းကိုက်တာ၊ ခါးတုတ်တာ၊ သွေးဆုံးပြီးချိန် သွေးတွင်းအဆီဓာတ်တွေများလာ တာဟာ အမျိုးသမီးတွေကို လေဖြတ်တဲ့ပြဿနာတွေ ပိုပြီးတော့ ကြုံတွေ့ရစေပါတယ်။ လေဖြတ် တာကို စစ်တမ်းကောက်လေ့လာတဲ့ သုတေသီတို့ကလည်း နှစ်စဉ်နှစ်တိုင်းလိုလိုမှာ အမျိုးသမီးတွေ လေဖြတ်တဲ့နှုန်းဟာ အမျိုးသားတွေထက် မြင့်မားတယ်လို့ မှတ်တမ်းပြုထားပါတယ်။


၈။ ဆီးလမ်းကြောင်းနဲ့ပတ်သက်သော ပြဿနာများ

အမျိုးသမီးတွေရဲ့ ဆီးလမ်းကြောင်းတည်ဆောက်ပုံဟာ အမျိုးသားတွေနဲ့ကွာခြားပြီး ဆီးလမ်းကြောင်းပိုးဝင်တဲ့ ပြဿနာကို နှစ်ဆပိုပြီးကြုံရလေ့ရှိပါတယ်။ ဒါကြောင့်ပဲ ကိုယ်ခံစွမ်းအား ကျဆင်းနေတဲ့အချိန်၊ အောက်ခံအဝတ်အစား မသန့်ရှင်းတဲ့ အချိန်မျိုးတွေမှာ အမျိုးသမီးရဲ့ မိန်းမကိုယ်တွေဟာ ယားယံနေတတ်ပြီး ကူးစက်ရောဂါများလည်း အလွယ်တကူ ဝင်ရောက်လာနိုင်ပါတယ်။


၉။ အရက်၏ နောက်ဆက်တွဲများ

အမျိုးသမီးတွေရဲ့ အစာအိမ်ဟာ အရက်ကိုချေဖျက်ပေးမယ့် အင်ဇိုင်းထုတ်လုပ်မှုဟာ နည်းပါးတာကြောင့် အရက်သောက်တဲ့ပမာဏချင်း တူနေမယ်ဆိုရင်တောင်မှ အမျိုးသမီးတွေရဲ့ သွေးထဲမှာရှိတဲ့အရက်ဟာ အမျိုးသားတွေထက်ပိုပြီးတော့ မြင့်တက်နေ ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေဟာ အသည်းပျက်စီးတဲ့ရောဂါ အပါအဝင် အရက်ကြောင့်ဖြစ်တတ်တဲ့ ဝေဒနာတွေကို ပိုပြီးခံစားရပါတယ်


Credit:

နှင်းနုလွင် (ဆေးဝါး)

Arogyam magazine




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18