တစ်ကိုယ်ရေ အသုံးအဆောင်တွေကို ကျန်းမာရေးမထိခိုက်အောင် ဘယ်လိုသုံးမလဲ
16-May-2017ကျန်းမာတဲ့နေထိုင်မှုအတွက် အားကစားပုံမှန်လုပ်ခြင်း၊ အစားမှန်မှန်စားခြင်း၊ အိပ်ရေးဝဝ အိပ်ခြင်းတွေက အရေးပါတဲ့ အကြောင်းအရာတွေပါ။ ဒါပေမဲ့လည်း တစ်ကိုယ်ရေ အသုံးအဆောင်တွေက အရေပြားယားနာကနေ ကူးစက်နိုင်တဲ့ ရောဂါတွေအထိ ဖြစ်စေတာကိုလည်း မမေ့သင့်ပါဘူး။ ဒါကြောင့် တစ်ကိုယ်ရေ အသုံးအဆောင်တွေကို ကျန်းမာရေး မထိခိုက်အောင် အသုံးပြုသင့်တဲ့နည်းတွေ ဖော်ပြပေးလိုက်ပါတယ်။
အတွင်းခံအတွက် ချည်သားကို ရွေးချယ်ပါ
အဝတ်အထည် ရွေးချယ်တဲ့အခါမှာ အပေါ်ယံ အလှအပကို ရွေးချယ်တတ်ကြတဲ့သူတွေကို အတွင်းခံကို ရွေးချယ်တဲ့အခါ ကျန်းမာရေးအရ သင့်တော်အဆင်ပြေမယ့် ပုံစံကို ရွေးချယ်ဖို့ တိုက်တွန်းချင်ပါတယ်။ ပိုးနဲ့ နိုင်လွန်သားတွေနဲ့ ချုပ်ထားတဲ့ အတွင်းခံတွေကတော့ ချွေးထွက်တဲ့အခါ စုပ်ယူနိုင်မှု အားနည်းတာကြောင့် ယားနာတာကို ဖြစ်စေနိုင်ပါတယ်။ သဘာဝကရတဲ့ ချည်မျှင်နှင့် ပြုလုပ်ထားတာ မဟုတ်တဲ့ ပိုးထည်လို အခြားအသားတွေကတော့ အစိုဓာတ်ကို ကောင်းစွာမစုပ်ယူနိုင်ဘဲ စိုစွတ်နေတတ်တာကြောင့် မှိုဖြစ်စေနိုင်တယ်။ အကောင်းဆုံးကတော့ ကျန်းမာရေးနဲ့ သင့်တော်အဆင်ပြေမယ့် ချည်သားအတွင်းခံတွေကို ရွေးချယ်ပါ။
ကိုယ်အလေးချိန်ရဲ့ ၁၅ ရာခိုင်နှုန်းကျော် အလေးချိန်ရှိတဲ့ အိတ်တွေ မလွယ်ပါနဲ့
ဝန်လေးလွန်းသည့်အိတ်များ အမြဲလွယ်တတ်ခြင်းက ခန္ဓာကိုယ်ကို ဒဏ်ဖြစ်စေပါတယ်။ သုတေသနတွေအရ ကျောပိုးအိတ် လွယ်တဲ့အခါမှာ ကိုယ်ခန္ဓာအလေးချိန်ရဲ့ ၁၅ ကနေ ၁၇ ရာခိုင်နှုန်းကြား အလေးချိန်ရှိတဲ့ အိတ်လောက်လွယ်ရင်တောင် နောက်ကျော နာကျင်ခြင်းနှင့် ကျောရိုးအဆစ်လွဲတာတွေ ဖြစ်စေနိုင်ပါတယ်။ ဆိုလိုတာကတော့ ပေါင် ၁၂၀ ရှိတဲ့သူဆိုရင် ၁၈ ပေါင်၊ ပေါင် ၂၀၀ ရှိတဲ့သူဆိုရင် ပေါင် ၃၀ အလေးချိန်ရှိတဲ့ အိတ်တွေ လွယ်တာပါ။ ဒါကြောင့် မလိုအပ်တာတွေ လျှော့ပါ။ လက်ကနေ ကိုင်ပါ။ ဘီးပါပြီး လှိမ့်သယ်လို့ ရတဲ့အိတ်မျိုးကို သုံးပါ။
ကိုယ့်အရေပြားနဲ့ သင့်တော်မယ့် ပစ္စည်းကို ရှာဝယ်ပါ
လက်ဝတ်ရတနာကို အလှအပအရဖြစ်စေ၊ ဂုဏ်တင့်စေဖို့ဖြစ်စေ ဝတ်ဆင်မယ့်သူတွေအတွက် ကိုယ့်အရေပြားနဲ့ သင့်တော်မယ့်ပစ္စည်းကို ရှာဝယ်သင့်ပါတယ်။ လက်ဝတ်ရတနာတွေနဲ့ ပတ်သက်ပြီး နီကယ်၊ သတ္တု၊ စတီး၊ တိုက်တေနီယမ်၊ ရွှေ၊ ငွေ စသဖြင့် ဓာတ်မတည့်သူတွေ ရှိပါတယ်။ လက်ဝတ်ရတနာဝတ်ဆင်ပြီး အနီရောင် အဖုအပိန့် ထွက်ခြင်း၊ ယားယံခြင်းတွေ ဖြစ်ရင်တော့ နီးစပ်ရာ ဆရာဝန်ထံပြသဖို့ တိုက်တွန်းချင်ပါတယ်။ လက်ဝတ်ရတနာတွေထဲမှာမှ နားကပ်ဝတ်ဆင်မှုနဲ့ ပတ်သက်ပြီး နားဖောက်စဉ် သွေးထွက်ရာမှ အေအိုင်ဒီအက်စ်၊ အသည်းရောင်ဘီနှင့် စီစတဲ့ရောဂါတွေလည်း ကူးစက်ခံရနိုင်ပါတယ်။
ခြေညှပ်ဖိနပ်စီးရင် နေလောင်ခံခရင်မ်လိမ်းပါ။
လွတ်လွတ်လပ်လပ် ကြိုက်တဲ့သူတွေကတော့ ခြေညှပ်ဖိနပ် ဝတ်ဆင်ရတာ နှစ်သက်ကြပါတယ်။ သုတေသန အချို့ကတော့ ခြေညှပ်ဖိနပ်စီးတဲ့အခါ နေလောင်ခံ ခရင်မ်လိမ်းပြီး မစီးခဲ့ရင် အရေပြားကင်ဆာ ဖြစ်စေနိုင်တယ်လို့ ဆိုထားပါတယ်။
အဝတ်တွေကို ဆပ်ပြာစင်အောင် လျှော်ပါ။
အဝတ်အစားတွေကို လျှော်တဲ့အခါမှာ အသုံးပြုတဲ့ ဓာတုပစ္စည်းတွေကြောင့် အသည်း၊ ကျောက်ကပ်နဲ့ အာရုံကြောစနစ်တွေကို ထိခိုက်စေတဲ့အပြင် ကင်ဆာရောဂါအထိ ခံစားရနိုင်တယ်လို့ သုတေသနတွေမှာ တွေ့ရှိထားပါတယ်။ ဒီလိုကျန်းမာရေးကို ထိခိုက်စေမှာကို ရှောင်ရှားချင်ရင်တော့ အဝတ်အစားတွေကို လျှော်ပြီးတဲ့အခါမှာ လေသလပ် ခြောက်သွေ့သွားသည်အထိ လှန်းထားသင့်ပါတယ်။ ဆပ်ပြာမှုန့်ကို ပြောင်စင်အောင် မလျော်တာကြောင့်လည်း အရေပြားရောင်ရမ်းတာ ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် တခြားသူ ဝတ်ပြီးသား အဝတ်ဟောင်းကို ဝတ်တတ်တဲ့သူတွေအနေနဲ့ အဝတ်တွေကနေ ကူးစက်စေတဲ့ရောဂါတွေ ရှိတယ်ဆိုတာကိုလည်း သတိထားပါ။ သတိပြုဆင်ခြင်ရမှာကတော့ အဝတ်တွေ မဝတ်ခင်မှာ သေချာလျှော်ဖွတ်ပြီးမှ ဝတ်ဖို့ပါပဲ။
Credit : သစ်ထူးလွင်