နှင်းခူ
03-Jul-2020 ရေတိုရေရှည် အယားဒုက္ခပေးတဲ့
အရေပြားပြဿနာတွေထဲမှာ လူသိအများဆုံးကတော့ နှင်းခူပါ။ နှင်းခူကို အက်ဇီးမား
(Eczema) လို့ အင်္ဂလိပ်လို ခေါ်ကြပေမယ့် တကယ့်ဝေါဟာရအမှန်ကတော့ ဒါမာတိုက်တစ်
(Dermatitis) ပါ။ အရေပြားပညာအရတော့ Dermatitis အမျိုးအစားများစွာထဲကမှ အေတိုးပစ်
(Atopic) အမျိုးအစားကိုပဲ Eczema လို့ ပိုပြီး ခေါ်ဝေါ်လေ့ရှိပါတယ်။ ဘယ်လိုပဲအခေါ်တွေ
ကွဲပြားပါစေ ရောဂါသွင်ပြင်တွေကတော့ အခြေခံအားဖြင့် အတူတူပါပဲ။
နှင်းခူဆိုတာ ဘာလဲ
အရေပြားရောင်ရမ်း၊
ထူအမ်းပြီး ယားတာက နှင်းခူပါပဲ။ ပိုးကြောင့်လည်း မဟုတ်၊ ထိခိုက်ဒဏ်ရာကြောင့်လည်းမဟုတ်တဲ့
အရေပြားလောင်ခြင်းဆိုပါတော့။ လတ်တလောဖြစ်တဲ့ နှင်းခူတချို့မှာ နီရဲရောင်ရမ်းရုံမက အရည်ကြည်ဖုတွေပါ
ပေါက်တတ်ပါသေးတယ်။ တစ်ခါတစ်လေ အရည်တစိုစိုနဲ့ပေါ့။ နာတာရှည်နှင်းခူကျတော့ မျက်နှာပြင်က
မာမာခြောက်ခြောက်နဲ့ တစ်ခါတစ်လေ သစ်ခေါက်လို အပွေးတက်ပြီး ကြမ်းထော်ထော်နဲ့ပါ။ တချို့ဆို
ကွဲတာ၊ အက်တာတွေတောင် တွေ့ရပါတယ်။ လတ်တလောဖြစ်တဲ့ နှင်းခူပဲဖြစ်ဖြစ်၊ နာတာရှည်နှင်းခူပဲဖြစ်ဖြစ်
ယားတာချည်းပါ။ ကုတ်ရတာချည်းပါ။ လက်မီတဲ့နေရာ လက်နဲ့ကုတ်၊ ခေါင်းဘီးနဲ့မီတဲ့နေရာ ဘီးနဲ့ကုတ်၊
တုတ်နဲ့မီတဲ့နေရာ တုတ်နဲ့ကုတ်ကြတာပါ။ ကြာတော့ ကုတ်တဲ့နေရာမှာ ပဲ့ပြီး ပိုးဝင်သွားတာကြောင့်
အနာတစိုစိုဖြစ်ပါရော။ အဲဒါကိုပဲ နှင်းခူအစိုလို့ သမုတ်ကြပါတော့တယ်။ တကယ်တမ်းကျတော့
လတ်တလောဖြစ်တဲ့ နှင်းခူကိုသာ နှင်းခူအစိုလို့အမည်ပေးရမှာပါ။ နာတာရှည်နှင်းခူကိုတော့
နှင်းခူအခြောက်ပေါ့။
နှင်းခူဘယ်မှာဖြစ်
နှင်းခူအမျိုးအစားလိုက်ပြီး
ဖြစ်တဲ့နေရာတွေ ကွာခြားနိုင်ပေမယ့် ခြေဆုံးခေါင်းဆုံး နှင်းခူယားနာဖြစ်နိုင်တဲ့ နေရာတွေချည်းပါ။
ကျားမ လိင်အဂါၤတွေတောင် နှင်းခူဖြစ်နိုင်ပါတယ်။ စောစောကပြောတဲ့ ထိတွေ့နှင်းခူဆိုရင်
မတည့်တဲ့ပစ္စည်းနဲ့ ထိတွေ့တဲ့ နေရာမှန်သမျှ နှင်းခူဖြစ်နိုင်တာချည်းပါ။ ဥပမာ ဆပ်ပြာနဲ့
ဓာတ်မတည့်ရင် လက်၊ ဖိနပ်သဲကြိုးနဲ့ ဓာတ်မတည့်ရင် ခြေဖမိုး၊ နာရီကြိုးနဲ့ ဓာတ်မတည့်ရင်
လက်ကောက်ဝတ်၊ ဆံပင်ဆိုးဆေးနဲ့ဓာတ်မတည့်ရင် မျက်နှာ၊ လည်ပင်းစသဖြင့် နေရာမျိုးစုံမှာ
ဒုက္ခပေးနိုင်တာပါ။ ဘေဘီလေးတွေတောင် ဒိုက်ပါ (အနှီး) နဲ့ မတည့်ရင် တင်ပါး၊ ပေါင်ခြံမှာ
နှင်းခူဖြစ်တာပါပဲ။ ဒီလိုထိတွေ့ပစ္စည်းကြောင့်ဖြစ်ရတဲ့ ဓာတ်မတည့်နှင်းခူဟာ အမျိုးသားထက်
အမျိုးသမီးတွေမှာ နှစ်ဆပိုများသတဲ့။ ဆပ်ပြာ၊ ရေ၊ အလှပြင်ပစ္စည်း၊ မိတ်ကပ်၊ ရေမွှေးစတာတွေနဲ့
ပိုပြီး ထိတွေ့ကြရလို့ ဖြစ်မှာပါ။ ဒီလိုပြင်ပပစ္စည်းတွေနဲ့ ပိုပြီး ထိတွေ့ကြရလို့ ဖြစ်မှာပါ။
ဒီလိုပြင်ပပစ္စည်းတွေနဲ့ မပတ်သက်ဘဲ ပင်ကိုသွေးသားအရဖြစ်တဲ့ အေတိုးပစ်နှင်းခူကလည်း နေရာအနှံ့ဖြစ်နိုင်တာပါပဲ။
ဒါပေမယ့် အကွေးအဆန့်နေရာတွေမှာ ပိုပြီးဖြစ်လေ့ရှိပါတယ်။ လည်ပင်း၊ လက်တံတောင်ဆစ်၊ လက်ကောက်ဝတ်၊
ဒူး၊ တံကောက်ကွေး၊ ခြေခြင်းဝတ်နေရာတွေမှာ အဖြစ်များပါတယ်။ ဘယ်ညာအချိုးညီစွာ ဖြစ်လေ့ရှိပါတယ်။
ပင်ကိုသွေးသားအရ အဖြစ်များတဲ့ အခြားနှင်းခူတစ်မျိုးကတော့ ဆီဘိုးရစ်နှင်းခူ
(Seborrheic Dermatitis) ပါ။ ဒီနှင်းခူကတော့ ခေါင်း၊ နား၊ မျက်နှာ မှာအဓိကဖြစ်ပေမယ့်
ပြင်းထန်ရင် ရင်ဘတ်၊ ကျော၊ ချိုင်းနဲ့ ပေါင်၊ ခြေတွေအထိပါ ခြေဆန့်လေ့ရှိပါတယ်။ ရှားရှားပါးပါး
ပွန်ဖိုးလစ် (Pompholyx) ဆိုတဲ့ အရည်ကြည်ဖုတွေ ပေါက်တဲ့ နှင်းခူလည်းရှိပါသေးတယ်။ သူကတော့
ခြေနဲ့လက်မှာပဲ ဖြစ်တာပါ။ တစ်ခါတစ်လေ မီးလောင်ဖုလို အရည်ကြည်အိတ်ကြီးတွေ အပြုံအခဲလိုက်
ပေါက်လာတာပါ။
နှင်းခူကူးသလား
ဘယ်နှင်းခူ အမျိုးအစားမှ
အခြားသူကို မကူးပါဘူး၊ နှင်းခူကို ယားလို့ကုတ်ကြ၊ ဖဲ့ကြ၊ ပွတ်ကြလုပ်လို့သာ ပြင်ပက ဗက်တီးရီးယားပိုးတွေ၊
မှိုတွေ၊ ဝင်ပြီးရှုပ်ထွေးကုန်တာပါ။ အနာစက်တွေဝင် ပြည်တွေတည်ပြီး အရည်တစိုစိုဖြစ်သွားတာပါ။
အဲဒီအခါမှာ ရောဂါပိုးသာ ကူးချင်ကူးမယ်၊ နှင်းခူယားနာကတော့ လုံးဝကို မကူးပါဘူး၊ ဒါပေမယ့်
အေတိုးပစ်နှင်းခူကတော့ မျိုးရိုးထဲမှာ ပန်းနာရင်ကျပ်ရှိခဲ့ရင် ဒါမှမဟုတ် အလာဂျီဓာတ်ခံရှိခဲ့ရင်
ဒါမှမဟုတ် နှင်းခူရှိခဲ့ရင်တော့ ဖြစ်နိုင်ခြေများပါတယ်။ ဒါကြောင့် တချို့က အယားမျိုး၊
နှင်းခူမျိုးတွေဆိုပြီး မိသားစုစဉ်ဆက် နှင်းခူတွေ ရှိခဲ့ကြတယ်ဆိုရင် သမုတ်ကြတာပါ။ အမွေဆက်ခံရကြတယ်ဆိုပါတော့။
တကယ်တော့ နှင်းခူဆိုတာ အရေပြားရဲ့ ခုခံအားစနစ်တွေ အစိုထိန်းစနစ်တွေနဲ့လည်း သက်ဆိုင်ပါတယ်။
နောက်ပြီး ပတ်ဝန်းကျင်အနေအထားအပြင် ကိုယ်တွင်းဟော်မုန်းတွေ ပြောင်းလဲမှုတွေနဲ့လည်း ပတ်သက်နေတာပါ။
ခြုံပြောရရင် လူတစ်ယောက်မှာ နှင်းခူဖြစ်ရတဲ့ အကြောင်းအရင်းတွေက များလေတော့ တိတိကျကျပြောဖို့
ခက်ပါတယ်။
Credit : ဒေါက်တာ ကျော်ကျော်(အရေပြားအထူးကုဆရာဝန်ကြီး)