ကျေးလက်နေ တောင်သူဦးကြီးများနှင့် လုပ်ငန်းခွင်ကျန်းမာရေး
12-Jul-2020ကျွန်တော်တို့နိုင်ငံတွင် ကျေးလက်နေ တောင်သူဦးကြီးများသည် လုပ်သားအများစု
ဖြစ်ပါသည်။ တောင်သူဦးကြီးများ တွေ့ရှိရသော လုပ်ငန်းခွင်အန္တရာယ်များသည် လုပ်ငန်းများပြားသကဲ့သို့
ပေါများပါသည်။ လုပ်ငန်းခွင်တစ်ခုခု လုပ်ကိုင်နေစဉ် ၎င်းလုပ်ငန်းမှ ရောဂါ (သို့မဟုတ်)
ထိခိုက်ဒဏ်ရာများ ရရှိနိုင်ပါသည်။ တောင်သူဦးကြီးများသည် တစ်စုတဝေးတည်း
လုပ်ငန်းကို မလုပ်ဆောင်ခြင်းကြောင့် ၎င်းတို့၏ လုပ်ငန်းခွင်
ကျန်းမာရေးစောင့်ရှောက်ပေးရန်အတွက် လုပ်ငန်းခွင်တွင် ဖြစ်တတ်သောရောဂါ၊
ထိခိုက်ဒဏ်ရာများကို သိရှိလေ့လာပြီး ကာကွယ်ကုသခြင်းများကို
ဆောင်ရွက်ရမည်ဖြစ်ပါသည်။
အမြင့်မှ လိမ့်ကျခြင်း
စပါးစိုက်ခြင်း၊ နှမ်း၊ မြေပဲစိုက်ခြင်း တောင်သူဦးကြီးများရှိသကဲ့သို့
ထန်းပင်တက်ခြင်း၊ ကွမ်းသီးပင်တက်ခြင်းနှင့် အုန်းပင်တက်ခြင်းစသည်တို့ဖြင့်
အသက်မွေးဝမ်းကျောင်းပြုနေသော တောင်သူများလည်း ရှိပါသည်။ အခြားသစ်ပင်တက်၊
သစ်ပင်ခုတ် လုပ်ကိုင်သူများလည်း ရှိတတ်ပါသည်။ အပင်မြင့်များတက်ခြင်းကြောင့်
အမြင့်မှလိမ့်ကျခြင်း ပြဿနာများ ကြုံတွေ့နေရပါသည်။ ခြေလက်ကျိုးခြင်း၊
ကိုယ်တစ်ပိုင်းသေခြင်း၊ ခေါင်းပေါက်ခြင်း၊ ခါးရိုးကျိုးခြင်းများဖြစ်ကာ
ဒုက္ခိတဘဝသို့ ရောက်ရှိသွားကြပါသည်။ ကံဆိုးသူများတွင် အသက်သေဆုံးသည်အထိ
ဒုက္ခရောက်တတ်ပါသည်။ ထို့ကြောင့် အမြင့်တက်မည်ဆိုပါက အန္တရာယ်ကာကွယ်သော ခါးပတ်၊
ပုဆိုး၊ ကြိုးနှင့် အခြားအသုံးအဆောင်များကို ယူသွားရန် လိုအပ်ပါသည်။
မျက်စိဒဏ်ရာရရှိခြင်း
တောင်သူဦးကြီးများ လုပ်ငန်းခွင်ဝင်စဉ် မျက်စိဒဏ်ရာများ ရရှိတတ်ပါသည်။ ဖုန်၊
အမှုန်နှင့် အမှိုက်များ မျက်စိထဲသို့ဝင်တတ်ပါသည်။ သစ်ပင်၊ သစ်ကိုင်းများဖြင့်
မျက်စိကို ရိုက်မိကြပါသည်။ တောင်သူဦးကြီးများအနေဖြင့် ကျွဲ၊ နွား၊
တိရစ္ဆာန်များကို လယ်ထွန်ခြင်း၊ စပါးနယ်ခြင်း စသည့်လုပ်ငန်းများ လုပ်ဆောင်ရာတွင်
ကျွဲခတ်ခံရခြင်း၊ နွားကန်ခံရခြင်း၊ နွားမြီးခတ်ရခြင်းတို့ကြောင့် မျက်စိဒဏ်ရာရပြီး
ကန်းသွားသည်အထိ အန္တရာယ်များ တွေ့နိုင်ပါသည်။
မေးခိုင်ရောဂါပိုးဝင်တတ်ခြင်း
တောင်သူဦးကြီးများသည် လယ်တောနှင့် ရွှံ့ညွန်များထဲတွင် ဆင်း၍ အလုပ်လုပ်ရပါမည်။
ဖိနပ်မစီးဘဲ ခြေဗလာဖြင့် အလုပ်လုပ်ရသောကြောင့် ဆူး၊ ညှောင့်၊ သံတို၊ သံစများ
စူးဝင်ခံရနိုင်ပါသည်။ ၎င်းဒဏ်ရာများထဲသို့ နွားချေး၊ ကျွဲချေးနှင့် အခြားသော
အညစ်အကြေးများထဲတွင်ရှိသည့် မေးခိုင်ရောဂါပိုးများ ဝင်သွားပြီး မေးခိုင်ရောဂါဖြစ်တတ်ပါသည်။ အချိန်မီမကုသနိုင်ပါက
အသက်သေနိုင်ပါသည်။ ထို့ကြောင့် မေးခိုင်ရောဂါကာကွယ်ဆေးကို
ကြိုတင်ထိုးထားခြင်းနှင့် တစ်စုံတစ်ရာ စူးခံရပါက ထိရောက်စွာ ကုသခြင်းများ
ပြုလုပ်ရပါမည်။
မြွေကိုက်ခံရခြင်း
တောင်သူဦးကြီးများ တောရှင်းခြင်း၊ လယ်လုပ်ခြင်း၊ ပေါင်းနုတ်ခြင်း၊
စပါးရိတ်ခြင်းနှင့် မီးထောင်ချောက်ထောင်ခြင်းများ ပြုလုပ်စဉ် အဆိပ်ရှိသော
မြွေနှင့်ကင်းများ ကိုက်ခံနေရပါသည်။ မြွေဆိုးကိုက်ခြင်းကို
ရှေးဦးသူနာပြုစုခြင်းပြုလုပ်ကာ မြွေဆိပ်ဖြေဆေးရှိသော ဆေးရုံသို့
အမြန်ဆုံးပို့ဆောင်ကုသရပါမည်။ မြွေကိုက်ခြင်း မခံရစေရန် မြွေရှိတတ်သော
နေရာများသို့ မသွားရောက်မီ ခဲ (သို့မဟုတ်) တုတ်ရှည်ရှည်နှင့် မြွေကို
ချောက်လှန့်ထုတ်ပြီးမှ သွားရပါမည်။ ညအခါတွင် သွားပါက လက်နှိပ်ဓာတ်မီး၊
မီးတုတ်များအသုံးပြုကာ လမ်းကိုသေချာစွာ ကြည့်ပြီးမှသွားရပါမည်။ ကြွက်တွင်းများ၊
သစ်ခေါင်းများကိုလည်း မနှိုက်သင့်ပါ။ မြွေအန္တရာယ်ကို ကာကွယ်ပေးသော ဖိနပ်နှင့်
လက်အိတ်များကို ဝတ်ဆင်ရပါမည်။
Credit : ဒေါက်တာ ကောင်းစံ
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။