Print

ဗီတာမင်အေ ချို့တဲ့မှုလက္ခဏာများ

  23-Jun-2017
Preview Image


ဗီတာမင်အေချို့တဲ့မှု လက္ခဏာများကို မျက်စိတွင် ထင်ထင်ရှားရှား တွေ့နိုင်ပါသည်။ မျက်စိတွင် တွေ့မြင်ရသည့် လက္ခဏာများကိုစုပေါင်း၍ မျက်သားခြောက်သွေ့ခြင်း၊ (Xerophthalmia) ဟု ခေါ်ပါသည်။ မျက်သားခြောက်သွေ့ခြင်းကို အောက်ပါအတိုင်း အဆင့်များခွဲခြားနိုင်၏။

• ကြက်မျက်သင့်ခြင်း (Night blindness) 

• မျက်ဖြူသားခြောက်သွေ့ခြင်း (Conjunctival xerosis)

• မျက်ဖြူသားခြောက်သွေ့ပြီး မလိုဖတ်ကဲ့သို့ အဖြူဖတ် (Bitot’s spot) ဖြစ်ပေါ်ခြင်း

• မျက်ကြည်ခြောက်သွေ့ခြင်း (Corneal xerosis)

• မျက်ကြည်ပျော့ရွဲခြင်း၊ မျက်ကြည်တွင် အနာဖြစ်ခြင်း

• အပြင်တိမ်စွဲခြင်း (Corneal scar)


ဗီတာမင်အေချို့တဲ့မှုကြောင့် ကြက်မျက်သင့်ခြင်းမှ မျက်ကြည်သားခြောက်သွေ့ခြင်းအထိ ရောဂါအဆင့်များကို ဗီတာမင်ဖြည့်ဆည်းပေးခြင်းဖြင့် ရက်အနည်းငယ်အတွင်း ပျောက်ကင်းစေနို်င်ပါသည်။ သို့သော် မျက်ကြည်သား ပျော့ရွဲခြင်း၊ မျက်ကြည်သားတွင် အနာဖြစ်ခြင်းအဆင့်သို့ ရောက်လျှင်မူ မကုဘဲထားပါက မျက်စိကွယ်သွား နိုင်ပါသည်။ မျက်လုံးအိမ်တစ်ခုလုံး ပေါက်ထွက်သွားနိုင်ပါသည်။ ထိုအဆင့်တွင် ကုသမှုခံသည့်တိုင် မျက်စိတွင် ဒဏ်ရာ (တိမ်) စွဲ၍ ကျန်ခဲ့မည်ဖြစ်ပါသည်။


ဗီတာမင်အေချို့တဲ့ခြင်းကြောင့် အရေပြားသည် အထူးသဖြင့် တံတောင်ဆစ်ကွေးနှင့် ဒူးဆစ်တွင် ခြောက်သွေ့၍ အကြေးခွံတက်ကာ အဖုလေးများ ဖြစ်နေတတ်ပါသည်။ Follicular hyper keratosis ဟုခေါ်သည့် ထိုအခြေအနေကို မြန်မာများက ကြာဆူးဟု သိထားကြပါသည်။ အနောက်တိုင်းသားများက ဖား၏အရေခွံ (Toad skin) ဟူ၍လည်းကောင်း၊ ဘဲငန်းအရည်ခွံ (Goose flesh) ဟူ၍ လည်းကောင်း ပြောတတ်ပါသည်။ ကြာဆူးသည် ဖက်တီးအက်ဆစ် (Fatty acid) ချို့တဲ့မှုကြောင့်လည်း ဖြစ်နိုင်သဖြင့် ဗီတာမင်အေ ကြွယ်ဝသည့် အစာများသာမက အပင်ထွက်ဆီများ ပါဝင်အောင် စားသုံးပေးရမည် ဖြစ်ပါသည်။


ကာကွယ်ခြင်း

ဗီတာမင်အေ ချို့တဲ့မှုမဖြစ်စေရန် 

(က) ဗီတာမင်အေကြွယ်ဝသည့် အစားအစာများ စားသုံးခြင်း

(ခ) ဗီတာမင်အေ ဆေးလုံးတို်က်ကျွေးခြင်း၊

(ဂ) အစားအသောက်တွင် ဗီတာမင်အေ ဖြည့်သွင်းပေးခြင်းနည်းများဖြင့် ကာကွယ်နိုင်ပါသည်။


(က) ဗီတာမင်အေကြွယ်ဝသည့် အစားအစာများကျွေးခြင်း

အသား၊ အသည်း၊ ဥအမျိုးမျိုး၊ နို့နှင့် နို့ထွက်အစားအစာများသည် အသုံးပြုရန် အသင့်ဖြစ်နေသော ဗီတာမင်အေ ကြွယ်ဝသည်။ တတ်နိုင်သမျှ စားသုံးသင့်၏။ ကလေးများအား တတ်နိုင်သမျှ ကျွေးသင့်၏။ သရက်သီးမှည့်၊ သင်္ဘောသီးမှည့် စသည့်အဝါရောင်သစ်သီးများ၊ ကင်းပုံရွက်၊ ဟင်းနုနယ်ရွက်၊ ကိုက်လံ၊ ပန်းဂေါ်ဖီစိမ်း (broccoli) စသည့် အစိမ်းရင့်ရောင် ဟင်းရွက်များ၊ မုန်လာဥနီ၊ ရွှေဝါကန်စွန်းဥ၊ ခရမ်းချဉ်သီးမှည့် စသည့်အနီရောင် အဝါရောင် သစ်ဥသစ်ဖုများ၊ သင်းသီးများသည် ကယ်ရိုတင်းဓာတ်များ ကြွယ်ဝသဖြင့် ဖောဖောသီသီစားသုံးသင့်၏။ ကလေးများအား အသက် (၆) လအထိ မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးခြင်းဖြင့် ဗီတာမင်အေ အလုံအလောက်ရရှိနိုင်ပါသည်။ (၆) လပြည့်ပြီးနောက် ဖြည့်စွက်စာကျွေးရာတွင် အထက်တွင်ဖော်ပြထားခဲ့သည့် ဗီတာမင်ကြွယ်ဝသော အစာများကို ထည့်သွင်း၍ ကျွေးသင့်ပါသည်။


(ခ) ဗီတာမင်အေဆေးလုံး တိုက်ကျွေးခြင်း

ကလေးများအား အောက်ပါအတိုင်း ဗီတာမင်အေဆေးလုံး အချိန်မှန်တိုက်ကျွေးခြင်းဖြင့်လည်း ဗီတာမင်အေ ချို့တဲ့မှုမှ ကာကွယ်နိုင်ပါသည်။

• အသက် (၆) လမှ (၁၁) လအရွယ်ကလေး ယူနစ်တစ်သိန်း၊ တစ်ကြိမ်သာ၊

• အသက် (၁) နှစ်မှ (၅) နှစ်အရွယ်ကလေး ယူနစ်နှစ်သိန်း၊ (၆) လတစ်ကြိမ်။

အသက် (၆) လအောက် ကလေးအား အင်အားပြည့် ဗီတာမင်အေဆေးလုံး မတိုက်ကျွေးသင့်ပါ။ နို့တိုက်မိခင်သည် မီးဖွားပြီးတစ်လခွဲအတွင်း ဗီတာမင်အေ ယူနစ်နှစ်သိန်း သောက်သုံးထားခြင်းဖြင့် မိခင်နို့တွင် ကလေး၏အသက် (၆) လအထိ လိုအပ်သောဗီတာမင်အေပမာဏ ပါဝင်နေပါလိမ့်မည်။ ဝက်သက်ပေါက်သော ကလေး၊ ကာလကြာရှည်စွာဝမ်းပျက်နေသောကလေးများ၊ အာဟာရချို့တဲ့သဖြင့် ဖောရောင်နေသောကလေး၊ ပိန်လှီနေသောကလေးများသည် ဗီတာမင်အေချို့တဲ့နိုင်သည့် အန္တရာယ်များသဖြင့် ဗီတာမင်အေဆေးလုံး တစ်လုံး (အသက် ၆ လမှ ၁၁ လအရွယ် ကလေးအား ယူနစ်တစ်သိန်း၊ ၁ နှစ်မှ ၅ နှစ်အရွယ်ကလေးအား ယူနစ်နှစ်သိန်း) တိုက်ကျွေးထားသင့်ပါသည်။


(ဂ) အစားအစာများတွင် ဗီတာမင်အေ ဖြည့်သွင်းထားခြင်း

နို့မှုန့်၊ ကလေးအာဟာရမှုန့်များတွင် ဗီတာမင်အေဖြည့်သွင်းပေးခြင်းသည် ဗီတာမင်အေ အာဟာရကိုရရှိစေနိုင်သည့် နည်းလမ်းတစ်ခုဖြစ်ပါသည်။ အချို့နိုင်ငံများတွင် သကြား၊ ဂျုံမှုန့် စသည်တို့၌လည်း ဗီတာမင်အေ ဖြည့်သွင်းထားကြပါသည်။


Credit:

ဒေါက်လှကြည် (အာဟာရဆရာဝန်ကြီး)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18