Print

အသည်းရောင်အသားဝါဘီပိုးကာကွယ်ဆေးထိုးရာဝယ်

  17-Jul-2020
Preview Image

          Hepatitis လို့ခေါ်တဲ့ အသည်းရောင်အသားဝါရောဂါပိုးများစွာရှိတဲ့အနက်မှာ B ပိုးနဲ့ C ပိုးက အသည်းကို ကြီးကြီးမားမား ထိခိုက်ပျက်စီးစေပြီး အသည်းကင်ဆာရောဂါဖြစ်စေကာ အသက်အန္တရာယ်ကိုပါ ထိခိုက်ဆုံးရှုံးစေနိုင်ပါတယ်။ ဒီရောဂါနှစ်မျိုးမှာမှ အသည်းရောင်အသားဝါ B ပိုးက ပိုကူးစက်မြန်ပေမယ့် ဒီပိုးကို ကာကွယ်ပေးနိုင်မယ့် ကာကွယ်ဆေးကတော့ ရှိနေပါပြီ။ C ပိုးကတော့ ယနေ့အထိ ကာကွယ်ဆေးရှာမတွေ့သေးပါဘူး။ ဒါကြောင့် ဇီဝက ကျန်းမာရေးမဂ္ဂဇင်းပရိသတ်တွေအတွက် အသည်းရောင်အသားဝါဘီပိုးကာကွယ်ဆေးအကြောင်း ကျန်းမာရေးဗဟုသုတအနေနဲ့ ဝေမျှပါရစေ။


အသည်းရောင်အသားဝါ B ပိုးကာကွယ်ဆေးအစ

          ပထမဆုံးသော B ပိုးကာကွယ်ဆေးကို ၁၉၈၁ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စု၌ စတင်တွေ့ရှိခဲ့ပြီး ၁၉၈၆ ခုနှစ်မှာ လုံခြုံစိတ်ချရတဲ့ ကာကွယ်ဆေးအဖြစ် ဈေးကွက်ထဲ စတင်ဖြန့်ဖြူးရောင်းချခဲ့ပါတယ်။ ပထမအစမှာတော့ ဘီပိုးရှိသူရဲ့သွေးကနေ ပိုးကို Inactive လုပ်ပြီး ကာကွယ်ဆေးအဖြစ် ထုတ်လုပ်ခဲ့ပြီးနောက်ပိုင်းမှာ ပိုပြီးဘေးကင်းစိတ်ချရအောင် Yeast ခေါ် တစေးကနေ ထုတ်လုပ်ခဲ့ကြပါတယ်။


အသည်းရောင်အသားဝါ B ပိုး ကာကွယ်ဆေးထိုးတဲ့အခါ

          အသည်းရောင်အသားဝါဘီပိုး ကာကွယ်ဆေးထိုးတဲ့အခါ သိထားသင့်တာက ဘီပိုးအခွံကို ခန္ဓာကိုယ်ထဲထိုးသွင်းတာဖြစ်လို့ ကာကွယ်ဆေးထိုးပြီးနောက် တစ်လအတွင်း ဘီပိုးပြန်စစ်ရင် ဘီပိုးရှိတယ် (+ve) လို့ပေါ်နိုင်ပါတယ်။ ဘီပိုးကာကွယ်ဆေးထိုးပြီး ၅လ လောက်ကြာမှ Antibody လို့ခေါ်တဲ့ ကိုယ်ခံအားထွက်မထွက်ပြန်စစ်ရပြီး Antibody ထွက်ရင် အသည်းရောင်အသားဝါဘီပိုးကနေ ကာကွယ်နိုင်စွမ်းရှိသွားပါပြီ။ တကယ်လို့ Antibody မထွက်ရင်တော့ ဘီပိုးကာကွယ်ဆေးကို အစကနေပြန်ထိုးရပါမယ်။ ဘီပိုးကာကွယ်ဆေးထိုးတဲ့အခါ သတိပြုရမှာတစ်ခုက ဆေး Course ပြည့်သည်အထိ တူညီသော ကာကွယ်ဆေးတစ်မျိုးတည်းကိုသာ ထိုးရမှာပါ။ ဥပမာ စစထိုးချင်းမှာ Engerix B ကိုသာ ထိုးရမှာဖြစ်ပါတယ်။ နောက်ပြီး ဘီပိုးစစ်လို့ ပိုးရှိနေရင် (HBsAg (+ve)) ဘီပိုးကာကွယ်ဆေး ထိုးလို့မရပါဘူး။ HbsAg (-) ve မှသာ ကာကွယ်ဆေးထိုးလို့ရပါတယ်။


ဘီပိုးကာကွယ်ဆေးထိုးဇယား

          ဘီပိုးကာကွယ်ဆေးထိုးဇယားကို နိုင်ငံတကာ စံနှုန်းအဖြစ် သတ်မှတ်ထားတာကတော့ ပထမဆုံး ဆေးထိုးတဲ့ရက်နဲ့ တစ်လကြာရင် ဒုတိယဆေးထိုးရမှာဖြစ်ပြီး ခြောက်လကြာရင် တတိယဆေးကို ထိုးရမှာပါ။ (0.1 month, 6 month)။ ဥပမာ 1.1.2017 မှာ ထိုးရမှာပါ။ တတိယဆေးထိုးပြီး နှစ်လကြာရင် Andibody စစ်ပေးရမှာဖြစ်ပြီး ဆေးအောင်ရင် ဘီပိုးကာကွယ်နိုင်ပါပြီ။ တကယ်လို့ ဆေးမအောင်ရင် (Antibody မထွက်ရင်) အစကနေ ပြန်ထိုးရပါမယ်။ ဒါက Standard Schedule ပါ။ အခုနောက်ပိုင်းမှာတော့ ပထမဆေးထိုးပြီး တစ်လကြာရင် ဒုတိယဆေး၊ နှစ်လကြာရင် တတိယဆေးဆိုပြီး (0.1 month, 2 month) နဲ့ အမြန်ထိုးနေကြပါပြီ။ ဒီလိုနည်းနဲ့ ထိုးရင် ဆေးစစ်လို့ဆေးအောင်ရင်တောင် တစ်နှစ်ပြည့်တဲ့အခါ (After 12 months) မှာ Booster Dose အနေနဲ့ ကာကွယ်ဆေး တစ်လုံးထပ်ထိုးရပါမယ်။

          ဒီနည်းတွေအပြင် ရောဂါပိုးရှိသူနဲ့ အနီးကပ်နေထိုင်ထိတွေ့ရမယ့်သူ၊ နိုင်ငံခြားကို အချိန်တိုအတွင်း (၃-၄ လအတွင်း) အမြန်ထွက်ရမယ့်သူတွေအတွက် နောက်ဆုံးပေါ်လာတဲ့ အမြန်ထိုးနည်းကတော့ ပထမ ဆေးထိုးပြီး (၇) ရက်အကြာမှာ ဒုတိယဆေး၊ (၂၁) ရက်အကြာမှာ တတိယဆေးကို ထိုးလို့ရပါပြီ။ (0.7 days, 21 days) ။ ဒီထိုးနည်းနဲ့ ထိုးရင်လည်း ဆေးအောင်မအောင်စစ်ဆေးပြီး အောင်ရင် ၁၂ လကြာတဲ့အခါ Booster dose ထိုးမှသာ ဘေးကင်းစိတ်ချရမှာပါ။ ဆေးမအောင်ရင်တော့ အစကနေ ပြန်ထိုးရပါမယ်။

          မည်သည့်နည်းနဲ့ ဘီပိုးကာကွယ်ဆေးကို ထိုးထိုး ၃ - ၅ နှစ်ကြာရင် Booster Dose ကို ပြန်ပြန်ထိုးပေးရင် ဘီပိုးကို အပြည့်အဝ ကာကွယ်ပေးနိုင်ကြောင်း သိရှိရပါတယ်။

Credit : Sheri(U.O.N,Ygn)

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18