Print

ကိုယ်အလေးချိန်ကပြောတဲ့ ကျန်းမာရေး

  07-Aug-2020
Preview Image

          ဘယ်လောက်ပဲ ကျန်းမာရေးနဲ့ ညီညွတ်အောင်စားစား၊ ဘယ်လောက်ပဲ ပုံမှန်လေ့ကျင့်ခန်းလုပ်ပါစေ ဝမ်းဗိုက်၊ ပေါင်၊ လက်မောင်းနဲ့ တင်ပါးက အဆီတွေဟာ အမြဲဒုက္ခပေးတတ်ပါတယ်။ ဒီနေရာမှာ ဘာလို့လဲလို့ မေးစရာရှိပါတယ်။ ဒီအဆီတွေက မျိုးရိုးဗီဇကြောင့်လား။ ပြောင်းလဲလို့မရတော့ဘူးလား။ ဒါဆိုရင် ဒီအဆီတွေက လူတစ်ယောက်ရဲ့ ကျန်းမာရေးကို ဘယ်လောက်အထိ အကျိုးသက်ရောက်နိုင်လဲ။


အဆီစုလာတာကြောင့် လူကိုဒုက္ခပေးနိုင်တာ ဘယ်နေရာတွေလဲ။

          ဒီနေရာမှာလိင်၊ ဟော်မုန်းပမာဏနဲ့ ဇီဝတွင်းဖြစ်စဉ်အပါအဝင် အချက်ပေါင်းများစွာပေါ်မှာ မူတည်ပြီး ကွဲပြားမှုတွေ ရှိနေနိုင်ပါတယ်။ လိင်အားဖြင့် ပြောရမယ်ဆိုရင် မိန်းကလေးတွေဟာ ငယ်ရွယ်တဲ့အချိန်မှာ ယောကျ်ားလေးတွေထက်ပိုပြီး ခန္ဓာကိုယ်မှာအဆီစုနိုင်တဲ့ ရာခိုင်နှုန်း ပိုများပါတယ်။

          အမျိုးသမီးတွေမှာ အများအားဖြင့် ပေါင်၊ တင်ပါးဆုံနဲ့ တင်ပါးမှာအဆီတွေ စုနေလေ့ရှိပါတယ်။ အမျိုးသားတွေမှာတော့ ဗိုက်မှာစုတတ်တာကြောင့် ဗိုက်ပူတဲ့အမျိုးသားအများစုကို မြင်တွေ့နေရတာဖြစ်ပါတယ်။ ဒါပေမယ့် အမျိုးသားတွေမှာ ဝှေးစေ့ကထွက်တဲ့ ဟော်မုန်း testosterone ကြောင့် ဗိုက်အဆီဖြစ်စေနိုင်သလို အီစထရိုဂျင်ဟော်မုန်းကြောင့်လည်း တင်ပါးနဲ့ ပေါင်မှာအဆီတွေ စုပုံလာစေနိုင်လို့ ဟော်မုန်းပမာဏ အပြောင်းအလဲကိုလည်း သတိထားဖို့လိုအပ်ပါတယ်။

          အသက်အရွယ်အပိုင်းအခြားက ဟော်မုန်းထုတ်လွှတ်တဲ့ ပမာဏကို အဆုံးအဖြတ်ပေးတာကြောင့် ထည့်သွင်းစဉ်းစားရမယ့်အချက်တစ်ခုဖြစ်ပါတယ်။ အမျိုးသားတွေ အသက်ကြီးလာတဲ့အခါ testosterone ဟော်မုန်းပမာဏ ကျဆင်းလာတာကြောင့် အဆီဆဲလ်တွေလောင်ကျွမ်းမှု နှေးကွေးသွားပြီး အလွယ်တကူ ကိုယ်အလေးချိန်တက်သွားစေနိုင်ပါတယ်။ သွေးဆုံးပြီးသား အမျိုးသမီးတွေမှာတော့ အီစထရိုဂျင်ဟော်မုန်းထုတ်လွှတ်မှု လျော့ကျသွားပေမယ့် testosterone ဟော်မုန်းထုတ်လွှတ်မှု တိုးပွားလာတာကြောင့် အမျိုးသားတွေလိုပဲ ကိုယ်အလေးချိန် တက်လွယ်နိုင်ပါတယ်။

          အခုဖော်ပြခဲ့တဲ့အချက်တွေဟာ သဘာဝအရဖြစ်လာတာမို့လို့ ပြောင်းလဲလို့မရနိုင်ပါဘူး။ ဒါပေမယ့် တစ်ခါတစ်လေမှာတော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး ဟော်မုန်းကုထုံးတွေ ခံယူလို့ရနိုင်ပါတယ်။


ဘယ်လိုနည်းနဲ့ ဒုက္ခပေးနိုင်တာလဲ

          ဘယ်နေရာမှာပဲ အဆီလာလာ အဆီတွေအများကြီးစုလာတာဟာ ဆိုးရွားတဲ့ ကျန်းမာရေးအန္တရာယ်တွေကို ဖြစ်စေနိုင်ပါတယ်။ အဆီဆဲလ်တွေက ထပ်တိုးလာတဲ့ အလေးချိန်ရဲ့ ဖိအားဒဏ်ကြောင့် အဆစ်အမျက်တွေ ရောင်ရမ်းမှုကို ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် အဆီပိုတွေကြောင့် အဝလွန်ခြင်း၊ ဆီးချိုရောဂါ၊ ကိုယ်လက်စထရော မြင့်တက်ခြင်း၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ အသက်ရှူမဝခြင်းနဲ့ ကင်ဆာရောဂါတချို့ကို ဖြစ်စေနိုင်ပါတယ်။ အဲဒီထဲကမှ တချို့အဆီစုတဲ့ နေရာတွေဟာ တခြားနေရာတွေထက်ပိုပြီး ကျန်းမာရေးအန္တရာယ်ကို ပိုဖြစ်စေနိုင်ပါတယ်။

          ဗိုက်အဆီဆိုတာ ဝမ်းတွင်းအဆီဖြစ်တာကြောင့် ဝမ်းဗိုက်အတွင်းထဲသာမက အရေးကြီးတဲ့ ကိုယ်တွင်းကလီဇာတွေနားမှာပါ ရှိနေနိုင်ပါတယ်။ ဒီလိုအဆီတစ်သျှူးတွေက ရောင်ရမ်းမှုကို ပိုဖြစ်စေနိုင်တာကြောင့် ဆီးချိုရောဂါနဲ့ အသည်းအဆီဖုံးရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်ပါတယ်။

          တစ်ချိန်တည်းမှာပဲ အမျိုးသမီးတွေရဲ့ တင်ပါးနဲ့ပေါင်က အဆီကို အရေပြားအောက်က အဆီလို့ခေါ်ကြပါတယ်။ အဓိပ္ပာယ်ကတော့ ရှင်းပါတယ်။ အရေပြားအောက်နားလေးမှာရှိနေတဲ့ အဆီဖြစ်လို့ပါ။ တခြားကျန်းမာရေးအန္တရာယ်တွေ ဖြစ်နိုင်ခြေနည်းတယ်ဆိုပေမယ့် အဝလွန်နိုင်ခြေများတာကြောင့် အမျိုးသမီးနဲ့ ကလေးငယ်တွေမှာ ဝမ်းတွင်းအဆီတွေ စုလာစေနိုင်ပါတယ်။ ဒါဆိုရင် နောက်ဆက်တွဲကျန်းမာရေးအန္တရာယ်လည်း ပါလာနိုင်ပါတယ်။

          ကောင်းတာတစ်ခုက ကိုယ်အလေးချိန်လျှော့ချတဲ့အခါ ဝမ်းတွင်းအဆီတွေက အရင်ဆုံးလျော့သွားတာပါပဲ။ ၅ ပေါင်ကနေ ၁၀ ပေါင်အထိ လျှော့ချနိုင်တာနဲ့ ဆီးချို၊ သွေးတိုးနဲ့ အသည်းအဆီဖုံးရောဂါတွေလို ကျန်းမာရေးပြသနာတွေလည်း သိသိသာသာတိုးတက်ကောင်းမွန်လာစေနိုင်ပါတယ်။

Credit : အမရာ

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18