Print

အဆိပ်သင့်နေသော ရေ၊ လေ၊ မြေကို သိရှိစေချင်

  04-Sep-2020
Preview Image

အဆိပ်များပြည့်နေသော မြစ်ချောင်းများ

          ကျွန်တော်တို့နိုင်ငံတွင် အဓိကမြစ်ကြီးလေးခုရှိပြီး ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်နှင့် စစ်တောင်မြစ်တို့ဖြစ်ကြပါသည်။ မြစ်လက်တက်များ၊ ချောင်းများ၊ ရေကန်များလည်း များစွာရှိကြပါသည်။ မြစ်ကြီးများသည် လူသန်းပေါင်းများစွာ အသက်ရှင်ရန်အတွက် မရှိမဖြစ် ရေအရင်းအမြစ်များဖြစ်ကြပါသည်။ မြစ်များသည် ယခင်နှစ်များထက် ညစ်ညမ်းမှုက ပိုမိုဆိုးရွားလာပါသည်။

          မြစ်များညစ်ညမ်းရသော အဓိကပြဿနာမှာ လူပေါင်းများစွာက မလျော်ကန်သောအကြောင်းများဖြင့် မြစ်များကို အသုံးပြုခြင်းကြောင့်ဖြစ်ပါသည်။ မြစ်ချောင်းများအနီးတွင် သုသာန်များတည်ဆောက်ကြပါသည်။ မြေမြှုပ်ခြင်း၊ မီးသဂြိုလ်ခြင်းများ ပြုလုပ်ကြပါသည်။ မီးသဂြိုလ်ပြီး ထွက်လာသော ပြာများကို မြစ်ချောင်းများထဲသို့ စုပုံပြီးပစ်လေ့ရှိပါသည်။

          ထို့ပြင် ကွန်ပျူတာများ၊ လက်ကိုင်ဖုန်းများ၊ အခြားအီလက်ထရွန်နစ်ပစ္စည်းများပျက်စီးပြီး မကောင်းပါက မြစ်ချောင်းများထဲသို့ စွန့်ပစ်ပစ္စည်းများအဖြစ် သတ်မှတ်ကာ စွန့်ပစ်ကြပါသည်။ ထို့ကြောင့် မြစ်ချောင်းများတွင် သတ္တုဓာတ်အဆိပ်များ၊ အခြားဓာတုဓာတ်တစ်မျိုးမျိုးနှင့် အဆိပ်သင့်နေပါသည်။

          ပိုဆိုးသောအချက်များမှာ လူ၏ အညစ်အကြေးများ၊ အိမ်မွေးတိရစ္ဆာန်များ၏ အညစ်အကြေးများကိုလည်း မြစ်ချောင်းထဲသို့ စွန့်ပစ်ကြပါသည်။ မြစ်ချောင်းအတွင်းသို့စီးဝင်လာသော ရေဆိုးများကို အရည်သတ်သတ်၊ အမှိုက်ဖတ်သတ်သတ်မခွဲခြားဘဲ စိတ်စစ်ခြင်းမပြုလုပ်သော စက်ရုံများစွာလည်း ရှိနေပါသည်။

          ၎င်းတို့ထက်ပို၍ဆိုးစေသော အချက်မှာ လယ်သမားများ၊ ယာသမားများသည် ပိုးသတ်ဆေးများကို အသုံးပြုပြီး မြစ်ချောင်းများအတွင်းသို့ စွန့်ပစ်ခြင်းပြုလုပ်ကြပါသည်။ မြစ်ချောင်းအတွင်း ပိုးသတ်ဆေးဖျော်ထားသောဆေးပုံးများကို ဆေးကြောခြင်းများပြုလုပ်ကြပါသည်။

          တိရစ္ဆာန်အသေကောင်များ၊ အမှိုက်စိုများ၊ အမှိုက်ခြောက်များ၊ ဆေးခန်းဆေးရုံထွက်အမှိုက်များ၊ ခြံထွက်အမှိုက်များ၊ လုပ်ငန်းသုံး အမှိုက်များ၊ နောက်ဖေးလမ်းကြားအမှိုက်များ၊ စက်ရုံထွက်အမှိုက်များနှင့် နေအိမ်သုံးအမှိုက်များကို စည်းကမ်းမဲ့စွာမြစ်ချောင်းထဲသို့ ပစ်ချကြပါသည်။ မြစ်ချောင်းများတိမ်ကောပပျောက်နိုင်ပါသည်။ ညစ်ညမ်းသော ရေအိုင်များ၊ ညစ်ညမ်းသောဗွက်အိုင်များသာ ကျန်ခဲ့နိုင်ပါသည်။ ရေထုညစ်ညမ်းမှု၏ ဆိုးကျိုးဖြစ်နိုင်ပါသည်။


ရေထုညစ်ညမ်းစေသော ပြဒါအဆိပ်

           ငါးများသည် ခြေနှစ်ချောင်းနှင့်ခြေလေးချောင်းအသားများထက် ကျန်းမာရေးနှင့်ညီညွတ်သည်ဟု ယေဘုယျအားဖြင့် ဆိုနိုင်ပါသည်။ သို့ရာတွင် အချို့သောနိုင်ငံများ၌ ငါးကိုများများစားသုံးရန် အကြံပြုကြသော်လည်း အချို့သော နိုင်ငံများမှာ နေ့စဉ်စားသုံးနေသော ငါးပမာဏကို လျှော့စားရန် ပြေဆိုကြပါသည်။

          ငါးများနှင့် အခွံမာရေသတ္တဝါများတွင် ပြဒါးအဆိပ်ပါရှိပါသည်။ ပြဒါးပမာဏအများအပြားပါနိုင်သော ရေသတ္တဝါများမှာ ငါးအကြီးစား ငါးမည်းလုံး၊ ငါးမန်း၊ ဓားရှည်နှုတ်သီးငါး၊ ငါးကွမ်းရှပ်ငါးကြီးနှင့် သွားချွန်လွန်းပုံရေချိုငါးကြီးတို့ဖြစ်ပါသည်။

          ပြဒါးအဆိပ်သင့်ပါက ဦးနှောက်အာရုံကြော၊ အဆုတ်နှင့် ကျောက်ကပ်များကို ထိခိုက်စေပါသည်။ အသက်သေဆုံးသည်အထိ ဒုက္ခပေးနိုင်ပါသည်။

          လျှပ်စစ်ဓာတ်အားထုတ်ပေးသော ကျောက်မီးသွေးစက်ရုံများသည် ဘေးထွက်ပစ္စည်းများအနေဖြင့် ပြဒါးကိုစွန့်ပစ်ကြပါသည်။ ထွက်လာသောစွန့်ပစ်ပြဒါးသည် မြစ်၊ ချောင်း၊ အင်းအိုင်များမှတစ်ဆင့် ပင်လယ်သမုဒ္ဒရာအထိ ရောက်ရှိသွားနိုင်ပါသည်။ ပြဒါးသည် ရေနှင့်ငါးများကို အဆိပ်သင့်ရုံသာမက အချိန်ကြာလာသောအခါတွင် ပတ်ဝန်းကျင်ကိုလည်း အဆိပ်သင့်စေပါသည်။ လျှပ်စစ်ဓာတ်အားပေးကျောက်မီးသွေးစက်ရုံများပိုပြီးတည်ဆောက်ခြင်းဖြင့် ပြဒါးအဆိပ်များသည် သောက်သုံးရေထဲတွင် တဖြည်းဖြည်းနှင့်စုပြုံရောက်ရှိလာနိုင်ပါသည်။ ထို့ကြောင့် ရေထုညစ်ညမ်းစေသော ပြဒါးအဆိပ်အကြောင်းကို သိရှိထားရန် လိုအပ်ပါသည်။


ရေထုညစ်ညမ်းစေသော ဆေးနှင့် ဆေးပစ္စည်းများ

          ယနေ့ခေတ်တွင်ဆေးရုံ၊ ဆေးခန်းများ၊ ပေါများလာသည်နှင့်အမျှ ဆေးနှင့်ဆေးပစ္စည်းများကို ပုံစံမျိုးစုံ၊ နိုင်ငံမျိုးစုံမှ ထုတ်ဝေကြပါသည်။ ဆရာဝန်၊ သူနာပြုဆရာမ၊ ကျန်းမာရေးဝန်ထမ်းများက ဆေးများကို ညွှန်ကြားပြီး လူနာများကိုပေးလိုက်ပါသည်။ ဆေးဆိုင်များမှ ဝယ်ယူခိုင်းသည်များလည်း ရှိပါသည်။ မိမိသဘောဖြင့် ဝယ်ယူသောက်နိုင်သော ဆေးများရှိသကဲ့သို့ ဆရာဝန်များညွှန်ကြားမှ သောက်ရသောဆေးများလည်း ရှိပါသည်။

          ၎င်းဆေးများသည် မိလ္လာရေပိုက်များတွင် အစုလိုက်အပြုံလိုက်ပစ်လိုက်ခြင်းမဟုတ်သော်လည်း ကြာရှည်ပါက သိသာသောဆေးပမာဏများ ရောက်ရှိသွားတတ်ပါသည်။ ဆရာဝန်ညွှန်ကြားချက်တွင်ပါရှိသော ကိုယ်ဝန်ဆောင်တားဆေးများကို မြစ်ချောင်းများတွင် စွန့်ပစ်တတ်ကြပါသည်။

          ၎င်းကိုယ်ဝန်ဆောင်တားဆေးများကို ငါးများစားမိပါက ငါးများတွင် ဖိုမမျိုးပွားအင်္ဂါနှစ်ခုစလုံးပါသော ဗီဇပြောင်းသွားနိုင်ပါသည်။ သောက်သုံးရေထဲတွင် ဆေးများပမာဏနည်းနည်းပါသော်လည်း လူများ၏ ကျန်းမာရေးကို များစွာထိခိုက်နိုင်ပါသည်။

          သောက်သုံးရေပိုက်များတွင် စိတ်ကျရောဂါကုသဆေးအမြောက်အမြားပါရှိပါက လူများ၏ ကျန်းမာရေးကို ထိခိုက်လာနိုင်ပါသည်။ ၎င်းဆေးများနှင့် ငါးများကို စမ်းသပ်ကြည့်ရာတွင် ငါးများ၌ ဗီဇပြောင်းဦးနှောက်အာရုံကြောကို ထိခိုက်သော လက္ခဏာများကို တွေ့ရှိရပါသည်။


လေထုညစ်ညမ်းခြင်း

          ကျွန်တော်တို့နိုင်ငံတွင် လေထုညစ်ညမ်းခြင်းကြောင့် နှစ်စဉ်သေဆုံးလျက်ရှိပါသည်။ ငှက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါနှင့် မူလကိုယ်ခံအားလျော့နည်းသောရောဂါ သုံးခုပေါင်းသည်ထက် သေဆုံးနှုန်းသည် ပိုများလျက်ရှိသည်။ လေထုညစ်ညမ်းမှုများခြင်းသည် တိုင်းတာသောကိရိယာများရှိသော်လည်း လွန်စွာနည်းပါးလျက်ရှိပါသည်။ သို့ရာတွင် လေထုညစ်ညမ်းခြင်းကြောင့် လူများသည် ရုတ်တရက်ချက်ချင်းသေဆုံးခြင်းရှိသကဲ့သို့ တဖြည်းဖြည်းနှင့် ရောဂါဖြစ်ပြီး သေဆုံးခြင်းလည်းရှိပါသည်။

          ရာသီဥတုဖောက်ပြန်ခြင်းကြောင့် လေထုညစ်ညမ်းတတ်ပါသည်။ လေထုညစ်ညမ်းစေသော အဓိကအရာသည် ၂ ဒသမ ၅ မိုက်ခရိုမီတာထက်သေးသော ဖုန်မှုန်များဖြစ်ပါသည်။ ညစ်ညမ်းသောလေကို ရှူရပါက အသက်သေဆုံးနိုင်ပါသည်။

          မော်တော်ကားများ၊ ဒီဇယ်နှင့်မောင်းသောမီးစက်များ၊ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများကြောင့် လေထုညစ်ညမ်းပြီး အဆုတ်ကို ထိခိုက်နိုင်ပါသည်။

Credit : ဒေါက်တာမြင့်သန်းထွန်း (ပြည်သူ့ကျန်းမာရေး)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18