Print

မိမိရဲ့တန်ဖိုး . . .

  11-Sep-2020
Preview Image

          လူတစ်ယောက်နဲ့တစ်ယောက် မိမိရဲ့တန်ဖိုးအပေါ် သဘောထားအမြင် အယူအဆ မတူကြပါဘူး။ မိမိရဲ့တန်ဖိုးကို အမြဲသိနားလည်နေဖို့ တစ်ရက်နဲ့တစ်ရက် ခံစားချက်တောင် မတူပါဘူး။ အနိမ့်အမြင့်အတက်အကျရှိတယ်။ မိမိရဲ့တန်ဖိုးကို သိနားလည်ခံစားတတ်ခြင်းဆိုတာ အရည်အသွေးတစ်ခုလိုပါပဲ ဆိုရင်လည်း မှန်ပါတယ်။ မကြာခဏ လေ့ကျင့်ပေးရင်း ရလာတဲ့ အရည်အသွေးမျိုးပေါ့။


ဘာကြောင့် မိမိရဲ့တန်ဖိုးကို သိနားလည်ဖို့ လိုအပ်သလဲ။

          မိမိရဲ့တန်ဖိုးကို သိနားလည်ခံစားတတ်ခြင်းက လူတိုင်းရဲ့ဘဝမှာ အတိုင်းအဆမရှိအောင် ကြီးမားတဲ့ လွှမ်းမိုးမှုရှိပါတယ်။ မိမိရဲ့ကြိုးစားအောင်မြင်မှုတွေကို အသိအမှတ်ပြု တန်ဖိုးထားပြီး ထိုက်တန်တယ်လို့ခံစားတတ်မှသာ ရှေ့ရေးအတွက် ပိုအောင်မြင်တဲ့ အခွင့်အလမ်းတွေကို မြင်တတ်လာတယ်။ အခွင့်အလမ်းတွေလည်း ပွင့်လင်းလာတယ်။

          မိမိရဲ့တန်ဖိုးကို သိခံစားခြင်းဆိုတာ ပြင်ပကလာတာ မဟုတ်ပါဘူး။ ကိုယ်အတွင်း စိတ်ခံစားမှုက ရလာတာပါ။ အလုပ်ခွင်မှာ ဘဝမှာ ဘယ်လောက်အောင်မြင်ပေမယ့် အတွင်းစိတ်ထဲမှာ မိမိရဲ့တန်ဖိုးကို အသိအမှတ်မပြုတဲ့အခါ မိမိရဲ့တန်ဖိုးကို အပြည့်အဝခံစားချင်မှ ခံစားရမယ်။

          အတွင်းစိတ်ယုံကြည်ခံစားမှု အချက်တွေကနေသာ ဖြစ်ပေါ်တဲ့ မိမိရဲ့တန်ဖိုးထားမှုပါ။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် သက်သက်သာသာနဲ့ ယုံကြည်ချက်တွေရှိဖို့ အတွင်းစိတ်က တွေးခေါ်ပုံ နည်းလမ်းအဆင့်ဆင့်နဲ့ လေ့ကျင့်ပေးလို့ရပါတယ်။


မိမိရဲ့ တန်ဖိုးကို မိမိ အခါခါအသိအမှတ်ပြုစေတဲ့ နည်းလမ်းတချို့ကတော့ . . .

ကိုယ်လုပ်ခဲ့တဲ့ အရာတွေကို ချရေးပါ။

          ဘဝတစ်လျှောက်မှာ ပြီးမြောက်အောင် လုပ်ဆောင်ချိန်နဲ့ အောင်မြင်ခဲ့ချိန်မှာ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူကျေနပ်အားရခဲ့တာတွေက တကယ်ဖြစ်ခဲ့တာပါ။ ကိုယ့်ကိုယ်ကိုယ် သတိပေးဖို့ လိုအပ်ချိန်မှာ အလွယ်တကူ ထုတ်ယူဖတ်ကြည့်လို့ရအောင် စာရင်းလုပ်ပြီး ချရေးထားပါ။ တစ်ခါတစ်ရံ ကျွန်မတို့လုပ်ရမယ့်အလုပ်စာရင်းနဲ့ မလုပ်ရသေးတဲ့စာရင်းကြားမှာ နစ်မြုပ်ဖိစီးနေတတ်တယ်။ လုပ်ခဲ့တာတွေ ပြန်ကြည့်ရင်း ကိုယ့်ကိုယ်ကိုယ် မျှတအောင် သုံးသပ်တာ မမှားပါဘူး။ မှတ်တမ်းဂျာနယ် ဒိုင်ယာရီစသည်ဖြင့် စာရင်းပြုစုထားလိုက်ပါ။ ချရေးထားပါ။


လူမှုကွန်ရက်ပေါ်နဲ့ ဖန်သားပြင်ပေါ်က အချိန်တွေကို ကန့်သတ်ပါ။

          လူမှုကွန်ရက်ပေါ်မှာ အချိန်တွေ ဖြုန်းတာက အပေါ်ယံမှာ ပျော်စရာကောင်းတယ်။ ဒါပေမယ့် ကိုယ့်စိတ်ပျော်ရွှင်မှုတွေရတယ်ဆိုတာ အလေးအနက်တွေးကြည့်တဲ့အခါ တကယ်တော့ရှားပါးပါတယ်။ ဖြစ်နိုင်ခြေရှိတာက ကိုယ့်ဘဝကို ကိုယ်ကျေနပ်တာထက်စိတ်ပျက်လက်ပျက်ဖြစ်ရဖို့ရှိတယ်။ မိမိကိုယ်ကိုယ် ဘယ်သူဆိုတာ သိနားလည်တန်ဖိုးထားတာထက် အများနဲ့နှိုင်းယှဉ်ပြီး လက်ရှိဘဝကနေ ဝေးကွာတဲ့ လက်တွေ့မကျတဲ့ စိတ်ကူးတွေလည်း ဝင်တတ်တယ်။


ဂါထာရွတ်ဆိုပါ။

          ဂါထာရွတ်ဆိုခြင်း အလေ့ရှိသူပဲဖြစ်ဖြစ် မရွတ်ဆိုတတ်သူပဲဖြစ်ဖြစ် စိတ်အားငယ်တဲ့အခါ၊ စိတ်ဖိစီး စိတ်မငြိမ်မသက်ဖြစ်တဲ့အခါ ဂါထာရွတ်ဆိုခြင်းရဲ့ အကျိုးကို သုံးကြည့်ပါ။ ဂါထာရွတ်ဆိုခြင်းက စိတ်ငြိမ်သက်စေပြီး စိတ်ခွန်အားရှိဖို့ လှုံ့ဆော်ပေးတယ်။ လွင့်မျောတဲ့ အတွေးဆိုးတွေ ပူပန်သောကတွေကို ထိန်းချုပ်ပေးတယ်။ အဆိုးမြင်စိတ်တွေကို ရပ်ဖို့ကူညီတယ်။ မိမိကိုယ်ကိုယ် နာကျင်စေတဲ့ မညှာမတာအတွေးတွေက ခံစားချက်ထဲမှာ စွဲမြဲသွားတတ်တာမို့ ဒီအတွေးဆိုးတွေ ဝင်လာတဲ့အခါ ကိုယ့်အတွက်အဓိပ္ပာယ်ရှိတဲ့ ဂါထာ ဒါမှမဟုတ် ကိုယ်တိုင်ဖန်တီးတဲ့ ဂါထာ ရှာဖွေရွတ်ဆိုကြည့်ပါ။


ကိုယ့်အနားကသူတွေကို ကျေးဇူးတင်စကားပြောဆိုပါ။

          ကိုယ့်ပတ်ဝန်းကျင်က မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်းတွေရဲ့ တန်ဖိုးကို အသိအမှတ်ပြုခြင်းက ကိုယ့်တန်ဖိုးရှိတယ်ဆိုတဲ့ ခံစားချက်ကိုလည်း တိုးစေတယ်။

          ကိုယ့်ကိုယ်ကိုယ် အလွန်အကျွံဝေဖန်ခြင်းတွေ စိတ်မငြိမ်သက်ခြင်းတွေရဲ့ ဝေးရာကို လျှောက်လှမ်းတဲ့အခါ မိမိဘဝရဲ့ မိမိတန်ဖိုးကို ကျယ်ကျယ်ပြန့်ပြန့် ပိုမြင်လာစေတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တစ်ဖက်သားကို ကျေးဇူးတင်တန်ဖိုးထားလိုက်တိုင်း ကိုယ့်ခံစားချက်တွေ ကောင်းလာတာ သေချာတယ်။


အတွေးဆိုးတွေကို အမြဲသတိနဲ့ ကန့်သတ်ပါ။

          မသေချာတဲ့ ဆုံးဖြတ်ချက် မခိုင်မာတဲ့ စွမ်းရည်တွေအတွက် အတွေးဆိုးတွေနဲ့ ချာချာလည်နေတယ်ဆို ဒီအတွေးတွေကို ပြောင်းလဲပေးပါ။ အကောင်းမြင်တဲ့ အတွေး စနစ်တကျအချက်အလက်နဲ့ မြင်တဲ့ Constructive အတွေးတွေနဲ့ အတွေးဆိုးတွေကို အမိအရကန့်သတ်ဖို့ အချိန်ရောက်ပါပြီ။ ဆိုးဝါးနာကျင်စေတဲ့ အတွေးတွေကို စိစစ်ပါ။ လက်တွေ့ကျကျ အဖြေရှာပါ။


တစ်ခါတစ်ရံ . . . မိမိရဲ့ တန်ဖိုးကိုရော မေ့လျော့နေလား။

          ကိုယ့်ကိုယ်ကိုယ် စွမ်းဆောင်ရည်၊ လုပ်နိုင်ရည်ရှိတယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ မိမိရဲ့တန်ဖိုးကို အမြဲနားလည်ခံစားရတယ်ဆိုတာ လွယ်ကူတဲ့ ခရီးလမ်းမဟုတ်ပါဘူး။ အလေ့အကျင့်ဖန်တီးခြင်းနဲ့ အတွေးဆိုးတွေကို ရပ်တန့်ခြင်းဆိုတာ အချိန်ယူပါတယ်။ ဒီအတွေးတွေ မသိမသာ ဝင်ရောက်လာခဲ့ရင်လည်း ကိုယ့်ကိုယ်ကိုယ်အရမ်းအပြစ်မတင်ပါနဲ့ မိမိရဲ့တန်ဖိုးကို သိနားလည်ခံစားတတ်တဲ့ အလေ့အကျင့်ကို ပျိုးထောင်ရတာ ရေရှည်စီမံကိန်းတစ်ခုပါ။ ဒါပေမယ့် စစ်မှန်တဲ့ ချဉ်းကပ်နည်းနဲ့ မလျှော့တဲ့ဇွဲကို သုံးရင် မိမိရဲ့တန်ဖိုးကို အမြဲနားလည်ခံစားတဲ့ကာလကို တစ်နေ့ရောက်ရှိလာမှာ သေချာပါတယ်။

Credit : ဧကရီပြုံး

 

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18