အိပ်ဆေးများ ( Sleeping pills )
13-Aug-2017
ညအိပ်မပျော်တာနဲ့ အိပ်ရခက်တဲ့ ( တော်ရုံအိပ်မပျော်တဲ့ ) ဝေဒနာကို ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းတွေ များစွာရှိပါတယ်။ လူတော်တော်များများဟာ ခေတ္တယာယီဖြစ်ပေါ်ခံစားရတဲ့ စိတ်ပူပင်သောကကြောင့်သော်လည်းကောင်း၊ နာမကျန်းတဲ့အခါသော်လည်းကောင်း ညအိပ်မပျော်တဲ့ ဝေဒနာကို ခံစားရကြပါသည်။ စိတ်ပူပန်မှုများခြင်း၊ စိတ်ကျရောဂါကဲ့သို့ စိတ်ဝေဒနာများနှင့် ရုပ်ပိုင်းဆိုင်ရာ နာတာရှည်ရောဂါဝေဒနာကို ခံစားရလေ့ရှိတတ်ပါတယ်။
ဘာကြောင့် အိပ်ဆေးတွေကို သုံးကြသလဲ
ရံဖန်ရံခါ အိပ်မပျော်တဲ့ ဝေဒနာနဲ့ ကြုံတွေ့ရတဲ့အခါ ရေနွေးနွေးလေး စိမ်ချိုးပေးတာ၊ ညအိပ်ရာမဝင်မီ နို့ပူပူလေး သောက်ပေးတာမျိုး လုပ်ပေးနိုင်ပါတယ်။ ဒီနည်းလမ်းတွေက ခန္ဓကိုယ်ကို ပြေလျော့ပြီးသက်သာစေလို့ ကောင်းမွန်စွာအိပ်စက်ခြင်းကို ဖြစ်ပေါ်စေပါတယ်။ အိပ်ဆေးတွေကတော့ ဒီလို သဘာဝနည်းလမ်းတွေ အသုံးပြုပြီး မရနိုင်တော့မှ အသုံးပြုဖို့ ဆရာဝန်တွေက ညွှန်းလေ့ရှိကြတာပါ။ ရက်သတ္တပတ် (၃)ပတ်ထက် ပိုပြိးအိပ်မပျော်တဲ့ဝေဒနာကို ခံစားရမှသာ အိပ်ဆေးကို အနည်းဆုံး ပမာဏသောက်သုံးဖို့ သင့်တော်ပါတယ်။ ဒါတောင်မှ အိပ်ဆေးကိုညစဉ်တိုင်း သောက်သုံးဖို့မသင့်ဘူး။ နောက်တချက်က ညအိပ်ရာမဝင်မီ အရက်သောက်ခြင်းကညအိပ်မပျော်တဲ့ ဝေဒနာကိုဖြစ်စေတာမို့ ရှောင်ရှားသင့်ပါတယ်။
အိပ်ဆေးတွေရဲ့ လုပ်ဆောင်ချက်
အိပ်ဆေးအများစုကတော့ ဦးနှောက်ရဲ့ လုပ်ဆောင်ချက်တွေကို ဖိနှိပ်ခြင်းအားဖြင့် အိပ်စက်နိုင်ဖို့ လုပ်ဆောင်ပေးပါတယ်။ ဒီအိပ်ဆေးတွေဟာ ဦးနှောက်နဲ့ အာရုံကြောစနစ်ထဲက ဓာတုလုပ်ဆောင်ချက်တွေကို နာ့ဗ်ဆဲလ်တွေကြားက ဆက်သွယ်မှုကို လျှော့ချခြင်းအားဖြင့် ဦးနှောက်ရဲ့ လုပ်ဆောင်မှုကို လျော့ကျပြီး အိပ်ပျော်စေနိုင်တယ်။
အိပ်ဆေးကပေးတဲ့ ဘေးထွက်ဆိုးကျိုး
အိပ်ဆေးတွေရဲ့ မလိုလားအပ်တဲ့ဆိုးကျိုးတွေက ဆေးသောက်ပြီးတဲ့အခါ ထိုင်းမှိုင်းလေးလံခြင်းနဲ့ ငိုက်မျဉ်းခြင်းတို့ကို ချက်ချင်းလက်ငင်း ခံစားရတာပါပဲ။ ဒါ့အပြင် စကားပြောလေးလံလုံးထွေးခြင်းကိုလည်း ဖြစ်စေပါတယ်။ အိပ်ဆေးသောက်ပြီး (၁)နာရီအတွင်း အိပ်ပျော်လေ့ ရှိတာကိုလည်း တွေ့ရှိရပါတယ်။အိပ်ဆေးသောက်ပြီး အိပ်ပျော်တာနဲ့ သဘာဝပုံမှန်အတိုင်း အိပ်ပျော်တာဟာ လုံလောက်တဲ့ အနားယူအိပ်စက်မှုကို ရရှိခံစားရတာချင်း မတူညီပါဘူး။ ဦးနှောက်ရဲ့ လုပ်ဆောင်ချက်တွေကို ဖိနှိပ်ထားပြီးမှ အိပ်ပျော်စေတဲ့ အိပ်ဆေးတွေက အိပ်စက်ခြင်းပုံစံကို ပြောင်းလဲသွားစေတတ်ပါတယ်။ လူတော်တော်များများ ချက်ချင်းလက်ငင်း ကြံုတွေ့ရတဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့ (အချို့သော ဆေးများ) နေ့ဘက်ငိုက်မျဉ်းခြင်း၊ နာမငြိမ်ဖြစ်ခြင်း တို့ကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် အိပ်ဆေးသောက်ပြီး ယာဉ်၊ စက်မောင်းနှင်မှု မပြုသင့်ပါဘူး။ သက်ကြီးရွယ်အိုတွေမှာ အာရုံထွေပြားခြင်း ဖြစ်ပေါ်စေနိုင်တာမို့ သက်ကြီးရွယ်အိုတွေအတွက သင့်တော်တဲ့အိပ်ဆေးကို ရွေးချယ်ပေးနိုင်ဖို့ အရေးကြီးလှပါသည်။
ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ် အလားအလာနှင့် အထူးသတိပြုသင့်သည်များ
အိပ်ဆေးတွေဟာ သောက်တဲ့ရက် နည်းနည်းကြာလာရင် အာနိသင်ထိရောက်မှု လျော့နည်းလာပြီး ဆေးပမာဏ ပိုတိုးသောက်ဖို့ လိုလာပါတယ်။ ဒါ့အပြင် အိပ်ဆေးတွေဟာ ရက်သတ္တပတ် အနည်းငယ်ထက် ပိုကြာပြီး ရေရှည်သုံးစွဲရင် စွဲလမ်းမှုကို ဖြစ်စေတတ်ပါတယ်။ နောက်ပြီး အိပ်ဆေးတွေကို ရုတ်တရက်ဖြတ်တောက်လိုက်ရင်လည်း စိတ်ပူပင်သောကများတာ၊ စိတ်လှုပ်ရှားမှုများတာ၊ အတက်ဝေဒနာနဲ့ အမြင်အကြားအာရုံဝေဝါးမှားယွင်းတာ၊ မရှိတာကို အရှိထင်မြင်ကြားတာတွေက ရံဖန်ရံခါ ဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ အိပ်မက်ဆိုးတွေနဲ့ ထူးဆန်းတဲ့အိပ်မက်တွေကိုလည်း မြင်မက်နိုင်ပါသေးတယ်။ ညအိပ်မပျော်ခြင်းဟာ နောက်တကျော့ပြန်ဖြစ်နိုင်ပြီး အိပ်ဆေးတွေကို ထပ်မံသုံးစွဲဖို့ အကြောင်းဖန်လာစေပါတယ်။ အကယ်၍ အိပ်ဆေးသောက်သုံးခြင်းက ကြာရှည်စွာသုံးစွဲပြီးမှ ရပ်ပစ်ဖြတ်ပစ်ချင်တယ်ဆိုရင် ဆရာဝန်တစ်ဦးတယောက်ရဲ့ အကြံဉာဏ်ကို ရယူပြီး ဖြတ်ခြင်းကသာ ဆေးဖြတ်ပြီး ဖြစ်ပေါ်ခံစားရနိုင်တဲ့ နောက်ဆက်တွဲအကျိုးဆက်တွေက ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။
Credit: New Guide to Medicine and Drugs ( ရောဂါနှင့်ဆေးဝါး )
Dr. Pearl ( 7887 Healthcare Call Center )