Print

ဆီးချိုဝေဒနာရှင်တွေ ခြေထောက်ကို ဘာကြောင့် ဂရုစိုက်သင့်ပါသလဲ

  24-Sep-2020
Preview Image

ဆီးချိုဝေဒနာရှင်တွေ ခြေထောက်ကို ဘာကြောင့် ဂရုစိုက်သင့်ပါသလဲ

         

ဆီးချိုဝေဒနာရဲ့ နောက်ဆက်တွဲဆိုးကျိုးများထဲတွင် အာရုံကြောထိခိုက်ခြင်း၊ သွေးလည်ပတ်မှု မကောင်းခြင်း ပါဝင်ပါသည်။ ထို့ကြောင့် အဆိုပါပြဿနာများသည် ခြေထောက်တွင် ထိခိုက်အနာဖြစ်လွယ်ပြီး ဖြစ်လာလျှင်လည်း ပိုမိုဆိုးရွားလာကာ နောက်ပိုင်းတွင် ကုသရန် ခက်ခဲလာပါသည်။

          ဆီးချိုဝေဒနာရှင်များ မတော်တဆ ခြေထောက်မှာ အနာဖြစ်ခဲ့လျှင် ဆေးကုသမှု သေချာခံယူရပါမည်။ အနာမကျက်တာကတစ်ဆင့် တစ်သျှူးများ ပျက်စီးကာ နောက်ပိုင်းမှာ အဆိုပါ တစ်သျှူးများကို ခွဲစိတ်ဖယ်ရှားမှု (သို့) ခြေထောက်ဖြတ်ခြင်း ပြုလုပ်ရတတ်ပါသည်။ ဆီးချိုရောဂါကုသမှုကို ကောင်းစွာခံယူမည်ဆိုလျှင် ဆီးချိုခြေထောက်အနာကတစ်ဆင့် ခြေထောက်ဖြတ်ရမည့်နှုန်း လျော့ကျသွားသည်ဟု ကျန်းမာရေးသုတေသန စစ်တမ်းများတွင် တွေ့ရပါသည်။

          အထက်မှာ ဆွေးနွေးခဲ့သလို ဆီးချိုရောဂါရှင်တွေမှာ ခြေထောက်အနာတရ ဖြစ်လွယ်ပါတယ်။ အဘယ့်ကြောင့်ဆိုသော်


၁။ အာရုံကြောပျက်စီးခြင်း

          နှစ်ပေါင်းများစွာ သွေးတွင်းသကြားဓာတ်မြင့်မားခြင်းကြောင့် ခြေလက်များမှာရှိတဲ့ အာရုံကြောလေးတွေ ပျက်စီးပြီး ဆီးချိုကြောင့်ဖြစ်သော အာရုံကြောရောဂါ (Diabetic Neuropathy) ဖြစ်တတ်ပါသည်။ အာရုံကြောထိခိုက်ခြင်းကြောင့် ဝေဒနာရှင်များသည် ပူလို့ ပူမှန်းမသိ၊ နာလို့ နာမှန်းမသိဘဲ မကြာခဏဆိုသလို ထိခိုက်ဒဏ်ရာရတတ်ပါသည်။

          ဥပမာ - ချွန်ထက်သောအရာတွေကို တက်နင်းမိလျှင်လည်း နာမှန်း မသိတဲ့အတွက်ကြောင့် ခြေထောက် ဒဏ်ရာရတတ်ပါသည်။


၂။ သွေးလည်ပတ်မှု မကောင်းခြင်း

          ဆီးချိုရောဂါနောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ ခြေလက်များမှာ သွေးလည်ပတ်စီးဆင်းမှု မကောင်းတဲ့အတွက်ကြောင့် ဆီးချိုဝေဒနာရှင်များတွင် ဒဏ်ရာအကျက်နှေးတတ်ပါသည်။ အနာဖြစ်ပြီးရင်လည်း တော်ရုံနဲ့ မပျောက်ဘဲ အချိန်ကြာတတ်ပါသည်။ ကြာလာတဲ့အခါ အသားတွေ ပုတ်တဲ့အထိ ဖြစ်တတ်ပါသည်။

ခြေထောက်ကို ဘယ်လိုဂရုစိုက်ရမလဲ

-       နေ့စဉ်နေ့တိုင်း ခြေထောက်ကို သေချာစွာ ကြည့်ရှု့စစ်ဆေးပေးပါ။ အရည်ကြည်ဖုတွေ ထိခိုက်ရှနာ၊ ပွန်းပဲ့ ဒဏ်ရာတွေ ရှိ၊ မရှိ သေချာကြည့်ပါ။

-       ခြေထောက်ကို သန့်ရှင်းစွာ ထားပါ။ ခြေချောင်းကြားများပါမကျန် နေ့စဉ်ဆေးကြောသန့်စင်ကာ သန့်ရှင်းခြောက်သွေ့စွာ ထားပါ။ Moisturizer (ရေစိုဓာတ်ပါသော ခရင်မ်) များလည်း အသုံးပြုနိုင်ပါသည်။

-       ဖိနပ်မပါဘဲ လမ်းမလျှောက်သင့်ပါ။ သင့်ခြေထောက်က အထိအတွေ့အာရုံခံစားမှု မကောင်းတဲ့အခါ အလွယ်တကူ ထိခိုက်မိနိုင်တာကြောင့် အိမ်နေရင်းပဲဖြစ်ဖြစ် အပြင်ကို လမ်းလျှောက်ထွက်ရင်ပဲဖြစ်ဖြစ် ဖိနပ်ကို အမြဲဝတ်ဆင်ထားသင့်ပါတယ်။ အိမ်မှာနေတဲ့အချိန်မှာ ခြေအိတ်၊ အိမ်တွင်းစီးဖိနပ်တို့ကို ဝတ်ဆင်ပါ။

-       ခြေအိတ်နှင့် ဖိနပ်ကို သေချာစွာရွေးချယ်ဝတ်ဆင်ပါ။ ကျပ်လွန်းချောင်လွန်းတာမျိုးကို ရှောင်ကြဉ်ပြီး ကိုယ့်ခြေထောက်နဲ့အတိဖြစ်မယ့် ဖိနပ်မျိုးကိုသာ ဝတ်ဆင်ပါ။ ခြေထောက်ကို ပွန်းလွယ်စေတဲ့ ခြေအိတ်မျိုး (ဥပမာ - နိုင်လွန်ခြေအိတ်) ကို မဝတ်ဆင်သင့်ပါ။

-       အပြင်ထွက်တဲ့အခါမှာ ခြေအိတ်ထူထူနဲ့ ပျော့ပြောင်းနူးညံ့တဲ့ ရှူးဖိနပ်တွေ ဝတ်ဆင်သင့်ပါတယ်။ ခြေထောက်ကို အလွန်အမင်းတင်းကျပ်နေတဲ့ ခြေအိတ်မျိုး၊ ဖိနပ်မျိုးတွေ အသုံးမပြုသင့်ပါ။

-       ခြေသည်းတွေကို ပုံမှန်ညှပ်ပါ။ ခြေစွယ်တွေ မရှိအောင် သတိထားပြီး ညှပ်ပေးသင့်ပါသည်။ ခြေသည်းညှပ်ရင်း အသားဝါ ညှပ်မိတာမျိုး မဖြစ်ပွားရအောင် ခြေသည်းတိုက်တံ အသုံးပြုပြီး ခြေသည်းရှည်မလာအောင် (ညှပ်စရာမလိုအောင်) နေ့စဉ်တိုက်ပေးလို့လည်း ရပါတယ်။

-       ခြေထောက်မှာ ဒဏ်ရာအနာတရ ရှိခဲ့ရင် ဆရာဝန်နှင့် ပြသတိုင်ပင်ပါ။

အကယ်၍များ ဆီးချိုရောဂါလည်း ရှိတယ်၊ ဆေးလိပ်လည်း သောက်တတ်တယ်ဆိုရင် သွေးလည်ပတ်မှုကို ပိုမိုထိခိုက်နိုင်ပါသည်။ ဒါကြောင့်လည်း ဆီးချိုရောဂါရှင်တွေကို ဆေးလိပ်ဖြတ်ဖို့၊ ဆေးလိပ်မသောက်ကြဖို့ တားမြစ်ရတာဖြစ်ပါတယ်။


Credit : ဒေါက်တာကျော်စွာဦး

 




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18