Print

ခြေသည်းလက်သည်းမှိုစွဲခြင်း

  06-Nov-2020
Preview Image

ခြေသည်းလက်သည်းမှိုစွဲခြင်း

          ခြေသည်းလက်သည်းမှိုစွဲခြင်းကို ဆေးပညာအားဖြင့် Onychomycosis လို့ခေါ်ပါတယ်။ ခြေသည်းလက်သည်းမှိုစွဲခြင်းဟာ ခြေသည်းလက်သည်းတွေမှာ အဖြူရောင်၊ အဝါရောင်အစက်အပြောက်ကလေးတွေကနေ စတတ်ပါတယ်။ မှိုစွဲတာများလာတဲ့အခါ လက်သည်းထဲကို ခပ်နက်နက်ကူးစက်သွားတဲ့အခါမှသာ ခြေသည်းလက်သည်းတစ်ခုလုံး အရောင်ပြောင်းသွားတာ၊ ထူထူပွပွကြီးဖြစ်လာတာ၊ ကြေမွပျက်စီးလာတာ စသဖြင့် ဖြစ်ပေါ်လာပါတယ်။ လက်သည်းထက် ခြေသည်းတွေမှာ ပိုပြီး အဖြစ်များပါတယ်။

          သင့်ရဲ့ခြေသည်းလက်သည်းအခြေအနေက အရမ်းမဆိုးရွားဘူးဆိုရင်၊ သင့်ကို စိတ်အနှောက်အယှက်မဖြစ်စေဘူးဆိုရင် ကုသစရာမလိုအပ်ပါဘူး။ မှိုစွဲနေတဲ့ခြေသည်းလက်သည်းက နာကျင်မှုခံစားရတဲ့အခါ၊ ထူထူပွပွကြီးဖြစ်ပြီး အမြင်မတင့်တော့ဘူးဆိုရင်တော့ မိမိဘာသာ ဂရုစိုက်တာ၊ ဆေးစားဆေးလိမ်းတာတွေ လိုအပ်ပါမယ်။ ဒါပေမယ့် ကုသလို့ပျောက်သွားပြီးတောင်မှ ခြေသည်းလက်သည်းမှိုစွဲခြင်းဟာ ဖြစ်စေတဲ့အကြောင်းတွေရှိနေသေးရင် ပြန်ဖြစ်တတ်ပါတယ်။

          ခြေသည်းလက်သည်းမှိုစွဲခြင်းရဲ့ လက္ခဏာတွေကတော့ ခြေသည်းလက်သည်းထူထူပွပွကြီးဖြစ်လာခြင်း၊ အဖြူရောင်ကနေ အဝါရောင် အညိုရောင်ဖက် ပြောင်းလာခြင်း၊ ခြေသည်းလက်သည်းကြွပ်ဆတ်လာခြင်း၊ ပုံပျက်လာခြင်း၊ လက်သည်းအောက်မှာ အညစ်အကြေးတွေစုလာပြီး လက်သည်းမည်းနက်လာခြင်း၊ အနံ့ဆိုးထွက်ခြင်း တို့ပဲဖြစ်ပါတယ်။

          အသက်အရွယ်အိုမင်းလာသူများ၊ ခြေချောင်းလက်ချောင်းလေးများကို သွေးထောက်ပံ့မှုနည်းစေနိုင်တဲ့ရောဂါရှိသူများ၊ မှိုပိုးရှိသည့်ပစ္စည်းများကို ထိတွေ့ကိုင်တွယ်ရသူများ၊ အဆမတန်ချွေးထွက်တတ်သူများ၊ အများသူငါသွားလာများသည့် စိုစွတ်တဲ့နေရာများကို ခြေဗလာနှင့်သွားမိတတ်သူများ၊ ဆီးချိုရောဂါရှိသူများ၊ ခုခံအားနည်းသူများ၊ သွေးကြောနှင့်ဆိုင်သည့် ရောဂါရှိသူများ စသူတို့တွင် ခြေသည်းလက်သည်းမှိုစွဲခြင်း အဖြစ်များပါတယ်။

          ဆိုးရွားတဲ့ခြေသည်းလက်သည်းမှိုစွဲခြင်းမျာဆိုရင် နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ ခြေသည်းလက်သည်းပျက်စီးသွားပြီး လုံးဝပြန်မပေါက်နိုင်တော့ခြင်းဖြစ်စေနိုင်ပါတယ်။ ဆီးချိုရောဂါရှိသူများနဲ့ ခုခံအားနည်းသူများမှာ ခြေသည်းလက်သည်းမှတဆင့် အခြားပိုမိုဆိုးရွားတဲ့ ပိုးဝင်ခြင်းများကို ဖြစ်စေနိုင်ပါတယ်။

          ခြေသည်းလက်သည်းမှိုစွဲခြင်းကို ကုသရာမှာ မှိုပိုးသတ်တဲ့ သောက်ဆေးနဲ့ကုသခြင်းရှိပါတယ်။ ဆေးကို အနည်းဆုံး ၆ပတ်သောက်ရန်လိုအပ်ပါတယ်။ Medicated nail polish လို့ခေါ်တဲ့ မှိုပိုးစွဲနေတဲ့ခြေသည်းလက်သည်းကို ဆေးနဲ့တိုက်ချွတ်အရောင်တင်တဲ့နည်းနဲ့လည်း ကုသလို့ရပါတယ်။ နောက်တစ်နည်းကတော့ မှိုပိုးသတ်တဲ့ လိမ်းဆေးလိမ်းခြင်းဖြစ်ပါတယ်။ ခြေသည်းလက်သည်းကို သေချာဆေးကြောပြီးမှ လိမ်းသင့်ပါတယ်။ ဒီနည်းတွေနဲ့မှမရရင်တော့ မှိုပိုးစွဲနေတဲ့ ခြေသည်းလက်သည်းတစ်ခုလုံးကို ခွါပစ်တဲ့နည်းနဲ့ ကုသရပါမယ်။ အများအားဖြင့် ပိုးကူးစက်မှုဆိုးရွားရင်ပဲဖြစ်ဖြစ်၊ အလွန်အမင်းနာကျင်မှုဝေဒနာခံစားရစေရင်ပဲဖြစ်ဖြစ် သုံးပါတယ်။

          ခြေသည်းလက်သည်းမှိုမစွဲစေရန် ပုံမှန်ဆေးကြောသန့်ရှင်းပြီး Moisturizer ပါတဲ့ Lotion တစ်မျိုးနဲ့ လိမ်းပေးပါ။ အထူးသဖြင့် မှိုရှိနိုင်တဲ့အရာဝတ္ထုတွေကို ထိတွေ့ကိုင်တွယ်တဲ့အခါမှာ သေချာဆေးကြောသင့်ပါတယ်။ ခြေသည်းလက်သည်းညှပ်ပြီးတဲ့အခါမှာ ထောင့်စွန်းတွေကို ချောသွားအောင်ပွတ်တိုက်စားပေးပါ။ ထူထူပွပွဖြစ်နေတဲ့နေရာကိုလည်း ပွတ်တိုက်စားပေးပါ။ လက်သည်းညှပ်ကိုလည်း သန့်ရှင်းပေးပါ။ ခြေအိတ်ဝတ်တဲ့အခါမှာလည်း ချွေးစုပ်ယူမှုကောင်းတဲ့ ခြေအိတ်ကို ဝတ်ဆင်ပါ။ ရှူးဖိနပ်စီးတဲ့အခါမှာလည်း လေဝင်လေထွက်ကောင်းတဲ့ ရှူးဖိနိပ်ကို စီးပါ။ ဖိနပ်များကိုလည်း မှိုပိုးသတ်ဆေးအမှုန့်နဲ့ ပုံမှန် သန့်ရှင်းပေးပါ။ စိုထိုင်းတဲ့ လူသွားလူလာများတဲ့နေရာတွေကိုသွားရင် ဖိနပ်သေချာစီးပါ။ ဒါတွေကို သေချာဂရုစိုက်ခြင်းအားဖြင့် ခြေသည်းလက်သည်းမှိုမစွဲအောင် ကာကွယ်လို့ရပါတယ်။

 

Reference- Mayoclinic

Dr.Lwin Moe Kyaw



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18