Print

သွားနုတ်ပြီးနောက် လိုက်နာရမည့်အချက်များ

  22-Sep-2017
Preview Image


သွားနုတ်ပြီးရင်လိုက်နာရမယ့် အချက်တွေကတော့ သွားနုတ်ပြီးတဲ့အခါ ဂွမ်း ဒါမှမဟုတ် ပတ်တီးစ ဒါမှမဟုတ် Gauze ကို ဆရာဝန်တွေက ထည့်ပေးပြီး ကိုက်ခိုင်းတတ်ပါတယ်။ အဲဒီကိုက်ခိုင်းတဲ့ Gauze ကို ဘယ်အချိန်ထိ ကိုက်ရမလဲဆိုတော့ အနည်းဆုံးတစ်နာရီထိ ကိုက်ထားသင့်ပါတယ်။ တစ်နာရီခွဲလောက်ထိ ကိုက်နိုင်ရင်တော့ ပိုကောင်းပါတယ်။ အရင်တုန်းက ဆရာတို့ရဲ့ ဆရာတွေသင်ကြားတာကတော့ သွေးခဲဖို့အတွက် ဆယ်မိနစ်လောက်ကြာတယ်လို့ ပြောပါတယ်။ ဒီတော့ ဆယ်မိနစ်လောက် ကိုက်ထားပြီး သွေးခဲသွားပြီဆိုရင် စိတ်ချရတယ်လို့ ပြောပေမယ့် အခုနောက်ပိုင်း အတွေ့အကြုံတွေအရဆိုရင် သွေးခဲဟာ မမာသေးတဲ့အတွက် စိတ်မချရပါဘူး။ ဒါကြောင့် သွေးကောင်းကောင်းခဲဖို့အတွက် Gauze ကို ကြာကြာလေး ကိုက်ထားနိုင်မယ်ဆိုရင်  သွေးခဲက ခပ်ပေါ့ပေါ့ သွေးခဲဖြစ်နေပြီး မြန်မြန်ကျွတ်လွယ်တဲ့အတွက် သွေးထွက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။


 ဒါကြောင့် Gauze ကို တစ်နာရီ၊ တစ်နာရီခွဲလောက်ထိ နာနာလေးဖိကိုက်ထားဖို့လိုပါတယ်။ နောက် ဒီလိုအချိန်မျိုးမှာ စကားသိပ်မပြောရပါဘူး။ စကားပြောတဲ့အခါ ပါးစပ်က ဖွင့်လိုက်၊ ပိတ်လိုက်ဖြစ်နေတဲ့အတွက် ကိုက်ထားတဲ့ဂွမ်းတို့၊ Gauze တို့က လျော့နည်းသွားတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် နာရီကြည့်ပြီး ကိုက်နိုင်ရင်တော့ ပိုကောင်းပါတယ်။ စိတ်မှန်းနဲ့ တစ်နာရီလောက်တော့ရှိပြီး မှန်းရင် စိတ်မှန်းဆိုတာက လွဲတတ်ပါတယ်။ ဒါကြောင့် နာရီကိုကြည့်ပြီး သေချာကိုက်ထားသင့်ပါတယ်။  နောက် တံတွေးတွေကို ငုံမထားရပါဘူး။ တံတွေးတွေကို ပါးစပ်ထဲမှာ ငုံထားမယ်ဆိုရင် သွေးနဲ့တံတွေးတွေ ရောပြီးမြင်ရတဲ့အခါ စိတ်ကလန့်ပြီး သွေးတွေထွက်တယ်လို့ပဲ ထင်တတ်ပါတယ်။ ဒါကြောင့် တံတွေးတွေကို မျိုချရပါမယ်။ တံတွေးကို မထွေးရပါဘူး။ အမှန်တော့တံတွေးဆိုတာမျိုးက ထွေးရမယ့်အရာမျိုးလည်း မဟုတ်ပါဘူး။ ပုံမှန်ရောဂါမရှိတဲ့ သူတစ်ယောက်ဆိုရင် တံတွေးကို မထွေးပါဘူး။ တံတွေးခဏခဏထွေးနေရင်လည်း အဲဒါပုံမှန်မဟုတ်ပါဘူး။ ပုံမှန်က တံတွေးထွက်လာတယ်ဆိုရင် မသိမသာနဲ့ မျိုချကြတာပါပဲ။ ဒါကြောင့် သွားနုတ်ပြီးရင် ပိုဂရုစိုက်ရပါမယ်။ လုံးဝတံထွေးမထွေးပါနှင့်။ ငုံမထားပါနဲ့။ တံတွေးတွေကို မျိုချပေးပါ။ 


 နောက်တစ်ခုကတော့ ဂွမ်းတို့၊ Gauze တို့ကို ကိုက်ထားပြီး ထုတ်လိုက်တဲ့အခါမှာ သွားနုတ်တဲ့နေရာကို လျှာနဲ့ သွားထိုးကြည့်တာတို့၊ လက်နဲ့နှိုက်ကြည့်တာတို့တွေ မလုပ်ရပါဘူး။ ဒီလိုလုပ်ကြည့်လို့ သွေးခဲပျက်သွား မယ်ဆိုရင် သွေးပြန်ထွက်တတ်ပါတယ်။ ဒါကြောင့် လျှာနဲ့ထိုးတာတို့၊ လက်နဲ့နှိုက်တာတို့တွေ မလုပ်ရပါဘူး။ နောက် ဂွမ်းစကို တစ်နာရီလောက်ကိုက်ထားပြီး ထုတ်လိုက်ပြီးတဲ့အချိန်မှာ ရေတို့၊ အအေးတို့ သောက်လို့ရ ပါတယ်။ ဒါပေမဲ့ အပူကိုတော့ သောက်လို့မရပါဘူး။ နောက်သောက်တဲ့အခါမှာလည်း ပိုက်နဲ့စုပ်ပြီး မသောက်ရပါဘူး။ ရိုးရိုးပဲသောက်ရပါမယ်။ ပိုက်နဲ့စုပ်ပြီး သောက်တဲ့အခါ Negative pressure တွေက ပါးစပ်ထဲမှာဖြစ်ပြီးသွေးခဲကိုဆွဲထုတ်သလိုဖြစ်တတ်တဲ့အတွက် သွေးထွက်တတ်ပါတယ်။  နောက်သွားနုတ်တဲ့နေ့မှာ ဆေးလိပ်မသောက်ရပါဘူး။ ဆေးလိပ်သောက်တဲ့အခါ ဆေးလိပ်ကို ဖွာတာတို့၊ စုပ်ပြီးရှိုက်သွင်းတာတို့တွေ လုပ်တဲ့အခါ သွေးခဲတွေကို ပျက်သွားစေတဲ့အတွက် သွေးထွက်တတ်ပါတယ်။ သွားမနုတ်ခင်မှာ လေ့ကျင့်ခန်းအပြင်းအထန် မလုပ်သင့်သလို သွားနုတ်ပြီးရင်လည်း လေ့ကျင့်ခန်း အပြင်းအထန်လုပ်တာမျိုး မလုပ်ရပါဘူး။ တချို့က အားကစားလုပ်တာ အပျက်မခံချင်ဘူးဆိုတာမျိုး ရှိတတ်ပေမယ့် သွားမနုတ်ခင်နှင့် သွားနုတ်ပြီးတဲ့အချိန်မှာတော့ မလုပ်သင့်ပါဘူး။


 နောက်တစ်ခုကတော့ သွားနုတ်ပြီးပြီဆိုရင် သွားတိုက်ချင်၊ ပလုတ်ကျင်းချင်ကြပါတယ်။ တကယ်တော့ သွားနုတ်တဲ့နေ့မှာ ပလုတ်ကျင်းတာ၊ တံတွေးထွေးတာ၊ တံတွေးငုံတာ၊ သွားတိုက်တာမျိုးတွေ မလုပ်ရပါဘူး။ သွားနုတ်တဲ့နေ့ကနေ ၂၄ နာရီကျော်တဲ့အထိ ပလုတ်ကျင်းတာမျိုး၊ သွားတိုက်တာမျိုး မလုပ်တာအကောင်းဆုံးပါပဲ။ တကယ်လို့ မနေနိုင်ဘူးဆိုရင် ပါးစပ်ကို သွားတိုက်ဆေးလေးနဲ့ နည်းနည်းပွတ် ရေလေးကိုငုံပြီး ထွေးရုံလေး ထွေးလို့ရပါတယ်။ ဒါကလည်း ၂၄ နာရီကျော်မှလုပ်ရမှာပါ။ တချို့က ပလုတ်ကျင်းတဲ့အခါ ပါးစပ်ထဲမှာ အသံမြည်အောင် ကျင်းတတ်တဲ့ အလေ့အကျင့်ရှိပြီး ကြမ်းကြမ်းတမ်းတမ်း လုပ်တတ်ကြပါတယ်။ နောက်ထွေးထုတ်တဲ့အခါမှာလည်း အရမ်းကြီးအသံမြည်အောင် ထွေးထုတ်တာမျိုး မလုပ်ရပါဘူး။ သွားနုတ်ပြီးတဲ့အခါမှာ ဆရာဝန်တွေက ဆေးတွေပေးထားတာရှိတတ်ပါတယ်။ ဒီလိုပေးတဲ့အခါ ပေးတဲ့အတိုင်း ဆေးတွေကိုသောက်ဖို့လိုပါတယ်။ ဆေးတွေ မသောက်ဘူးဆိုရင် ပိုးဝင်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီတော့ ပဋီဇီဝဆေးတွေပေးတဲ့အခါ ပေးတဲ့အတိုင်း ဆေးပတ်လည်အောင် သောက်ခိုင်းတဲ့အတိုင်း သောက်ဖို့လိုပါတယ်။ ဆေးတွေမသောက်ဘူးဆိုရင် ပိုးဝင်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီတော့ ပဋီဇီဝဆေးတွေပေးတဲ့အခါ ပေးတဲ့အတိုင်း ဆေးပတ်လည်အောင် သောက်ခိုင်းတဲ့အတိုင်း သောက်ဖို့လိုပါတယ်။ မသောက်ဘဲနှင့်ထားမယ်ဆိုရင် သွေးခဲတွေထဲကို  ပိုးက အရမ်းဝင်လို့လွယ်ပါတယ်။ နောက် သွေးခဲထဲမှာ ပိုးတွေရောက်ပြီး သွေးခဲတွေပျက် အရိုးထိရောက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဆေးပေးထားရင် ဂရုစိုက်ပြီး သောက်ဖို့လိုပါတယ်။ 


 နောက် သွားနုတ်ပြီးတဲ့အခါ တချို့က ချုပ်ဖို့လိုတယ်ဆိုရင် ချုပ်ထားတာမျိုးရှိပါတယ်။ ချုပ်ရိုးဟာ အလိုလိုပျော်သွားတဲ့ချုပ်ရိုးနဲ့ ချုပ်ထားတယ်ဆိုရင် ချုပ်ရိုးမဖြေလည်း အချိန်တန်ရင် ပျော်သွားပါတယ်။ ဒါပေမဲ့ ပျော်သွားမယ့် ချုပ်ရိုးမျိုး မဟုတ်ဘူးဆိုရင်တော့ ချုပ်ရိုးကို သွားပြီးဖြုတ်သင့်ပါတယ်။ နောက် ဖြစ်တတ်တာကတော့ သွားနုတ်ပြီး ချုပ်ထားတဲ့အခါ ပါးစပ်ကို ဟကြည့်မယ်ဆိုရင် အဲဒီနေရာမှာ အဖြူဖတ်တွေ ကပ်နေတာ တွေ့ရတတ်ပါတယ်။ ဒီတော့ ပြည်တည်တာလားဆိုပြီး စိုးရိမ်စိတ်တွေ များတတ်ပါတယ်။ များသောအားဖြင့် ချုပ်ရိုးတွေရှိတဲ့အခါ အစာတွေက ကပ်ငြိနေပြီး ပြည်တွေလို ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် အတတ်နိုင်ဆုံး အစာစားတဲ့အခါ အစာတွေက ကပ်ငြိနေပြီး ပြည်တွေလို ဖြစ်နေတတ်ပါတယ်။ ဒါကြောင့်အတတ်နိုင်ဆုံး အစာစားတဲ့အခါ သွားနုတ်တဲ့ဘက်က မစားဘဲနဲ့ မနုတ်တဲ့ဘက်ကနေ စားဖို့လိုပါတယ်။ ငြိလွယ်တဲ့ ဥပမာ နို့ဆိုရင် နို့ဖတ်တို့၊ နို့ခဲတို့တွေ ကပ်နေတတ်ပါတယ်။ နောက် ပျစ်ပျစ်နှစ်နှစ် ချက်ထားတာမျိုးတွေက ကပ်ငြိတတ်ပါတယ်။ ဒါကြောင့် ဒီလိုမျိုးအစားအစာတွေကို မစားဘဲနဲ့ ကျဲကျဲပျော့ပျော့ လုပ်ထားတာမျိုးတွေကို စားသင့်ပါတယ်။ နောက်တစ်ခု အရေးကြီးတာက အရက်သောက်တာပါပဲ။ တချို့က သွားနုတ်ပြီးတဲ့အခါ အရက်သောက်လို့ ရမလားလို့ မေးတတ်ကြပါတယ်။ အရက်ကလည်း ၂၄ နာရီ မကျော်မချင်း မသောက်တာ အကောင်းဆုံးပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ အရက်က သွေးကြောတွေကို ကျယ်လာစေပါတယ်။ ဒီလို ကျယ်လာပြီး သွေးခဲတဲ့နေရာမှာရှိတဲ့ သွေးကြောတွေကို ကျယ်သွားပြီး သွေးတိုးရောဂါရှိတယ်ဆိုရင် သွေးတိုးနှုန်းနဲ့ သွေးခဲတွေက ပြုတ်သွားတတ်ပါတယ်။ ဒါကြောင့် သွေးကြောတွေ ကျယ်မလာအောင် အရက်မသောက်တာအကောင်းဆုံးပါပဲ။ 


သွားနုတ်ပြီးနောက် စားသင့်သည့်အစားအစာ

 သွားနုတ်ပြီးတဲ့အခါ ဘယ်လိုအစားအစာမျိုး စားရမလဲဆိုတာမျိုး မေးတတ်ကြပါတယ်။ အကောင်းဆုံးကတော့ ဝါးမစားရဘဲ မျိုချနိုင်တဲ့ အစားအစာတွေက အကောင်းဆုံးပါပဲ။ မြန်မာလူမျိုးတွေက အစာပျော့ပျော့စားရမယ်ဆိုရင် ဘာကိုပြေးမြင်လဲဆိုတော့ မုန့်ဟင်းခါးကို ပြေးမြင်ကြပါတယ်။ မုန့်ဟင်းခါးဆိုတာကလည်း ပူမှစားကောင်းတဲ့အရာမျိုးပါ။ နောက် မုန့်ဟင်းခါးစားရင် အကြော်နဲ့ပါစားတတ်ကြတော့  အကြော်က မာတဲ့အတွက် တတ်နိုင်မယ်ဆိုရင်တော့ မုန့်ဟင်းခါးကို မစားပါနှင့်။ ကောင်းတာကတော့ ဆန်ပြုတ်က အကောင်းဆုံးပါပဲ။ ဆန်ပြုတ်ကို အအေးခံပြီးစားပါ။ နောက် ပူတင်းတို့၊ ဂျယ်လီတို့ ဒီအစားအစာတွေက ထိခိုက်မှုနည်းတဲ့အတွက် စားလို့ရပါတယ်။ အအေးသောက်မယ်ဆိုရင်လည်း ဖန်ခွက်ထဲထည့်ပြီး သောက်လို့ရပါတယ်။ ပိုက်နဲ့ စုပ်ယူပြီးတော့ မသောက်ရပါဘူး။ တချို့က ဖန်ခွက်နဲ့သောက်တာထက် ပိုက်နဲ့စုပ်ပြီး သောက်တာက ပိုကောင်းနိုင်တယ်လို့ ထင်ကြပါတယ်။ 


ကျန်ရှိနေသည့် အထူးရှောင်ရမည့်အချက်များ

 သွားနုတ်ပြီး တစ်ရက်၊ နှစ်ရက်အတွင်းမှာ မလုပ်သင့်တာကတော့ ဘောလုံးမှုတ်တာမျိုးပါ။ တချို့က ကလေးတွေက ဘောလုံးမှုတ်ပေးဆိုလို့ မှုတ်ပေးတာမျိုးတွေ ရှိတတ်ပါတယ်။ တကယ်လို့ အပေါ်သွားတွေ နုတ်ထားတယ်ဆိုရင် ပိုပြီး ဂရုစိုက်ဖို့လိုပါတယ်။ နောက် နှပ်ညှစ်တဲ့အခါ ဒီအတိုင်းညှစ်ပြီး သုတ်ဖို့လိုပါတယ်။ နားခေါင်းကိုလက်နဲ့ အရမ်းပိတ်ပြီး ညှစ်တာမျိုး၊ ပါးစပ်ကိုပိတ်ပြီး ညှစ်တာမျိုးတွေ မလုပ်ရပါဘူး။ ဒီလိုလုပ်ရင် အတွင်းမှာလေအားတွေ များသွားပြီး သွားနုတ်တဲ့နေရာက နှာခေါင်းဘေးအခေါင်းလေးနဲ့ ဆက်နေတဲ့အတွက် လေအားကြောင့် ပေါက်သွားတတ်ပါတယ်။ ဒါကြောင့် ဒီလိုလုပ်တာတွေကို အထူးရှောင်ကြဉ်ဖို့လိုပါတယ်။


Credit: Prof : Dr.Ko Ko Moung 

By Dr.Hein



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18