လက်သည်းဆိုးဆေးနှင့် လက်သည်းသုံးပစ္စည်းများကြောင့် ဓာတ်မတည့်ခြင်း
20-Nov-2017၁။ လက်သည်းဖျက်ဆေး၊ လက်သည်း အရောင်တင်ဆေး၊ လက်သည်းမာဆေး၊ လက်သည်းပုံဖော်ဆေး၊ လက်သည်းအတု စသောလက်သည်းအတွက်သုံးသည့် အသုံးအဆောင်များ၊ လက်သည်းဆေး စသောအလှပြင်ပစ္စည်းများသည် ဓာတုပစ္စည်းများ ဖြစ်ပါသည်။
၂။ ဓာတုပစ္စည်းဖြစ်သည်နှင့်အညီ ဓာတ်မတည့်မှုဖြစ်ပွားမှုနှုန်းများလည်း ဆံပင်ဆိုးဆေးဓာတ်မတည့်မှုပြီးလျှင် ဒုတိယဓာတ်မတည့်မှု အများဆုံးဖြစ်ပါသည်။
၃။ လက္ခဏာများမှာ - အရေပြားယားယံခြင်း၊ အရေပြားနီမြန်းခြင်း၊ ခြောက်သွေ့ခြင်း၊ အကြေးခွံလေးများဖြစ်ပြီး၊ အရောင်ပြောင်းလဲခြင်း၊ အကွက်များဖြစ်ခြင်း၊ ဖောင်းမို့ခြင်း၊ အရည်ကြည်အိတ်လေးများဖြစ်ခြင်း၊ အရေပြားကွဲကြောင်းများဖြစ်ခြင်း၊ ပူစပ်ပူလောင်ဖြစ်ခြင်းများကို တွေ့နိုင်ပါသည်။ အပိမ့်များဖြစ်သော အင်ပျဉ်လည်း ဖြစ်တတ်ပါသည်။ လက်သည်းဆိုးပြီးနောက် - ချက်ချင်း သို့မဟုတ် ရက်အနည်းငယ်ကြာမှ ဓာတ်မတည့်မှုလက္ခဏာများ တွေ့ရတတ်ပါသည်။
၄။ လက်သည်းနားရှိ အရေပြားရောင်ရမ်းခြင်း၊ ဓာတ်မတည့်မှုဖြစ်ခြင်း၊ အရေပြားခြောက်သွေ့ခြင်းအပြင် လက်ချောင်းများပါ ရောင်ရမ်းခြင်း၊ နီမြန်းယားယံခြင်း ဖြစ်တတ်သည်။ လက်သည်းဝါခြင်း၊ ညစ်ခြင်းစသော လက်သည်းအရောင်ပြောင်းခြင်း၊ ကျိုးလွယ်ခြင်း၊ ကြွပ်ဆတ်ခြင်း၊ အစင်းအကြောင်းများပေါ်ခြင်းတို့လည်း ဖြစ်စေပါသည်။ လက်သည်းရှိ အဖြူကွင်းလေးဖြစ်သော cuticles ကတော့ ရောင်လာတတ်ပြီး ဖိရင်နာတတ်ပါသည်။
၅။ မျက်ခွံ၊ မျက်နှာ၊ ကိုယ်၊ လက်၊ နားရွက်နားရှိ အရေပြားတွင်လည်း ဓာတ်မတည့်မှု တွေ့နိုင်ပါသည်။
၆။ တစ်ခါတစ်ရံ လက်သည်းနား အရေပြားတွင် ပြောင်းလဲခံစားရခြင်းမရှိဘဲ၊ မျက်ခွံမှာ ပထမဆုံး လက်သည်းသုံးပစ္စည်း ဓာတ်မတည့်ခြင်းကို တွေ့ရတတ်သည်။ မျက်ခွံတစ်ဝိုက်မည်းခြင်း၊ ယားခြင်း၊ မျက်လုံးယားခြင်း၊ နီနေခြင်း၊ မျက်ရည်ကျခြင်းတို့မှာ ထိပ်ကပ်နာနှင့် မျက်နှာသိုး အရေပြားအလှပြင်ပစ္စည်းများကြောင့် ဖြစ်နိုင်သကဲ့သို့ လက်သည်းသုံးပစ္စည်းများကြောင့် ဖြစ်နိုင်သည်ကိုလည်း သတိထားစေချင်ပါသည်။
၇။ လက်သည်းဆိုးဆေး အဖုံးကို ဖွင့်လိုက်လျှင် လက်သည်းဆိုးဆေးရနံ့ကို ရှူမိပါသည်။ ဓာတုပစ္စည်းများနှင့် ဆိုးဆေး၊ လက်သည်းဖျက်ဆေး ရနံ့များဖြစ်ပါသည်။ ၎င်းတို့သည် ဓာတ်မတည့်မှု ပန်းနာရင်ကျပ်လို အသက်ရှူကျပ်မှု ဖြစ်တတ်ပါသည်။ လက်သည်းဆိုးဆေး မတည့်ပါက လက်သည်းအရောင်တင်ဆေး၊ လက်သည်းမာဆေးများတွင်လည်း တူညီသော ဓာတုပစ္စည်း မွှေးရနံ့များပါသောကြောင့် ဓာတ်မတည့်သော cross-reactivity ဓာတ်မတည့်ခြင်းလည်း ဖြစ်တတ်သည်။
၈။ အနီရောင် လက်သည်းဆိုးဆေးမှာပါသည့် ကာမိန်းဆိုသော ဓာတုပစ္စည်းက beetles ပိုးကောင်လေးတွေက ထုတ်ထားတာဖြစ်ပြီး၊ ထိတွေ့ဓာတ်မတည့်ခြင်းကို ဖြစ်စေပါသည်။ ကာမိန်းက အနီရောင်နှုတ်ခမ်းနီနှင့် မျက်ခွံဆိုးဆေးများမှာလည်း ပါသည်။ ကာမိန်းပါးစပ်ထဲဝင်ရင်၊ ရှူမိရင် ပိုဆိုးသည့်ဓာတ်မတည့်မှုများကို ဖြစ်စေပါသည်။ လက်သည်းဗက်တီးရီးယားပိုးဝင်ခြင်းကတော့ လက်သည်းဆိုးဆေးကြောင့် အရေပြားကွဲနေသောအခါ၊ လက်သည်းအောက် အရေပြားနှင့် လက်သည်းဘေးအန္တရာယ်များကို ထိခိုက်မိသောအခါ လက်သည်းစထွက်သည့်နေရာကို ထိခိုက်သောအခါ ဖြစ်တတ်ပါသည်။ လက်သည်းတုအရှည်ကို စွပ်ထားသောအခါ လက်သည်းတုအောက် အရေပြားနေရာတွင် ဘက်တီးရီးယားပိုးများ ခိုအောင်းပြီး ပိုးဝင်တတ်ပါသည်။
၉။ လက်သည်းအတုတွေ ပုံပျက်လာပြီး ခွာလို့မလွယ်သောအခါမှာ လက်သည်း ပျက်စီးစေပါသည်။ လက်သည်းအတုကြောင့် မျက်လုံးနှင့် အခြားနေရာမှာ အရေပြားများ ထိခိုက်ဒဏ်ရာရနိုင်ပါသည်။ လက်သည်းသုံးဓာတုပစ္စည်းများကြောင့် နဂိုရှိနေသော အရေပြားရောဂါများဖြစ်သော ဆိုရီယေးစစ်အရေပြားရောဂါ၊ တုံံပြန်လွယ်သော အရေပြားရောဂါများ ပိုဆိုးတတ်ပါသည်။
၁၀။ ခေါင်းကိုက်ခြင်း၊ အသက်ရှူကျပ်ခြင်း၊ ချောင်းဆိုးခြင်း၊ လက်ပင်းနာခြင်းများကို ဖြစ်စေပါတယ်။
၁၁။ ကုသနည်း
လက်သည်းပစ္စည်း ဓာတ်မတည့်မှုဖြစ်သည့်အခါ၊ မတည့်သောပစ္စည်းကို ပြောင်စင်အောင် ဖယ်ပါ။ ရေစင်စင်ဆေးပါ။ နောက်တစ်ခါ မသုံးဖြစ်အောင် တတ်နိုင်သမျှရှောင်ပါ။ လက်သည်း သန့်ရှင်းရန် ဂရုစိုက်ပါ။ အရောင်ကျဆေး၊ အယားသက်သာစေသော ဆေးများနှင့်ဓာတ်မတည့်မှု သက်သာစေမည့် ဆေးများသောက်ပါ။ လိုအပ်လျှင်အရေးပေါ်ဌာန၊ ပြည်သူ့ဆေးရုံသို့ သွားပါ။
၁၂။ အထူးသတိပေးခြင်း
အရေပြားရှိသွေးကြောထဲတွင် ဓာတ်မတည့်မှု ဓာတုပစ္စည်းကို အမှတ်ရကာ တုံ့ပြန်မှု စတင်လှုံ့ဆော်ပေးသော memory cells T-lymphocytes လေးများ အမြဲအသင့်ရှိနေပါသည်။ ထို့ကြောင့် ဓာတ်မတည့်မှုဖြစ်စေသော လက်သည်းသုံး အလှပြင်ပစ္စည်းကို ရှောင်သည့်နည်းက အကောင်းဆုံးဖြစ်သည်။ လက်သည်းဆိုးသောအခါ ဖျက်သောအခါ ဘေးနားရှိအရေပြားကို မထိခိုက်မိအောင် တတ်နိုင်သမျှ ဂရုစိုက်သင့်ပါတယ်။ လက်သည်းတု တပ်ထားလျှင် သန့်ရှင်းရေး ဂရုစိုက်သင့်ပါသည်။ ထိခိုက်ဒဏ်ရာ မရအောင် သတိထားပါ။ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးများ လက်သည်းဆိုးဆေးဆိုးခြင်းကို ရှောင်သင့်ပါသည်။
၁၃။ အန္တရာယ်များသော ဓာတုလက်သည်းဆိုးဆေးများမပါပဲ သဘာဝအတိုင်း ပန်းနုရောင်ဖြင့် လှပနိုင်ပါသည်။ သဘာဝပန်းနုရောင် လက်သည်းလေးများဖြစ်ရန် လက်သည်းသန့်ရှင်းရေးကို ဂရုစိုက်ပါ။ ရေနွေးလေးဖြင့် စိမ်ပြီး၊ ဆပ်ပြာဖြင့် ညင်သာစွာဆေးပါ။ အပတ်စဉ် လက်သည်းမှန်မှန်ညှပ်ပါ။ လက်သည်းသာမက လက်သည်းအောက် လက်သည်းကြားထဲ သန့်ရှင်းရေး ဂရုစိုက်ပါ။ အာဟာရအနေဖြင့် ဗီတာမင်စီ၊ ကယ်လ်စီယမ်၊ ပရိုတိန်း မျှတအောင်စားပါ။ လိမ္မော်သီး၊ ဂရိတ်ဖရု၊ ပန်းသီးကဲ့သို့ ဗီတာမင်စီနှင့် ပဲအမျိုးမျိုး အစေ့အဆန် စားပါ။ ဗီတာမင် စားပါ။ လက်သည်း တိုလွန်းအောင် မညှပ်ပါနှင့်။ ခြေသည်းများ မထိခိုက်အောင် တော်သောဖိနပ်စီးပါ။ ချွေးစို၊ မိုးစိုသော ဖိနပ်များ မစီးပါနှင့်။ လေ့ကျင့်ခန်း၊ အားကစားလုပ်ရာတွင် Walking shoes / running shoes သုံးပါ။ ဖိနပ်မပါဘဲ လမ်းမလျှောက်ပါနှင့်။
လက်သည်း မထိခိုက်အောင် အဝတ်လျှော်ခြင်း၊ ပန်းကန်ဆေးခြင်းစသော သန့်ရှင်းရေး ပြုလုပ်ရာတွင် လက်အိတ်သုံးပါ။ လက်နှင့် လက်သည်းများကို ရေ၊ ဆပ်ပြာ ကြာကြာမစိမ်ပါနှင့်။ ခြောက်သွေ့ရန်ဂရုစိုက်ပါ။ မိမိလက်သည်း၊ ခြေသည်းများကို ပုံမှန်စစ်ဆေးပါ။ ရေဓာတ်ဖြည့်၊ အဆီဓာတ်ဖြည့် ကရင်မ်များကို ပုံမှန်စစ်ဆေးပါ။ ရေဓာတ်ဖြည့်၊ အဆီဓာတ်ဖြည့် ကရင်မ်များ ပုံမှန်လိမ်းပါ။ လက်သည်းဆိုးဆေး ဆိုးထားသော လက်သည်းများကို မကိုက်ပါနှင့်။ လက်သည်းမခြောက်မီ စားစရာများ မကိုင်ပါနှင့်။ လက်သည်း၊ ခြေသည်းများအား ထိုးကော်ခြင်း၊ ဒဏ်ရာဖြစ်စေခြင်းများ ရှောင်ပါ။ လက်သည်း အရောင်ပြောင်းလဲခြင်း၊ လက်သည်းကြွပ်ဆတ်ခြင်း၊ လက်သည်းပုံပျက်ခြင်း၊ လက်သည်းဘေး အရေပြားရောင်ရမ်နီမြန်းခြင်းနှင့် လက်သည်းသုံးပစ္စည်းများ ရှောင်ပြီးသော်မှ ရောဂါလက္ခဏာ ဆက်ရှိနေခြင်းတို့ ဖြစ်ပါသည်။
Credit: ပါမောက္ခဒေါက်တာ မြတ်စန္ဒာကျော်
(အရေပြားအထူးကု အတိုင်ပင်ခံဆရာဝန်ကြီး)
Dr. Charm