ဆေးလိပ်သောက်ခြင်းဖြင့် ထိခိုက်ပျက်စီးနိုင်သော အင်္ဂါအစိတ်အပိုင်းများ
24-Nov-2017ဆေးလိပ်သောက်ရင် အဆိုးဆုံး အဆုတ်ကင်ဆာ၊ ခံတွင်းကင်ဆာ စသည်ဖြင့် ဖြစ်နိုင်တာကိုတော့ ဖတ်ဖူး၊ ကြားဖူးကြပြီး ဖြစ်မယ်ထင်ပါတယ်။ တိုက်ရိုက်ရောဂါဖြစ်စေသလို အခြားရောဂါတွေကိုလည်း အားပေးကူညီဆိုးဝါးသွားစေ တတ်ပါသေးတယ်။
အဆစအမြစ််ရောဂါ
အဆစ်အမြစ်ရောဂါများအနက် လက်ဆစ်တွေကြီးပြီး နာနေသူတွေ တွေ့ဖူးကြပါလိမ့်မယ်။ RHEUMATOID ARTHRITIS လို့ခေါ်တဲ့ ရောဂါပါ။ ဆေးလိပ်သောက်သူတွေ ဒီရောဂါရနိုင်ခြေ ပိုများတတ်ပါတယ်။
အရေပြားရောဂါ
ဆေးလိပ်သောက်သူတွေမှာ တော့ အရေပြားကျန်းမာရေးဟာ ပုံမှန်မဖြစ်နိုင်တော့ဘဲ ဆေးလိပ်ထဲပါတဲ့ အမယ်ပေါင်း လေးထောင်ကျော်ရှိသော ဓာတ်ပစ္စည်းအနက် အချို့ကြောင့် အရေပြားရှိ တွယ်ဆက်အမျှင်၊ ရုန်းကန်အမျှင်တွေ ထိခိုက်ပျက်စီးစေပါတယ်။ အရေပြားရဲ့ အိုမင်းမှုဖြစ်စဉ်ကို လျင်မြန်စေတတ်ပါတယ်။ အသက် ၄၀ အရွယ် ဆေးလိပ်သောက်သူရဲ့ အရေပြား သွင်ပြင်ဟာ ဆေးလိပ်မသောက်တဲ့ အသက် ရ၀ အရွယ်ရှိသူရဲ့ အရေပြားလိုပိုအိုမင်းနေတတ်ပါတယ်။ အခြားအရေပြားရောဂါတွေလည်း ဖြစ်ပွားစေတတ်ပါသေးတယ်။ အရေပြားကင်ဆာဖြစ်နေရင် ဆေးလိပ်ကြောင့် ရောဂါပိုဆိုးစေနိုင်ပါတယ်။
မျက်စိရောဂါ
အမြင်အာရုံ လုံးဝမတွယ်ကပ်သည့်တိုင် အနှောင့်အယှက်အဖြစ်ဆုံးရောဂါက စူးစိုက်ကြည့်နေရာ တနည်းအားဖြင့် ပြတ်ပြတ်သားသား မြင်ရတဲ့နေရာ ကွက်ပြီး ကွယ်နေတဲ့ရောဂါ MACULAR DEGENERATION ဖြစ်ပါတယ်။ လူတစ်ယောက်ကို ကြည့်လိုက်ရင် သူ့မျက်နှာနေရာ မှောင်နေပါလိမ့်မယ်။ မှောင်နေတဲ့နေရာ ပတ်ပတ်လည်ကိုတော့ မြင်ရပါတယ်။ ဆေးလိပ်သောက်သူတွေမှာ ဒီရောဂါဖြစ်နိုင်ခြေနှစ်ဆမြင့်မားစေနိုင်ပါတယ်။ ဒါတင်မက တဖြည်းဖြည်းမြင်ကွင်းမှာ တိမ်ဖုံးသလို ဝါးလာပြီး နောက်ဆုံးအဖြူချည်းသာ မြင်ရတဲ့ အတွင်းတိမ်ဖြစ်နိုင်ခြေ သာမန်ထက်သုံးဆ မြင့်မားစေနိုင်ပါတယ်။
လိင်အင်္ဂါရောဂါ
ဆေးလိပ်သောက်ခဲ့ရင်တော့ အမျိုးသားတွေမှာ (ERECTILE DYSFUNCTION) ခေါ် ပန်းသေပန်းညှိုးရောဂါ ဖြစ်စေနိုင်ပါတယ်။ ပိုးဆိုးတာက ဝှေးစေ့ကင်ဆာဖြစ်ပွားနိုင်ချေ ပိုများနေတတ်ခြင်း ဖြစ်ပါတယ်။ ဆေးလိပ်သောက်သူ အမျိုးသမီးတွေမှာကျတော့ သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ချေ မြင့်မားတတ်ပါတယ်။ ဆေးလိ်ပ်သောက်သူရဲ့ သွားဖုံးကနေ သွေးထွက်တာ သွားဖုံးနာကျင်တာတွေ ဖြစ်တတ်ပါတယ်။ ဆေးလိပ်သောက်သူ တစ်ယောက်ဖြစ်မယ်ဆိုရင် သွားဖုံးပြဿနာဖြစ်နိုင်ချေ နှစ်ဆမြင့်မားစေပါတယ်။ လေဖြတ်တာကို လူတွေ ကြောက်တတ်ကြပါတယ်။
သွားဖုံးရောဂါ
ဆေးလိပ်သောက်သူတွေရဲ့ သွားဖုံးကနေသွေးထွက်တာ သွားဖုံးနာကျင်တောတွေဖြစ်တတ်ပါတယ် ဆေးလိပ်သောက်သူတစ်ယောက်ဖြစ်မယ်ဆိုရင် သွားဖုံးပြသာနာ ဖြစ်နိုင်ချေနှစ်ဆမြင့်မားစေပါတယ်။
ဦးနှောက်သွေးကြောရောဂါ
များသောအားဖြင့် ဦးနှောက်သွေးကြောပိတ်ဆို့လို့ ဒါမှမဟုတ် သွေးကြောပေါက်သွားလို့ သွေးလေငတ်ပြီး ဦးနှောက်ကလာပ်စည်းတွေ ပျက်စီးတဲ့အတွက် ဦးနှောက်ရဲ့ သက်ဆိုင်ရာ အစိတ်အပိုင်း အလုပ်မလုပ်နိုင်တော့လို့ ဖြစ်ပွားတတ်တာပါ။ မျက်နှာရွဲ့ခြင်းလို သေးငယ်တဲ့ လေဖြတ်မှုမှသည် လုံးဝသတိလစ် မေ့မျောသွားတဲ့အထိ အချို့အသက်ရှူမှု ထိန်းချုပ်အစိတ်အပိုင်း ထိခိုက်မိသူတွေမှာဆို ခဏအတွင်း သေဆုံးတာတွေ ဖြစ်တတ်ပါတယ်။ စာရင်းအတိအကျအရတော့ ဆေးလိပ်သောက်သူတွေမှာ လေဖြတ်နိုင်ခြေ သာမန်ထက် သုံးဆကျော် ပိုများနိုင်တယ်လို့ ဆိုပါတယ်။
အစာအိမ်နှင့် အူလမ်းကြောင်းရောဂါ
အစာအိမ်အနာဖြစ်ခြင်း၊ မုန့်ချိုအိတ်ရောင်ခြင်း၊ အူမအတွင်း အသီးငယ်လေးများ ထွက်ခြင်း (COLON POLYPS) စတဲ့ ရောဂါတွေဟာ ဆေးလိပ်သောက်သူတွေမှာ ပိုအဖြစ်များတတ်ပါတယ်။ အရွယ်ရောက်မှ ဖြစ်ပွားတတ်သော ဆီးချိုရောဂါ (TYPE 2 DIABETES) ဖြစ်နိုင်ခြေ ၃၅ ရာခိုင်နှုန်း ပိုများစေနိုင်ပါတယ်။
အဆုတ်ရောဂါ
အဆုတ်ကင်ဆာနှင့် ဆေးလိပ်ပတ်သက်နေတာ လူအများစု သိပြီးသား ဖြစ်ပါတယ်။ ၉၀ ရာခိုင်နှုန်းလောက်ကို ပတ်သက်နေတယ်လို့ ဆိုပါတယ်။ ဆေးလိပ်သောက်တဲ့ သူတွေမှာ လှုပ်ရှားတဲ့အခါ မောမောနေတတ်တဲ့ အဆုတ်ရောင်ရောဂါမျိုး (CHRONIC OBSTRUCTIVE PULMONARY DISEASE) ဖြစ်တတ်ပါတယ်။ ဒီရောဂါမှာ လေသန့်လေညစ် ဖလှယ်ပေးတဲ့ လေအိတ်ငယ်များ ပျက်စီးသွားစေတတ်တဲ့အတွက် အသက်ရှူမဝခြင်း မောပန်းခြင်း ဖြစ်လွယ်ပါတယ်။ ရောဂါသိပ်ဆိုးလာတဲ့အခါ ပက်လက်ပင် မအိပ်နိုင်တော့ဘဲ ထိုင်လျက်ရှေ့ဘက် ကိုင်းနေရတတ်တယ်။ တာရှည်ချောင်းဆိုးပြီး ပန်းနာရင်ကျပ်လို အသက်ရှူစဉ် အသံထွက်နေတာမျိုး ဖြစ်တတ်ပါတယ်။
နှလုံးရောဂါ
နှလုံရောဂါ ဖြစ်စေနိုင်တဲ့ အကြောင်းတရားကတော့ အများအပြားရှိပါတယ်။ ဆေးလိပ်သောက်ခြင်းကတော့ အဓိက နေရာမှာပါဝင်ပါတယ်။ ဆေးလိပ်ငွေ့မှာပါတဲ့ ဓာတ်ပစ္စည်းတွေကြောင့် သွေးကြောနံရံတွေ မာကြောလာစေတယ်။ သွေးကြောတွေ ကျဉ်းလာစေတယ်။ သွေးပျစ်စေနိုင်တာကြောင့် သွေးခဲတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒီအခြေခံကနေ နှလုံးရောဂါအထိဖြစ်လာစေမှာ ဖြစ်ပါတယ်။
Credit: ဒေါက်တာမြင့်သန်း (သန္ဓေသား)