Print

အရိုးအဆစ်ရောင်ခြင်း

  12-Dec-2017
Preview Image

ပုံမှန်လူတစ်ယောက်မှာ သိသာထင်ရှားတဲ့ အရိုးပေါင်း ၂၀၆ ခုရှိပါတယ်။ သက်ရှိတွေရဲ့ ရပ်တည်မှုမှာ အရိုးရဲ့ အခန်းကဏ္ဍက အရေးပါတယ်။ ဒီအရိုးတွေကပဲ ခန္ဓာကိုယ်တစ်ခုလုံးကို ထောက်ပ့ံပေးထားတယ်။ ဒီအရိုးတွေကပဲ ခန္ဓာကိုယ်တစ်ခုလုံးကို ထောက်ပ့ံပေးထားတယ်။ အရိုးချင်းတွယ်ဆက်တဲ့နေရာကို အဆစ်လို့ခေါ်ပါတယ်။ လူ့ခန္ဓာကိုယ်မှာ အဆစ်စုစုပေါင်း ၃၆၀ ခန့်ရှိပါတယ်။ အဆစ်သဘောက လှုပ်ရှားမှုကို အဓိကဖြစ်စေတယ်။ နေ့စဉ်လှုပ်ရှားနေတဲ့ အရိုးအဆစ်တွေရဲ့ လုပ်ဆောင်ချက်တွေကို လျှော့မတွက်သင့်ဘူး။ လှုပ်ရှားမှုများလာတာနဲ့အညီ ပျက်စီးမှုလည်းများလာတာ သဘာဝပါ။ ဒါကြောင့်ပဲ အသက်အရွယ်မရွေး အရိုးအဆစ်ရောဂါတွေ အတွေ့များလာတယ်။ လက်ရှိချိန်ထိ အဆစ်ရောင်ရောဂါတွေထဲမှာ အဖြစ်အများဆုံးက Osteoarthitis ခေါ်တဲ့ အဆစ်ရောင်ရောဂါဖြစ်ပါတယ်။ အခေါ်အဝေါ်အရ အရိုးအဆစ်ရောင်ခြင်း Osteoarthitis ဆိုပေမယ့် အဆစ်ရောင်ရမ်းရုံမက ကြာလာတဲ့အခါ ပျက်စီးတဲ့ အခြေအနေမျိုး ဖြစ်လာတယ်။ အချိန်ကြာလေ အဆစ်ပျက်စီးမှု ပိုဆိုးလေဖြစ်လို့ Degenerative Joint Disease လို့ခေါ်ပါတယ်။ တစ်ကမ္ဘာလုံးမှာ လူပေါင်းသန်း ၂၅၀ လောက်ဟာ Osteoarthitis ခေါ် အရိုးအဆစ်ရောင်ရမ်းပျက်စီးတဲ့ ဝေဒနာခံစားကြရပါတယ်။


ဘာကြောင့်ဖြစ်လဲ

- အဆစ်တွေ တဖြည်းဖြည်းအိုမင်းယိုယွင်းလာလို့

- အဆစ်ထိခိုက်ဒဏ်ရာရလို့

- သွားလာ လှုပ်ရှားမှုများကို


Osteoarthitis ဖြစ်ပေါ်လာတဲ့ အဓိကအကြောင်းရင်းက အရိုးနုတွေ ပျက်စီးလာလို့ပါ။ ခန္ဓာကိုယ်ရဲ့ ဖွဲ့စည်းပုံအရ အပေါ်ပိုင်း ဝိတ်များတဲ့အခါ အောက်ပိုင်းမှာ ဖိအားပိုများလာတယ်။ ဒီလို သက်ရောက်မှုက အရိုးထိပ်မှာ ကာကွယ်ပေးတဲ့ အရိုးနုတွေကို ပျက်စီးစေတယ်။ တဖြည်းဖြည်းနဲ့ လုံးပါးပါးပြီး အရိုးချင်းထိခိုက်မိကြတယ်။ ထိခိုက်မှုသဘောကြောင့် ရောင်ရမ်းမှုစတင်လာတယ်။ နာကျင်မှုကိုပါ ခံစားလာရတယ်။ ထိခိုက်မိတဲ့အရိုးနေရာမှာ အစားထိုး အရိုးဆဲလ်သစ် Osteophyte တွေ ဖြစ်လာတယ်။ အတက်တွေ ထွက်လာတာကြောင့် အဆစ်တွေ ပုံမမှန်ဖြစ်လာတယ်။ ဖြစ်တာကြာလာတာနဲ့အမျှ ပုံမှန်လှုပ်ရှားသွားလာမှုကိုပါ ထိခိုက်လာတယ်။ အကြောတင်းတာ၊ အဆစ်နာတာတွေက ဖြည်းဖြည်းချင်း ပိုဆိုးလာတယ်။ ပွတ်တိုက်မှုများတဲ့အခါ ပြုပြင်မှုတွေ မလုံလောက်တော့ဘူး။ အစားထိုးပြုပြင်တဲ့ဖြစ်စဉ် အလျင်မမှီတော့ပဲ ပျက်စီးမှုသာဆက်လက်ဖြစ်လာတော့တယ်။ ကြာတဲ့အခါပုံမှန်လှုပ်ရှားနိုင်စွမ်းမရှိတော့ဘဲ မသန်မစွမ်းဖြစ်လာတယ်။ ကွေးမရ၊ ဆန့်မရတဲ့အခါ နောက်ဆုံးအဆင့် အဆစ်အစားထိုး ကုရတာမျိုးထိ ရှိလာတတ်တယ်။


ဘယ်လိုလူတွေက အဖြစ်များကြလဲ။

 အမျိုးသမီးတွေမှာ အမျိုးသားတွေထက်ပိုတွေ့ရတယ်။ အဆစ်မှာ ထိခိုက်ဒဏ်ရာ ဖြစ်ဖူးသူတွေဟာ Osteoarthitis ပိုဖြစ်နိုင်တယ်။ အဝလွန်ခြင်းက Osteoarthitis ဖြစ်စေတဲ့ အဓိကအကြောင်းအရာမျိုး ဖြစ်ပါတယ်။ မျိုးရိုးနဲ့လည်း သက်ဆိုင်တတ်တယ်။ အသက် ၅၀ ကျော်အရွယ် လူကြီးတွေမှာ အဖြစ်များလို့ လူကြီးရောဂါလို့ သတ်မှတ်ကြပါတယ်။ အသက် ၆၀ ကျော်လာတဲ့အခါ ၈၀ ရာခိုင်နှုန်းခန့်ဟာ အရိုးအဆစ်ရောင်သဘောမျိုး ပိုတွေ့လာရတယ်။ အလုပ်အကိုင်၊ အနေအထိုင်လည်း ဖြစ်စေတဲ့အကြောင်းထဲမှာ ပါဝင်ပါတယ်။  အဆစ်တွေ အလုပ်များရင် အသက်ကြီးတဲ့အခါ Osteoarthitis ပိုဖြစ်နိုင်တယ်။ မွေးရာပါ အရိုးနုပျက်စီးတဲ့ ရောဂါသည်တွေမှာ အရွယ်မတိုင်ခင်ကလည်း ဖြစ်နိုင်တယ်။ သမိုင်းအထောက်အထားအရ လူတွေတင်မက ဒိုင်နိုဆောတွေမှာလည်း အရိုးအဆသ်ရောင်ပျက်စီးတဲ့ သဘောမျိုးကို လေ့လာတွေ့ရှိခဲ့ရတယ်။ 


ဘယ်နေရာတွေမှာ အဖြစ်များလဲ

 Osteoarthitis လို အဆစ်ရောင်ရောဂါမျိုးဟာ နေရာမရွေးဖြစ်နိုင်တယ်။ ၈၀ ရာခိုင်နှုန်းဟာ ခန္ဓာကိုယ်ရဲ့ ဖိအားဒဏ် အခံရဆုံးဖြစ်တဲ့ ဒူးဆစ်၊ ပေါင်ဆစ်စတဲ့ နေရာတွေဖြစ်ကြတယ်။ အဖြစ်များဆုံးနေရာက ဒူးဆစ်ဖြစ်ပါတယ်။ နှစ်ဖက်လုံးမှာ ပြိုင်တူဖြစ်ကြတယ်။ ပေါင်ခြံမှာ Hip Joint မှာဖြစ်ရင် ပေါင်ရဲ့အရှေ့ခြမ်းနဲ့ ဘေးခြမ်းမှာ တင်းပြီးနာနိုင်တယ်။ နာကျင်မှုကို ပေါင်ခြံထဲက တစ်ဆင့် ခံစားရတယ်။ လည်ပင်း၊ ခြေ၊ လက်၊ ကျောရိုးဆစ် စတဲ့ နေရာတွေမှာလည်း ဖြစ်နိုင်တယ်။ မနက်အိပ်ရာထဖြစ်တဲ့ အဆစ်မှာ တင်းနေတတ်တယ်။ တင်းပြီးနောက်ပိုင်းမှာ လှုပ်ရှားမှုမရှိတဲ့အခါ ထိုင်နေရင်းနဲ့ကို နာနေတတ်တယ်။ နာကျင်မှုနဲ့ ရောင်ရမ်းမှုက အဆစ်တွေရဲ့ လှုပ်ရှားနိုင်စွမ်းကို ကန့်သတ်ပေးတယ်။ လှုပ်ရှားတဲ့အခါ အသံမြည်လာတတ်တယ်။ လှုပ်ရှားမှုနည်းတဲ့အခါ အဆစ်ကိုထောက်ပ့ံပေးတဲ့ ကြွက်သားတွေ အားနည်းလာတယ်။ အလားတူ လှုပ်ရှားမှုမရှိတဲ့ ခန္ဓာကိုယ်မှာ အဆီတက်လာပြန်တယ်။ တဖြည်းဖြည်း ဝလာတာကြောင့် အဆစ်ပေါ်ဖိအားပိုများ လာသလို အခြေအနေ ပိုဆိုးလာတယ်။ ကြာလာရင် အဆစ်နေရာမှာ ပုံပျက်ပန်းပျက် ဖြစ်လာတယ်။ နောက်ပိုင်းမှာ ရောဂါလက္ခဏာဟာ သက်သာမလာဘဲ ပိုဆိုးလာတော့တယ်။


ဘယ်လိုသိရှိနိုင်လဲ။

 အသက်အရွယ်၊ ရောဂါလက္ခဏာ၊ အဆစ်အနေအထား၊ စမ်းသပ်စစ်ဆေးမှုတွေက သိရှိနိုင်တယ်။ ဓာတ်မှန်ရိုက်ကြည့်ရင် အဆစ်နေရာကျဉ်းတာ၊ အရိုးမျက်နှာပြင်ထူတာ၊ ပုံမမှန်တာမျိုး တွေ့ရတတ်တယ်။ လိုအပ်ရင် တခြားစစ်ဆေးမှုတွေ (သွေး၊ ဆီး၊ ဓာတ်မှန်အကြီးစား) ရိုက်တာ လုပ်ရနိုင်တယ်။ Osteoarthitis ဖြစ်လာခဲ့ရင် စိတ်အားမငယ်အောင် အားပေးသင့်တယ်။ အားပေးရုံတင်မက လေ့ကျင့်ခန်းလုပ်နိုင်ဖို့ ကူညီပေးရတယ်။ အဝလွန်သူဖြစ်တဲ့ တက်နေတဲ ဝိတ်ကို အရင်ချပေးရတယ်။ ကြွက်သားတွေ သန်မာစေဖို့ အကြောလျှော့ လေ့ကျင့်ခန်း နေ့စဉ်လုပ်ပေးသင့်တယ်။ အရိုးအဆစ်မှာ ဖိအားကင်းကင်းနဲ့ လှုပ်ရှားတဲ့ လေ့ကျင့်ခန်းဖြစ်ဖို့ လိုအပ်ပါတယ်။ အသင့်တော်ဆုံး လေ့ကျင့်ခန်းက ရေကူးတာ၊ စက်ဘီးစီးတာမျိုး ဖြစ်ပါတယ်။ နာကျင်မှု သက်သာစေဖို့ အကိုက်အခဲပျောက်ဆေး တစ်မျိုးမျိုးနဲ့ ထည့်သောက်ပေးရတယ်။ 


သောက်ဆေးတင်မက လိမ်းဆေးပေးဖို့ ညွှန်းလာကြတယ်။ ဒူးခေါင်းနဲ့ လက်ချောင်းတွေမှာဖြစ်ရင် လိမ်းဆေးက ပိုမိုသင့်တော်တာ တွေ့ရတယ်။ Capsaicin ၊ Salicylate Menthol ပါတဲ့ အပူဓာတ် လိမ်းဆေးမျိုး လိမ်းပေးနိုင်တယ်။ အပူဆေးတွေ မခံနိုင်ရင် အအေးဓာတ် လိမ်းဆေးတွေ လိုအပ်သလို သုံးစွဲနိုင်သည်။ ဒီဘက်ခေတ်တွေမှာ အသုံးများတဲ့ ဆေးတစ်မျိုးက Glicosamine နဲ့ Chondroitin ပါတဲ့ အရိုးနု၊ အဆစ်အားဖြည့်ဆေးမျိုး ဖြစ်ပါတယ်။ ငါးရိုးခွံက ထုတ်တာကြောင့် အရိုးနုသစ်ဖြစ်ပေါ်စေတယ်။ အဆစ်ရည်ကို အားဖြည့်ပေးတယ်။ လေ့လာမှုတွေအရ လူနာတွေရဲ့ သုံးပုံတစ်ပုံမှာ အကျိုးရှိတာတွေ့ရတယ်။ ဆေးပေးပြီး ခြောက်လကျော်ထိ ထူးခြားမှုမရှိရင် ပြန်ုဖြတ်နိုင်တယ်။ နောက်ပိုင်းမှာ အဆစ်အားဖြည့်ဆေးတွေပါ ထုတ်လာကြတယ်။ လိမ်းဆေး၊ သောက်ဆေး၊ မသက်သာသေးရင် အရောင်ကျဆေး အဆစ်ထဲစတီးရွိုက်ဆေး ထိုးထည့်နိုင်တယ်။ တစ်နှစ်ကို လေးကြိမ်ထက် ပိုမထိုးသင့်ဘူး။ အဆစ်ရည် အားဖြည့်ဖို့အတွက် Hyaluronic Acid ကို အဆစ်ထဲထိုးထည့်ပေးနိုင်တယ်။ အထူးသဖြင့် ဒူးဆစ်၊ ပေါင်ဆစ် အားဖြည့်ချင်တဲ့အခါမှာ အသုံးပြုကြတယ်။ နောက်ဆုံး မသက်သာရင် အဆစ်အစားထိုး ကုသမှုမျိုး လုပ်နိုင်ပါတယ်။ ကုန်ကျစရိတ်ကြီးသလို ကျွမ်းကျင်မှုလည်း လိုအပ်ပါတယ်။ လေ့လာမှုတွေအရ အမေရိကားမှာ အဆစ်အစားထိုးကုသမှုအများစုဟာ Osteoarthitis ရောဂါကြောင့် ဖြစ်ပါတယ်။


ကာကွယ်ခြင်း

• ကိုယ်အလေးချိန်တတ်နိုင်သမျှ လျှော့ချပါ။

• အစားအသောက် သင့်တင့်မျှတရုံသာစားပေးပါ။

• လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပေးသင့်တယ်။ အဆစ်အပေါ်မှာ ဖိအားကင်းတဲ့ လေ့ကျင့်ခန်း ဖြစ်ဖို့လည်း လိုအပ်ပါတယ်။ 

• လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်တာမျိုး ရှောင်ကြဉ်သင့်တယ်။ 

• ခပ်ပျော့ပျော့၊ ဝိတ်ထိန်းနိုင်တဲ့ ဖိနပ်မျိုးစီးပေးပါ။

• အဆစ်နေရာကို ထိခိုက်ဒဏ်ရာမရအောင် ဂရုစိုက်ပါ။

• မိဘမျိုးရိုးရှိရင် သတိပိုထားသင့်တယ်။ 

• သွေးဆုံးပြီး အမျိုးသမီးတွေ အဆစ်အားဖြည့်ဆေး ကြိုသောက်ထားသင့်တယ်။

• ဒီလို အဆစ်ရောဂါမျိုးမှာ ကာကွယ်ခြင်းကို ပိုမို အလေးထားလုပ်ဆောင်သင့်ပါတယ်။


Credit: ဒေါက်တာအေးမင်းထူး

Dr. Oliver



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18