ဆီးကျဉ်ခြင်း ဝေဒနာ
29-Sep-2021အသက်အရွယ်မရွေး၊ လူတန်းစားမရွေး၊ ကျားမ မရွေး အဖြစ်အများဆုံး စိတ်ကသိကအောင့်အဖြစ်ရဆုံး ဝေဒနာတစ်ခုကို ပြောပါဆိုရင်တော့ ဆီးကျဉ်ခြင်းဝေဒနာလို့ ပြောရမှာပါပဲ။ အိပ်ရာထဲ လဲနေရလောက်အောင် ပြင်းပြင်းထန်ထန်ခံစားရတာမျိုးလည်းမဟုတ်ဘဲ နေ့စဉ် ပုံမှန်လုပ်ငန်းဆောင်တာတွေ ကောင်းကောင်းလုပ်နေနိုင်ရင်းကပဲ ဆီးသွားချိန်တိုင်း မသက်မသာဖြစ်ရလို့ စိတ်အနှောင့်အယှက်တော်တော်ပေးနိုင်တဲ့ ရောဂါလက္ခဏာတစ်ခုဆိုလည်း မမှားပါဘူး။ ဒီလို ပုံမှန်လုပ်ငန်းဆောင်တာတွေ ဟန်မပျက်လုပ်နေနိုင်တဲ့အတွက်ပဲ ဆီးကျဉ်၊ ဆီးအောင့်တဲ့လက္ခဏာကို လျစ်လျူရှုထားတတ်ကြလို့ ဆီးကျဉ်စေတဲ့ နောက်ကွယ်က အရေးကြီးတဲ့ ရောဂါတွေကိုလည်း ထိရောက်တဲ့ကုသမှုမခံယူမိဘဲ အချိန်ကြာကြာမွေးထားသလို ဖြစ်သွားတတ်ကြပါတယ်။ ဒါကြောင့် ဘယ်လိုရောဂါတွေက ဒီဝေဒနာကို ခံစားရစေနိုင်သလဲ၊ ဘယ်လိုအချိန်မှာ ဆရာဝန်နဲ့ တိုင်ပင်ပြသသင့်သလဲ စတဲ့ ဆီးကျဉ်တဲ့ဝေဒနာပိတ်ကားနောက်ကွယ်က ပင်မထောက်ကန်ထားတဲ့အချက်တွေကို သတိပြုစရာအဖြစ် မျှဝေလိုက်ပါတယ်။
(၁) ဆီးလမ်းကြောင်းပိုးဝင်ခြင်း
ဆီးကျဉ်ရခြင်းရဲ့ နံပတ်တစ်အဖြစ်အများဆုံး ဒိတ်ဒိတ်ကြဲတရားခံကတော့ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းပါ။ ဆီးလမ်းကြောင်းလို့ဆိုရာမှာ ဆီးစွန့်ပြွန်ကစလို့ ဆီးအိမ်၊ ဆီးပို့ပြွန်ကနေ ကျောက်ကပ်ထိ လမ်းကြောင်းတလျှောက် တစ်နေရာရာမှာ ဘတ်တီးရီးယားပိုးဝင်ပြီး ရောင်ရမ်းခြင်းကို ဆိုလိုတာဖြစ်ပါတယ်။ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ဆီးလမ်းကြောင်း ပိုတိုတဲ့အတွက် အမျိုးသမီးတွေမှာ ဆီးလမ်းကြောင်းပိုးဝင်တာက ပိုအဖြစ်များပါတယ်။ အမျိုးသမီးတွေထဲမှာတောင် ကိုယ်ဝန်ဆောင်တွေ၊ သွေးဆုံးခါနီးအမျိုးသမီးတွေက ပိုအဖြစ်များပါသေးတယ်။ အလေးသွားပြီးတိုင်း စအိုအနီးတဝိုက်ကို သေသေချာချာ သန့်ရှင်းရေးပြန်လုပ်တာ၊ အများသုံးဗိုလ်ထိုင်တွေသုံးတဲ့အခါ ထိုင်တဲ့နေရာကို တစ်ရှူးနဲ့ သုတ်ပြီးမှ ထိုင်တာ၊ အနည်ပါတဲ့ အိမ်သာရေတွေကို မသုံးတာ၊ အကာအကွယ်သုံးပြီးလိင်ဆက်ဆံတာ စတဲ့နည်းတွေနဲ့ ဆီးလမ်းကြောင်းပိုးမဝင်ရအောင် ကာကွယ်နိုင်ပါတယ်။
(၂) ဆီးလမ်းကြောင်း ကျောက်တည်ခြင်း
အထက်ပါ ဆီးလမ်းကြောင်းတလျှောက်မှာ ဆီးကျောက်တည်ရင်လည်း ဆီးလမ်းကြောင်းပိုးဝင်တဲ့ လက္ခဏာတွေကို ခဏခဏ ခံစားရတတ်ပါတယ်။ ရေသောက်နည်းတာ၊ energy drink တွေအသောက်များတာ၊ readymade အစားအစာတွေ အစားများတာ၊ ဓာတုပစ္စည်းဆိုးဆေးတွေပါတဲ့ အစားအစာတွေ အစားများတာ၊ သောက်ရေမသန့်တာ၊ အားဆေးတွေကို ဆရာဝန်မညွှန်ကြားဘဲ လိုအပ်တဲ့ပမာဏထက် အများကြီးပိုသောက်တာ စတဲ့အချက်တွေက ဆီးကျောက်တည်ဖို့ ရာခိုင်နှုန်းများစေနိုင်ပါတယ်။
(၃) ဆီးကျိတ်ရောင်ခြင်း
အမျိုးသားတွေရဲ့ ဆီးအိမ်နဲ့ ဆီးစွန့်ပြွန်စပ်ကြားမှာရှိတဲ့ ဆီးကျိတ်ရောင်တဲ့အခါမှာလည်း ဆီးကျဉ်တဲ့လက္ခဏာကို ခံစားရတတ်ပါတယ်။ ဆီးကျိတ်ရောင်ရင်တော့ ဆီးကျဉ်တာတင်မကဘဲ ဆီးသွားရခက်တာ၊ ဆီးညှစ်သွားရတာ၊ ဆီးတစက်တစက်ကျနေတာ စတဲ့ လက္ခဏာတွေကိုလည်း ခံစားရတတ်ပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်ရာမှ တဆင့်လည်း ဆီးကျိတ်ရောင်တတ်ပြီး အသက်အရွယ်ကြီးလို့ဖြစ်တဲ့ ဆီးကျိတ်ကြီးတာ၊ ဆီးကျိတ်ကင်ဆာဖြစ်တာ စတဲ့ တခြားသော ဆီးကျိတ်ရောဂါတွေကြောင့်လည်း ဆီးကျဉ်လက္ခဏာပြတတ်ပါတယ်။
(၄) မိန်းမကိုယ်ပိုးဝင်ခြင်း
မိန်းမကိုယ်နဲ့ဆီးလမ်းကြောင်းဟာ ကပ်နေတာဖြစ်တဲ့အတွက် မိန်းမကိုယ်ကနေ အနံ့မကောင်းတဲ့ အရည်များဆင်းခြင်း၊ ယားယံခြင်း၊ ဒိန်ချဉ်ဖတ်လို အဖြူအဖတ်ဖတ်များဆင်းခြင်း စတဲ့ မိန်းမကိုယ်ပိုးဝင်တဲ့ လက္ခဏာတွေဖြစ်နေတဲ့အချိန်မှာလည်း ဆီးကျဉ်၊ ဆီးအောင့်တဲ့ လက္ခဏာများပါ တွဲခံစားရနိုင်ပါတယ်။ အရှိန်အရမ်းပြင်းတဲ့ အိမ်သာရေပိုက်တွေမသုံးတာ၊ အမွှေးနံ့ပါတဲ့ မိန်းမကိုယ်သန့်စင်ဆေးတွေမသုံးတာ၊ ရာသီလာချိန်မှာ သန့်ရှင်းရေးကို အထူးဂရုစိုက်ပေးပြီး လစဉ်သုံးပစ္စည်းများကို သုံးနာရီတခါလောက် လဲလှယ်ပေးတာ၊ စိုထိုင်းပြီး ညစ်ပေနေတဲ့ အတွင်းခံများကို မဝတ်တာ၊ ဆရာဝန်မညွှန်ကြားဘဲ စပ်ဆေး၊ ပိုးသတ်ဆေး အလွယ်တကူဝယ်မသောက်တာ စတဲ့အချက်တွေကို လိုက်နာပေးခြင်းအားဖြင့် မိန်းမကိုယ်ပိုးမဝင်အောင် ကာကွယ်ပေးနိုင်ပါတယ်။
(၅) လိင်မှတဆင့် ကူးစက်တတ်သော ရောဂါများ
လိင်အင်္ဂါရေယုန်၊ ကာလသားရောဂါ၊ ဆစ်ဖလစ် အစရှိတဲ့ လိင်မှတဆင့် ကူးစက်ခံရတဲ့ရောဂါများရှိရင်လည်း ဆီးကျဉ်၊ ဆီးအောင့်တဲ့ဝေဒနာကို ခံစားရတတ်ပါတယ်။ ဒါကြောင့် လိင်ဆက်ဆံဖော်များတဲ့သူတွေမှာ ဒါမှမဟုတ် ဒီလိုရောဂါတစ်ခုခုဖြစ်နေတဲ့ ကိုယ့်အဖော်နဲ့ လိင်ဆက်ဆံတဲ့အခါ အကာအကွယ်သုံးပေးခြင်းဖြင့် ကိုယ့်ကိုမကူးစက်အောင်၊ ကိုယ်မှတဆင့် တခြားသူကို မကူးစက်အောင် ကာကွယ်လို့ရပါတယ်။
(၆) ဆီးစွန့်ပြွန်ကျဉ်းခြင်း
မွေးရာပါ ဆီးစွန့်ပြွန်ကျဉ်းနေဖို့ကတော့ တော်တော်ရာခိုင်နှုန်းနည်းပါတယ်။ အဖြစ်များကြတဲ့ ပုံစံကတော့ ရောဂါတစ်ခုခုကြောင့် ကြိမ်ဖန်များစွာ ဆီးလမ်းကြောင်းမှန်ပြောင်းကြည့်ရတာ၊ ဆီးပိုက်ကြာရှည်ထည့်ထားရတာ၊ ဆီးစွန့်ပြွန်တဝိုက်မှာ ထိခိုက်ဒဏ်ရာဖြစ်ဖူးတာ၊ ဆီးစွန့်ပြွန်နဲ့ ဆီးကျိတ်မှာ ကင်ဆာ ဖြစ်တာ၊ ကင်ဆာကြောင့် ဓာတ်ကင်ကုသမှုခံယူဖူးတာ စတာတွေကြောင့် ဆီးစွန့်ပြွန်ကျဉ်းသွားရာကတဆင့်လည်း ဆီးကျဉ်တတ်ပါတယ်။
(၇) ဆေးများ
ကင်ဆာရောဂါတချို့အတွက် သောက်ရတဲ့ ဆေးတချို့ရဲ့ ဘေးထွက်ဆိုးကျိုးကြောင့်လည်း ဆီးကျဉ်တတ်ပါတယ်။ ဆေးတခုခုကို ရေရှည်စွဲသောက်နေတာမျိုးရှိရင် ဆေးရဲ့ ဘေးထွက်ဆိုးကျိုးကြောင့် ဆီးကျဉ်ရခြင်း ဟုတ်မဟုတ်ကို ဆရာဝန်နဲ့ ဆွေးနွေးအတည်ပြုဖို့တော့ လိုပါတယ်။
များသောအားဖြင့် ဆီးကျဉ်တဲ့လက္ခဏာစခံစားလာရတဲ့အခါ ရေများများသောက်ရင်းနဲ့ပဲ ပြန်သက်သာသွားတတ်ကြပါတယ်။ ဒါပေမယ့်
- ဘယ်လိုပဲရေများများသောက်သောက် ဆီးအောင့်တာ မသက်သာတဲ့အခါ၊ သက်သာပေမယ့်လည်း ခဏခဏပြန်ပြန်ဖြစ်နေတာ
- မိန်းမကိုယ် သို့မဟုတ် အမျိုးသားအင်္ဂါက အနံ့မကောင်းတဲ့ အရည်တွေထွက်တဲ့အခါ
- ဆီးက ခပ်နောက်နောက်ဖြစ်လာပြီး သွေးပါလာတဲ့အခါ
- ဆီးကျဉ်တာနဲ့အတူ ဖျားတာ
- နောက်ကျောအောင့်တာ၊ ခါးဘေးဘက်တွေကိုက်ကိုက်လာတာ
- ဆီးထဲမှာ ကျောက်မှုန်လေးတွေကျလာတာ
- ကိုယ်ဝန်ဆောင်စဉ် ဆီးကျဉ်တဲ့လက္ခဏာခံစားရတာ
စတဲ့ အချက်တွေပါ ဖြစ်လာတယ်ဆိုရင်တော့ ရေများများသောက်နေရုံနဲ့ သက်သာသွားမှာမဟုတ်တဲ့အပြင် နောက်ကွယ်ကအရေးကြီးတဲ့ ရောဂါတွေကို လျစ်လျူရှုမိနိုင်တဲ့အတွက် ဆရာဝန်ထံမှာ သေချာစွာ စစ်ဆေး ကုသမှု ခံယူသင့်ပါတယ်။ ဒီလိုမှ မဟုတ်ဘဲ သင့်လျော်တဲ့ ဆေးကုသမှု မခံယူဖြစ်ဘဲ ကြာရှည်လာတဲ့အခါမှာ ဆီးကောင်းကောင်းမစွန့်ထုတ်နိုင်တဲ့အတွက် ဆီးနဲ့အတူပါသွားရမယ့် ခန္ဓာကိုယ်က မလိုအပ်တဲ့ အဆိပ်ဓာတ်တွေ ကျောက်ကပ်မှာ ပုံလာပြီး ကျောက်ကပ်ပျက်တဲ့အထိ ကြီးမားတဲ့ ဆိုးကျိုးကို ခံစားရနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်တွေမှာဆိုရင်တော့ ကြာရှည်ဆီးပိုးဝင်တဲ့ကိစ္စဟာ သန္ဓေသားကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါသေးတယ်။
ဒီလောက်ဆိုရင်တော့ ဆီးကျဉ်တာနဲ့ ပတ်သက်တာလေးတွေကို အကြမ်းဖျင်းသိလောက်ပြီ ထင်ပါတယ်။ စာဖတ်သူအားလုံး ဆီးနဲ့ ပတ်သက်တဲ့ ရောဂါဝေဒနာခံစားရခြင်းမှ ကင်းဝေးကြပါစေလို့ ဆုတောင်းလိုက်ရပါတယ်။
ဒေါက်တာ ခိုင်ဇာသွယ်